သတင်း

မြောက်ဒဂုံ ၄၂ ရပ်ကွက်ရုံးရောက်သူတချို့ ရိုက်နှက်ခံနေရ

အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၄၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိစဉ် နာရီဝက်ခန့် ထိန်းသိမ်း ရိုက်နှက်ခံခဲ့ရသည်ဟု အမျိုးသားတစ်ဦးက ပြောပြသည်။ 

ထိုနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရပ်ကွက်ရုံးရှေ့ ဆိုင်ကယ်ဖြတ်မောင်းသွားရာ ဝါးလုံးကိုင်ထားသည့် အမျိုးသားတစ်ဦးက တားဆီးကာ ရုံးအတွင်း ခေါ်ဆောင်သွားသည်ဟု ကာယကံရှင် စိုင်းအောင်နိုင်က ပြောသည်။ 

ရုံးအတွင်း ထိုသူနှင့် အခြားသူ ၃ ဦးက ဝိုင်းဝန်းထိုးကြိတ်သည့်အပြင် ဝါးလုံးဖြင့် အကြိမ် ၃၀ ခန့်၊ ကော်ပိုက်ပျော့ဖြင့် အကြိမ် ၂၀ ခန့် ရိုက်နှက်ပြီး “မင်းက NLD ထောက်ခံသူလား” ဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော့်ကို သတ်ပစ်ပြီး ငမိုးရိပ်ချောင်းထဲ ပစ်ချမယ် ခြိမ်းခြောက်ပါတယ်။ သူတို့ အဲဒီလိုလုပ်လို့ ဘာမှ မဖြစ်သွားဘူး ပြောကြပါတယ်။ ဆဲဆိုပါတယ်” ဟု ၎င်းက ပြောသည်။ 

ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်း၏ ဦးခေါင်း၊ မျက်နှာ၊ ကျောပြင်နှင့် လက်တို့တွင် အညိုမည်းစွဲဒဏ်ရာများ ရခဲ့ကြောင်း ဓာတ်ပုံအထောက်အထားများ ပြ၍ အသက် ၃၄ နှစ်အရွယ် စိုင်းအောင်နိုင်က ဆိုသည်။ 

ရိုက်နှက်သူများသည် အမှတ် ၄၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စီ၏ တပည့်များဟုသာ သိရပြီး အမည် တိတိကျကျ မသိကြောင်း၊ ထိုအထဲမှ တစ်ဦးမှာ ဖြိုးစံပယ်ဈေးတွင် သတင်းစာရောင်းသူဖြစ်ပြီး အမှတ် ၄၂ ရပ်ကွက် မဟာဆွေ ၃ လမ်း၏ လမ်းမှူးဖြစ်ကြောင်း ပြောသည်။

အသက် ၃၄ နှစ် အရွယ် စိုင်းအောင်နိုင်အား ဒဏ်ရာများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

၎င်းအနေဖြင့် ထိုပုဂ္ဂိုလ်များနှင့် ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိကြောင်း၊ လူပုဂ္ဂိုလ်ချင်းလည်း ခင်မင်မှု မရှိကြောင်း ဆက်ပြောသည်။

ရိုက်နှက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရိုက်နှက်သူများထံ ဆက်သွယ်မေးမြန်း၍ မရနိုင်သေးပေ။

ယနေ့တွင်လည်း ထိုအုပ်ချုပ်ရေးရုံးသို့ ဧည့်စာရင်းနှင့် မွေးစာရင်းအတွက် ထောက်ခံစာ လာလုပ်သော ဇနီးမောင်နှံ နှစ်ဦး ထိုးကြိတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးက Facebook လူမှုကွန်ရက်တွင် ရုပ်သံ တိုက်ရိုက်လွှင့်ခဲ့သည်။

လွန်ခဲ့သော ၆ လခန့်က အဆိုပါရပ်ကွက်ရုံး၌ အမျိုးသမီးတစ်ဦးလည်း ရိုက်နှက်ခံရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း အမှတ် ၄၂ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“သူကတော့ လုပ်ပြီးရင် ဘာမှမဖြေရှင်းပေးဘူး။ တိုင်ထားရင် (ရဲ) စခန်းခေါ်ပြီး ရှင်းတာ ရှိရင်ရှိမယ်။ တကယ်လို့ ရန်ဖြစ်ထားတယ်ဆိုရင်လည်း ဥပဒေအရပဲ သွားရမှာလေ။ သူတို့ ရိုက်ပိုင်ခွင့်လည်း မရှိဘူး၊ နှက်ပိုင်ခွင့်လည်း မရှိဘူး” ဟု ဆိုသည်။

ဦးခင်မောင်စီသည် ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး ယခု စစ်ကောင်စီလက်ထက်တွင် ပြန်လုပ်နေကြောင်း၊ ရပ်ကွက်ရုံးသည် ဧည့်စာရင်းတိုင်သူများကို ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ တောင်းခံသည်ဟု နာမည်ကြီးလျက်ရှိပြီး မပေးပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း ပြောသည်။ 

“(ရပ်ကွက်ထဲမှာတော့ လိုက်ခြိမ်းခြောက်တာ) မရှိဘူး။ ဒါပေမဲ့ ရုံးလာရင်တော့ လုပ်လိုက်ရ၊ ဘာညာ အော်ဟောက်တာတွေတော့ ရှိတယ်။ ဧည့်စာရင်းသွားတိုင်တဲ့အခါမျိုး ရက်ကျော်သွားတာဆို ပြောဆိုခံရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။ 

ရုံးသို့လာသူများကို ခြိမ်းခြောက်မှု၊ ဆဲဆိုမှု၊ ငွေတောင်းမှု ကျူးလွန်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီးလည်း ထိုရုံးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် မရသေးပေ။

သခင်အုန်းဖေကြီးလမ်းရှိ ၄၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဩဂုတ် ၁၀ ရက်က ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Yangon Federal Army-YFA က ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းဖြစ်လာပြီး တက်ကြွလှုပ်ရှားသူများကိုသာမက သာမန်ပြည်သူများကိုပါ ဖိနှိပ်လျက်ရှိသည်။ 

၂၀၂၁ ခုနှစ် စက်တင်ဘာကလည်း သန်လျင်မြို့နယ် မြို့ဟောင်းအနောက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားသည်။ 

ပြည်သူတို့၏ လက်နက်ကိုင်ခုခံတော်လှန်စစ် ပြင်းထန်လာချိန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများလည်း အသက်ဘေးကြုံနေရပြီး စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း အုပ်ချုပ်ရေးပိုင်းက သေဆုံးသူ ၅၇၇ ဦး ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button