ဆောင်းပါး

PDF ထောက်ပို့လုပ်ငန်းနှင့် ရိက္ခာခြောက်

ကရင်ပြည်နယ်အတွင်း ရှေးတန်းတစ်နေရာတွင် စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နေသူတစ်ဦးက ဗိုက်ဆာလျှင် အိတ်ထဲမှ ရိက္ခာခြောက်ကို ထုတ်ပြီး စားလိုက်သည်။

ရဲဘော် ၅၁ ဟု အမည်ဝှက်ပေးထားသော ထိုစစ်သည်က ဗုံးတပ်ဒရုန်းသုံးစွဲပြီး တိုက်ပွဲဝင်နေသည့် Federal Wings တပ်ဖွဲ့မှ ဖြစ်ပြီး ရန်သူစခန်းနှင့် နီးသည့်နေရာတွင် မီးဖိုရန် အခြေအနေမပေးပေ။

“ရန်သူနဲ့လည်း ၁ ကီလိုမီတာ၊ ၂ ကီလိုမီတာပဲ ဝေးတော့ ချက်ပြုတ်စားသောက်ဖို့က အဆင်မပြေဘူး” ဟု ရဲဘော် ၅၁ က ပြောသည်။

သူ၏ရိက္ခာခြောက်မှာ ကြက်သားကို ဆား၊ ချင်းတို့နှင့် ပေါင်းပြီးနောက် အခြောက်ခံကာ အိပ်သွပ် ထုပ်ပိုးထားခြင်းပင်။

“အသင့်စားသောက်ကုန်တွေက သယ်ယူရလွယ်တယ်ဗျာ။ ထုတ်ပိုးမှုပုံစံကလည်း ကောင်းတယ်။ ရေနဲ့ မျှောချပြီး စားလိုက်ရင် အဆင်ပြေတယ်” ဟု ထိုရဲဘော်က ဆိုသည်။

လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသူတို့အတွက် လက်နက်ခဲယမ်း အရေးကြီးသကဲ့သို့  သင့်လျော်သည့် စားနပ်ရိက္ခာကလည်း မရှိမဖြစ် လိုအပ်နေရာ ထိုအချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ထောက်ပို့လုပ်ငန်းမှာ လွန်စွာ အရေးပါနေသည်။

ရိက္ခာခြောက် ထုတ်လုပ်ရေး

ကြက်သား၊ အမဲသားတို့ကို အသင့်စားသုံးနိုင်စေရန် စီမံချက်ပြုတ်ပြီး ရှေ့တန်းစစ်မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ပေးပို့သည့် လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူတစ်ဦးမှာ ရှမ်းပြည်နယ်၊ ကလောမြို့မှ ကိုအောင်ရဲပြည့် ဖြစ်သည်။ 

အသားကို Pressure Cooker ခေါ် လေလုံပေါင်းအိုးနှင့် ပေါင်းပြီး အခြောက်ခံထားခြင်း ဖြစ်သောကြောင့် ရိက္ခာထုပ်ကို ဖောက်ပြီး အသင့်စားသုံးနိုင်သည့်အဆင့်ဖြစ်ရန် စီမံထားသည်ဟု သိရသည်။

လတ်တလောတွင် ကုန်ကျစရိတ် သက်သာရေး၊ သန့်ရှင်းရေးတို့ကို ဦးစားပေးထားသည့် ရိက္ခာခြောက်ကို လေစုပ်အိတ်ပိတ်စက်သုံးပြီး ထုပ်ပိုးထားသည်။

ရှေ့တန်းသို့ ပို့မည့် အသားခြောက် (ဓာတ်ပုံ – ကိုအောင်ရဲပြည့်)

အသားခြောက်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆  နယ်မြေရှိ ကော်ဘရာစစ်ကြောင်း၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ၏ တပ်ရင်းတစ်ခု၊ ပဒေသာပင်အဖွဲ့တို့ကို ထောက်ပံ့ပေးနေသည်ဟု ကိုအောင်ရဲပြည့်  က ပြောသည်။

“သူတို့ စားရတာ အဆင်ပြေတယ်။ အချိန်မကုန်တော့ဘူး။ နောက်ပြီး အရင်လို အသားချို့တဲ့တာ မဖြစ်တော့ဘူးဆိုပြီး ကြားရတယ်” ဟု Ride Behind Kalaw ခရီးသွားလုပ်ငန်းကို တည်ထောင်ခဲ့သူ ထိုလူငယ်က ဆိုသည်။

