အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နာမည်ကြီး Marks & Spencer ကုမ္ပဏီ မြန်မာတွင် အထည်ချုပ်လုပ်မှုရပ်ဆိုင်းမည်

လန်ဒန်မြို့အခြေစိုက် နာမည်ကြီးဖက်ရှင်နှင့် အဝတ်အထည်ချုပ် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Marks & Spencer ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်မှုများရပ်ဆိုင်း၍ အပြီးတိုင် ထွက်ခွာရန် ပြင်ဆင်နေကြောင်း ထိုကုမ္ပဏီက ယမန်နေ့(အောက်တိုဘာ ၁၁) တွင် သတင်းထုတ်ပြန်သည်။​

လူအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ယိုယွင်းလာမှုများကြောင့် နာမည်ကြီးအမှတ်တံဆိပ်များအနေဖြင့် လုပ်ငန်းတည်ရှိမှုအပေါ် ပြန်သုံးသပ်ရန် အရေးကြီးကြောင်း ကုန်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်စောင့်ကြည်ရေးအဖွဲ့ (Ethical Trading Initiative ETI) အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့် ၂၀၂၃ မတ်လတွင် တာဝန်ယူမှုရှိစွာ အပြီးထွက်ခွာရန် မျှော်မှန်းထားပြီး မထွက်ခွာမီ ၆ လအတွင်း အထည်ချုပ်လုပ်ပေးနေသည့် စက်ရုံများက လူ့အခွင့်အရေးနှင့် ဥပဒေများကို လေးစားလိုက်နာရန် ETI အပါအဝင် ပတ်သက်ဆက်နွှယ်သူများနှင့် အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ 

Marks & Spencer သည် ကုန်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်များကို အလေးထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် တာဝန်သိမှုဆိုင်ရာ အကဲဖြတ်တွေ့ရှိချက်များအရ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့်အညီ ဆက်လက်လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အတွက် အထည်ချုပ်လုပ်ပေးနေသည့် မည်သည့်နေရာကမဆို လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သည်းခံမည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ ထွက်ခွာမှုကြောင့် အလုပ်သမားများအပေါ် ထိခိုက်မှုသက်သာစေမည့် အစီစဉ်များချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကုမ္ပဏီက ဆိုသည်။

၂၀၂၂ ဇန်နဝါရီအထိ Marks & Spencer အတွက် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ ၂၀ က ချုပ်လုပ်ပေးနေပြီး အလုပ်သမားစုစုပေါင်း ၂၅,၀၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာအထည်ချုပ်လုပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာတွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည့် ETI အဖွဲ့မှာ အလုပ်သမားအခွင့်အရေး လေးစာလိုက်နာမှုမြှင့်တင်ရန် အရပ်ဘက်အဖွဲ့အစည်းများ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် ကုမ္ပဏီများ၏ မိတ်ဖက်ဆောင်ရွက်နေခြင်းဖြစ်သည်။ Marks & Spencer မှာလည်း ETI အဖွဲ့၏ မိတ်ဖက်များအနက် တစ်ခုဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွင် အဓမ္မလုပ်အားပေးစေခိုင်မှု၊ အလုပ်လုပ်ချိန်ကြာမြင့်မှု၊ လုပ်ခလစာနည်းပါးမှု၊ အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုနှင့် လုပ်ငန်ခွင်ထိပါးနှောင့်ယှက်မှုများရှိကြောင်း ETI အဖွဲ့က စက်တင်ဘာ ၁၂ ရက်ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးစံချိန်စံညွှန်းများ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပုံမှန်လူအခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုများကို လိုက်နာဆောင်ရွက်ရန်လည်း မဖြစ်နိုင်ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာထွက်ပေါ်လာပြီးနောက် အိုင်ယာလန်နိုင်ငံ ဒဘလင်အခြေစိုက် နိုင်ငံတကာအဝတ်အထည်နှင့် ဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သည့် Primark ကုမ္ပဏီက မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်မှုကို ရပ်ဆိုင်းမည်ဟု အထည်အလိပ်လုပ်ငန်းအကြောင်းတင်ဆက်သည့် Ecotextile မဂ္ဂဇင်းက ယမန်နေ့(စက်တင်ဘာ ၁၅) တွင် ရေးသားဖော်ပြခဲ့သည်။

လက်ရှိတွင် စက်ရုံအလုပ်ရုံများတွင် နေ့စဉ်နှင့်အမျှ အလုပ်သမားအခွင့်ရေး သိသိသာသာချိုးဖောက်ခံနေရပြီး တိုင်ကြားရာတွင် ထိရောက်စွာဖြေရှင်းသည့် ယန္တရားမရှိကြောင်း၊ အလုပ်သမားအခွင့်အရေး တောင်းဆိုလျှင် စစ်တပ်ကို ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့်အခြေအနေများပင် ကြုံနေရကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်ရေး မရရှိနိုင်သည့်အတွက် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မပူးပေါင်းမဆောင်ရွက်ရန် တောင်းဆိုမှုများရှိသလို အခြားတစ်ဖက်တွင်လည်း ကုမ္ပဏီများထွက်ခွာပါက အလုပ်သမားများထိခိုက်နိုင်သည်ဟုသော ယူဆချက်များလည်း ရှိနေသည်။

မြန်မာတွင် ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမားပေါင်း ၂၂၀,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇူလိုင် ၈ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button