သတင်း

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏မိဘပိုင်အိမ် ချိပ်ပိတ်ခံရ 

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်း၏ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မိဘပိုင် နေအိမ်ကို စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၂) က လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။ 

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စစ်သား၊ ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဝန်ထမ်းအချို့ပါဝင်သည့် အဖွဲ့က သထုံမြို့နယ်၊ သုဝဏဝတ္တီမြို့၊ သိမ်ဆိပ်တိုက်နယ်ကျေးရွာရှိ အဆိုပါအိမ်ကို လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မြို့ခံတစ်ဦးက ပြောသည်။ 

“NLD ရုံးစိုက်တဲ့နေရာတစ်ခုဖြစ်တယ်။ နောက်ပြီးတော့ ခွန်မြင့်ထွန်းရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ စောင့်ကြည့်နေကြတာရှိတယ်။ အဓိက အဲဒီအချက်တွေကြောင့်လို့ ထင်တာပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါနေအိမ်သည် အမွေဆိုင်အိမ်ဖြစ်ပြီး ခွန်မြင့်ထွန်း မပိုင်ဆိုင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုင်းဘုတ်စိုက်ထူထားကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

ထိုအိမ်တွင် ၎င်းမနေထိုင်တော့သည်မှာ ဆယ်စုနှစ်ကျော်ကြာပြီး ယမန်နှစ်က မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် လူနေထိုင်ခြင်း မရှိကြောင်း၊ အခါကြီးရက်ကြီးများတွင် မောင်နှမများ စုပြီး အလှူအတန်းပြုလုပ်ခြင်းသာ ရှိကြောင်း ခွန်မြင့်ထွန်းကလည်း ပြောသည်။ 

“စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားပြောဆိုမှုတွေမှာ သူတို့ မကျနပ်လို့ လုပ်တာ။ NLD အစဉ်အဆက် ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲသုံးခုလုံးမှာ အောင်နိုင်ရေးအတွက် အစဉ်အဆက် ရပ်တည်ခဲ့တဲ့နေရာပေါ့” ဟု ဆိုသည်။ 

အောက်တိုဘာ ၈ ရက်က RFA Burmese သတင်းဌာနက ထုတ်လွှင့်သည့် “ငြိမ်းချမ်းရေးအကြောင်းပြပြီး နိုင်ငံရေးကစားခြင်း” စကားဝိုင်းတွင် ခွန်မြင့်ထွန်းက PNFC ဥက္ကဋ္ဌအနေဖြင့် ဆွေးနွေးခဲ့သည်။ 

“ကျွန်တော်တို့ မိသားစုတွေတင် ဒီလိုဖြစ်တာမဟုတ်ပါဘူး။ တစ်တိုင်းတစ်ပြည်လုံး ဒုက္ခရောက်နေတဲ့အခါမျိုးမှာ ကျွန်တော်တို့အတွက် သိပ်ပြီးထူးခြားတဲ့ ဖြစ်စဉ်မျိုးမဟုတ်ပါဘူး။ သူ (စစ်ကောင်စီ) ကလည်း သူ့အလုပ် သူလုပ်သလို ကျွန်တော်တို့ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံအပြီးတွင် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တော်လှန်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကြေညာထားသည်။ 

ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တွင်လည်း ခွန်မြင့်ထွန်းက ဗဟိုကော်မတီဝင်အဖြစ် ပါဝင်နေသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ စစ်တပ်ဆန့်ကျင်သူတို့၏ နေအိမ် ၇၈၀ ထက်မနည်း ချိပ်ပိတ်ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၁၃ ရက်နေ့ စာရင်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button