နိုင်ငံအနှံ့စစ်ပွဲများတွင် အကြီးအကျယ်ရှုံးနိမ့်နေသည့် ရှေ့တန်းရောက်စစ်သားများကို ပံ့ပိုးရန်အတွက်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အရာရှိများက ဝန်ထမ်းများ၊ ကုမ္ပဏီများထံမှ အလှူငွေကောက်ခံနေသည်ဟု စုံစမ်းသိရသည်။
ငွေကြေးကောက်ခံမှုကို ညွှန်မှူးအဆင့်ရှိသူက ဦးဆောင်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စစ်ကောင်စီအဖွဲ့ဝင်များရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ထမ်းတချို့က Myanmar Now ကို ပြောသည်။
ဝန်ထမ်းများ လစာထုတ်သည့်အခါတိုင်း အလှူငွေထည့်ကြရန် ဦးစီးဌာနအလိုက် နှုတ်ဖြင့် အသိပေးထားသည်ဟုလည်း ဝန်ထမ်းတို့က ဆိုသည်။
ငွေကြေးတတ်နိုင်သူ ဝန်ထမ်းများက ကျပ် ၁၀,၀၀၀ ခန့်၊ အများစုက ထောင်ဂဏန်း ထည့်ကြသည်ဟု နေပြည်တော်တွင် တာဝန်ကျသည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့တောင် မလောက်တာ၊ အလှူငွေက အများကြီး ပြန်ထည့်နိုင်မလဲ၊ ၃,၀၀၀ ပဲ ထည့်လိုက်တယ်” ဟု သူက ဆိုသည်။
ပြင်ပကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရသည့် ရုံးတချို့တွင် ဝန်ထမ်းများ ငွေကုန်သက်သာသည်ဟု အခြားဝန်ထမ်းတစ်ဦးက ပြောသည်။
“လစာထုတ်ပြီးချိန် ဝန်ထမ်းတွေက အလှူငွေထည့်ချင်ရင် ထည့်လို့ရတယ်ပြောပြီး ညွှန်မှူးကပဲ သူ့ဘာသာသူ တာဝန်ခံပြီး ကုမ္ပဏီတွေနေ အလှူခံပြီး ထည့်သွားတာ” ဟု သူက ရှင်းပြသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများ ချတ်ပြုတ်ပြီး စားသောက်စရာများကို ရှေ့တန်းရောက် စစ်သားများအတွက် လှူဒါန်းနေသည်ဟု ဩဂုတ်လ ပထမပတ်မှစ၍ ဆက်တိုက်ဖော်ပြလာသည်။
ပြန်ကြားရေးဝန်ကြီးဌာနက အစားအသောက်များ ကျပ်သိန်း ၁,၀၀၀ ဖိုး လှူဒါန်းသည်ဟု ဩဂုတ်လ ၂ ရက်ထုတ် သတင်းစာများတွင် ဖော်ပြသည်။
ဩဂုတ်လ ၃ ရက်ထုတ် သတင်းစာတွင်မူ ပြန်ကြားရေး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဥပဒေရေးရာ၊ ကျန်းမာရေး စသည့် ဝန်ကြီးဌာနများ၊ ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း အစိုးရဖွဲ့တို့က စစ်သားများအတွက် ချက်ပြုတ် ထောက်ပံ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းတို့လှူဒါန်းသည့် ထမင်းဘူးများအတွင်း စစ်သားများကို အားပေးထားသည့်စာများ ထည့်သွင်းထားသည်ဟုလည်း ဆိုသည်။
ဩဂုတ် ၇ ရက်နေ့တွင်လည်း ပြည်ထောင်စုအဆင့် ဌာန ၄ ခု အပါအဝင် ဌာနပေါင်းစုံက စစ်ကောင်စီတပ်သားများအတွက် လှူဒါန်းသည်ဟု ဆိုသည်။
၂၀၂၁ နှစ်ဆန်းပိုင်း ကိုဗစ်ကာလတွင် မဲစာရင်းအကြောင်းပြ အာဏာသိမ်းသည့် စစ်တပ်က ဆန့်ကျင်သူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။ စစ်ကောင်စီတပ် လှုပ်ရှားရ ခက်ခဲလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ထိုးစစ်အကြီးအကျယ်ဆင်လာသည်။
၃ နှစ်ကြာ စစ်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးနေပြီး စစ်ကောင်စီကို မလိုလားမှု စစ်တပ်အတွင်း များပြားလာချိန်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ငွေကြေးထည့်ဝင်ရမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မည်သည့်ကာလအထိ ငွေထည့်ကြရမည်ကို မသိရသေးပေ။
ဤအတောအတွင်း စစ်သားများ ထိခိုက်မှုများနေသည့်အတွက် ဝန်ထမ်းတစ်ဦးလျှင် အားပေးစာ ၃ စောင်နှုန်းရေး၍ ဌာနဆိုင်ရာညွှန်ကြားရေးမှူးများရုံးသို့ ပေးပို့ကြရန်လည်း နှုတ်မိန့်ပေးထားသည်ဟု ဝန်ထမ်းတချို့က ပြောသည်။
“အဓိကက စိတ်ဓာတ်စစ်ဆင်ရေးပါပဲ၊ ရှေ့တန်းမှာ အကျအဆုံးများနေတော့ မိသားစုတွေကလည်း တပ်နဲ့ပတ်သက်ပြီး အတော်လေး ပေါက်ကွဲနေတော့ ဝန်ထမ်းအချင်းချင်း အားပေးခိုင်းတဲ့ သဘောမျိုးပါ” ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောသည်။
ဆိုရှယ်မီဒီယာတွင် စာရေး၊ လက်ကိုင်ဖုန်းဖြင့် စာတိုပေးပို့နေကြသည့်ခေတ်တွင် ရှေးနည်းအတိုင်း စာရွက်ပေါ်တွင် ရေးသားပါမှ လက်ကိုင်ဖုန်း ကိုင်ဆောင်ခွင့်မရသော စစ်သားများ ဖတ်နိုင်ကြမည် ဖြစ်သည်။
ရှေ့တန်းရောက် စစ်သားများကို နိုင်ငံချစ်စိတ်ရှိသူများ၊ ဝန်ကြီးဌာနများက အစားအစာထောက်ပံ့၊ အားပေးစာများ ပေးပို့နေသည်ဟု စစ်ခေါင်းဆောင်က ဩဂုတ်လ ၆ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သေးသည်။
ကာကွယ်ရေးတာဝန်ထမ်းဆောင်နေချိန် ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရရှိသည့် စစ်သား၊ ရဲ၊ ပြည်သူ့စစ်၊ စစ်သည်အိမ်ထောင်ဖက်နှင့် မိသားစုဝင်များကို ချီးကျူးဂုဏ်ပြုသည်၊ ကူညီမည်ဟု စည်းရုံးပြောဆိုခဲ့သည်။