ရိက္ခာကူညီသည့် အစီအစဉ်ကို စက်တင်ဘာလတွင် အစပြုခဲ့ခြင်း ဖြစ်ပြီး တစ်လအတွင်း ရဲဘော် အယောက် ၅၀၀၀ အတွက် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများ၊ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် အနားယူနေရသည့် PDF တပ်ဖွဲ့ဝင်များက သူ၏လုပ်ငန်းတွင် လုပ်အားပေးနေသည်ဟု သူက ပြောသည်။ 

“ဒီလုပ်ငန်းက လူအင်အားတော်တော်ကုန်တဲ့ လုပ်ငန်းဗျ။  သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ သူတို့ ကူညီလုပ်ပေးကြတယ်။ ကူညီမယ်၊ ထောက်ပံ့မယ်ဆိုတဲ့ သဘောနဲ့ လာလုပ်နေကြတာ။ ညနေဆို ပြန်သွားတယ်၊ မနက်ဆို ပြန်လာတယ်။ ဒီတိုင်းပဲ လည်နေတာ။ တစ်ပတ်ကို တစ်ရက်နားတယ်” ဟု သူက ဆိုသည်။

“သူတို့ အသားမစားရတာ ကြာပြီ။ အစားအစာချို့တဲ့တယ်။ ဒါမျိုးတွေ အများကြီး အမြဲတမ်း ကြားနေတော့ ဒီအတွက်ကို ဘာကူနိုင်မလဲ စဉ်းစားတဲ့အခါကြတော့ စာတွေဖတ်လုပ်ရင်းကနေ ကြာကြာခံမဲ့ အစားအစာ ဘာလုပ်မလဲဆိုတော့ အသားခြောက်လုပ်မယ်။ အမြန်ဆုံးနဲ့ ကြာရှည်အခံဆုံးထားလို့ရမယ်။ စမ်းကြည့်မယ်ဆိုပြီး ဒါကို စဖြစ်တဲ့သဘောပါ”  

တော်လှန်ရေးအဖွဲ့များကို ဝိုင်းဝန်း ထောက်ပံ့ကူညီနိုင်ရန်အတွက် ရိက္ခာခြောက် ထုတ်လုပ်သည့် နည်းပညာကိုလည်း သူက မျှဝေနေသည်။

ရှေ့တန်းသို့ ပို့မည့် အသားခြောက် (ဓာတ်ပုံ – ကိုအောင်ရဲပြည့်)

ထောက်ပို့သမား ဖြစ်လာခြင်း

ကိုအောင်ရဲပြည့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် မဲဆွယ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့သလို ရွေးကောက်ပွဲအပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတစ်ဦးလည်း ဖြစ်လာသည်။

ကိုအောင်ရဲပြည့်ကို ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်ထားကြောင်း ရုပ်မြင်သံကြားကတစ်ဆင့် ကြေညာခဲ့သည့် စစ်ကောင်စီက သူပိုင်ဆိုင်သည့် နေအိမ်၊ လုပ်ငန်းတချို့ကို သိမ်းဆည်းခဲ့သည်။ သူ၏ အဆောက်အအုံနှင့် လုပ်ငန်းတချို့တို့လည်း မီးရှို့ဖျက်ဆီးခံထားရသည်။

အမှုဖွင့်ခံထားရသူတစ်ဦး၏ ပိုင်ဆိုင်မှုများ ထိုသို့ ဖြစ်ပျက်သွားရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

ထိုသို့ အကြမ်းဖက်မှုနှင့် ကြုံနေရသည့် ကိုအောင်ရဲပြည့်သည် အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားမည့် လက်နက်ကိုင်တော်လှန်ရေးတွင် အရေးပါသည့် ထောက်ပို့လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်လာသည်။

“လိုအပ်တာတွေက အများကြီးဖြစ်မှာပဲ၊ ဒါပေမဲ့ တော်လှန်ရေးထဲမှာ ကိုယ်လုပ်နိုင်တာ ဘာလဲဆိုတာ ကြည့်ပြီး စဉ်းစားကြတာပေါ့” ဟု ကိုအောင်ရဲပြည့်က ဆိုသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းရာမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး ၂ နှစ် ပြည့်တော့မည့် အချိန်တွင် ခုခံစစ်က ဆက်လက် ကြီးထွားလာနေပြီး ထောက်ပို့လုပ်ငန်းသည် အရေးကြီးသည့် ကဏ္ဍ ဖြစ်လာသည်။

စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲဝင်ရန် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် လူငယ်များကို ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။

ပြည်သူများ၏ အခွန်ငွေ၊ နိုင်ငံ၏ အရင်းအမြစ်တို့ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီက ထောက်ပို့လုပ်ငန်းကို ယခင်အတိုင်း အရှိန်မပျက် လုပ်ဆောင်နေသလို စစ်ကောင်စီတပ်သားတို့ကလည်း ပြည်သူတို့၏ ရိက္ခာ၊ ငွေကြေး၊ အသုံးအဆောင်၊ ပစ္စည်း လုယူ ခိုးယူနေခြင်းမှာ ဒေသအသီးသီးတွင် နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည်။

ပြည်သူများထံမှ အလှူခံရပ်တည်သည့် တော်လှန်ရေးအဖွဲ့များမှာ အကူအညီလိုအပ်ချက် ကြီးမားနေဆဲ ဖြစ်သည်။  

နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တော်လှန်နေကြရာ PDF တွင် တပ်ရင်းပေါင်း ၂၅၀ ကျော် ရှိလာသည်၊ ဒေသကာကွယ်ရေး တပ်ဖွဲ့အရေအတွက်လည်း ၄၀၀ ကျော်လာပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တော်လှန်ရေးသမား ရိက္ခာ

ရှေ့တန်းဒေသသို့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပုံမှန် ရောက်ရှိသည်ဟု ကရင်ပြည်နယ်တွင် တာဝန်ကျသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲမရှိ၊ ရန်သူစခန်းနှင့် ဝေးကွာသည့် အခြေအနေတွင် ချက်ပြုတ်စားသောက်နိုင်သည်၊ တောအရပ်တွင် အလွယ်တကူ ရရှိနိုင်သော အသီးအရွက်များကိုလည်း ရိက္ခာအတွက် အားထားရသည်ဟု ဆိုသည်။

“အပေါဆုံးက ငှက်ပျောအူတို့၊ မျှစ်တို့။ ငှက်ပျောပင်တွေက အပေါဆုံးပါ။ ငှက်ပျောပင်တွေ၊ ငှက်ပျောဖူးတွေ တစ်ခါတလေ သုပ်စားတယ်၊ ပြုတ်တယ်၊ ဟင်းချိုလုပ်ရင် လုပ်တယ်” ဟု ထိုရဲဘော်က ဆိုသည်။ 

အသားခြောက်များရောက်လာသဖြင့် အစားအသောက် ပိုမို အဆင်ပြေသွားသည်ဟု သူက ပြောသည်။

“အသားမစားရတာလည်း ကြာသွားပြီ။  အသားခြောက်တွေကို ထမင်းနဲ့ စားတယ်၊ ရေနွေးလေး ပြန်ဖျော်ပြီးတော့ ပြန်ကြော်ရင် ကြော်တယ်၊ သုပ်စားရင် စားတယ်၊ အမျိုးမျိုးလုပ်စားလိုက်လို့ရတယ်” ဟု သူက ရှင်းပြသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – People’s Defence Force – Kalay

နိုင်ငံတကာစစ်တပ်များတွင် ရှေ့တန်းထွက်သူများအတွက် ပေးပို့သည့် အသင့်စားရိက္ခာမှာ လွန်စွာ အမည်စုံလှသော်လည်း ယခုမှ တည်ထောင်လိုက်သော PDF တပ်အတွက် ထောက်ပို့လုပ်ငန်းမှ ထွက်ပေါ်လာသော အသင့်စားရိက္ခာခြောက်တွင် ဖွယ်ဖွယ်ရာရာ မပါဝင်သေးပေ။

Federal Wings တပ်ဖွဲ့ဝင် ရဲဘော် ၅၁ အတွက်မူ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုလျှင်လည်း စားသုံးနိုင်သည့်၊ လတ်တလော ရရှိနေသည့် စားနပ်ရိက္ခာခြောက်သည် ရှေ့တန်းဒေသအတွက် လွန်စွာ အဆင်ပြေနေသည်။ 

ရှေ့တန်းထွက်သူများသာမက နောက်တန်းတွင်နေသူများလည်း ကူညီဆောင်ရွက်ပေးမှ အောင်မြင်မည့် တော်လှန်ရေးဖြစ်သည်၊ ဝိုင်းဝန်းထောက်ပံ့သူများကို ကျေးဇူးတင်သည်ဟု သူက ဆိုသည်။ 

“ထောက်ပို့တွေ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ သူတို့မရှိဘဲ ကျွန်တော်တို့ မရပ်တည်နိုင်ဘူး” ဟု ရဲဘော် ၅၁ က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button