သတင်း

အရှိုချင်း အမျိုးသမီးငယ် ၂ ဦး သတ်ဖြတ်ခံရမှု လက်သည်မပေါ်

မကွေးတိုင်း အနောက်တောင်ဘက်အစွန်ဆုံးရှိ ငဖဲမြို့နယ်အတွင်း သတ်ဖြတ်ခံရသည့် ဆွေမျိုးနီးစပ် အရှိုချင်းအမျိုးသမီးငယ်နှစ်ဦးနှင့် ပတ်သက်၍ အမှန်တရားကို ရှာတွေ့ရန် မိသားစုက မျှော်လင့်နေကြသည်။

အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မိုင်နှောင်ပါလနှင့် မူကြိုဆရာမ ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ (ခ) မခင်ဝင်းတို့နှစ်ဦးမှာ ငဖဲမြို့နယ်၊ ဘုံးဘောရွာ ဒေသခံများဖြစ်ကြပြီး အောက်တိုဘာ ၆ ရက်က ဘုံဘောရွာ၏ အနောက်မြောက်ဘက် ခြောက်ဖာလုံခန့် သာဝေးသည့် ဂုတ်ကြီးရွာရှိ အမျိုးအဆွေများ နှင့်တွေ့ဆုံကာ ဈေးဝယ်ပြီးနောက် အပြန်လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

လေးရက်အကြာ (အောက်တိုဘာ ၉) တွင်မှ ဘုံးဘောရွာ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြေလတ်ရွာအနီးတွင် လည်ပင်း၊ ရင်ဘတ် ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းများကို ရှာတွေ့ကြသည်။

“ဓါးနဲ့ထိုးထားတဲ့ဒဏ်ရာတွေက တော်တော်များတယ်။ ရစရာ မရှိအောင်ကိုများတယ်။ ဓါးဒဏ်ရာ တွေက ပေါင်တွေရော၊ ကျောကုန်းဘက်တွေရော၊ လည်ပင်းတွေရော၊ နို့အုံတွေရော၊ ချက်တွေရော အစုံပဲ။ တကယ့်ကို ရက်ရက်စက်စက်ပဲ” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

၂၁ နှစ်အရွယ် အမျိုးသမီးကို လူသတ်သမားတို့က အဓမ္မပြုကျင့်ခဲ့သည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

“အကြီးမလေးမှာ ဂါဝန်ဝတ်ထားတာ။ ဘာမှ အတွင်းခံတွေ မရှိတော့ဘူး။ ဂါဝန်တစ်ခုပဲ ရှိတော့တယ်။ အငယ်မလေးတော့ ဂျင်းဘောင်းဘီဝတ်ထားတယ်။ သူ့မှာတော့ ဓါးထိုးဒဏ်ရာတော်တော်များများ ပဲတွေ့ရတော့တယ်။ အငယ်မလေးကိုတော့ ကြိုးနဲ့တုပ်ထားတယ်”။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဂုတ်ကြီးရွာ ရဲစခန်းတွင် အမှုဖွင့်ထားပြီးဖြစ်သော်လည်း စုံစမ်းတွေ့ရှိမှု အခြေအနေများကို မသိရသေးကြောင်း ထိုသူက ဆက်ပြောသည်။

ဂုတ်ကြီးရွာတွင် စခန်းချတပ်စွဲထားသည့် နယ်မြေရဲစခန်းတစ်ခုရှိပြီး တောင်ပေါ်တဝိုက်တွင် စစ်တပ်က ဘိန်းစိုက်ပျိုးမှုပပျောက်ရေးခေါင်းစဉ်ဖြင့် စစ်ရေးလှုပ်ရှားလေ့ရှိကြောင်း စုံစမ်း သိရှိရသည်။

ထို့အပြင် ဂုတ်ကြီးရွာအနီး နတ်ရေကန်တောင်တွင် တပ်မ ၈၈ မှ စစ်သားများနှင့် ပဒါန်းအခြေစိုက် တပ်မှ စစ်သားအချို့ တပ်စွဲလေ့ရှိကြောင်း၊ အာဏာသိမ်းပြီးနောက်တွင် ထိုစခန်း၌ အင်အား ၁၀၀ ခန့်အထိ တိုးမြှင့်ချထားကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

ထို့အပြင် မြေလတ်ရွာနှင့် ၁၀ မိုင်ဝန်းကျင်တွင် တရုတ်သို့ ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းကို စောင့် ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ကင်းစခန်းတစ်ခုရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ် တစ်ချို့က အတည်ပြုသည်။

ဒေသတွင်း၌ တုံးကြီးစခန်းဟု လူသိများသည့် ထိုနေရာတွင် စစ်သား ၆ ယောက်နှင့် ရဲ ၄ ယောက် ပုံမှန် စောင့်ကြပ်လေ့ရှိပြီး စစ်ကောင်စီက မကြာခဏ လူပြောင်းလေ့ရှိသည်ဟု ဆိုသည်။ 

 သေဆုံးသူတို့ကို အောက်တိုဘာ ၁၀ ရက်တွင် ရုပ်အလောင်းရှာ တွေ့သည့် မြေလတ်နှင့် မဝေးသည့် ပဒါန်းမြို့ သုဿန်တွင် မီးသင်္ဂြိုလ်ကြောင်း၊ ယနေ့(အောက်တိုဘာ ၁၁) နံနက်တွင် အရိုးပြာကို ဘုံးဘောရွာ သုဿန်တွင် မြှုပ်နှံထားပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တို့ထံ မှသိရသည်။

ရခိုင်ပြည်နယ်နမိတ်နှင့် ထိစပ်နေသည့် ငဖဲမြို့နယ်အတွင်းတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ကပစ ၁၄၊ အမှတ် ၃၇၅၊ ၄၀၉ အမြောက်တပ် ၊ အမှတ် ၉၀၅ အမြောက်စခန်း ကွပ်ကဲရေး တပ်တို့ အခြေစိုက်သည်။ ကျေးရွာ အုပ်စု ၃၃ခုရှိပြီး တောင်ပေါ်ကျေးရွာ အုပ်စု ၁၀ ခုတွင် အရှိုချင်း တိုင်းရင်းသားများ နေထိုင်သည်။ 

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေရာ မကွေးတိုင်းသည်လည်း ထိပ်ဆုံးမှပါဝင်သည်။ သို့သော် တောတောင်ထူထပ်ပြီး တရုတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ငဖဲမြို့နယ် အတွင်း စစ်ကောင်စီကို ဆန့်ကျင်နေသည့် ဒေသကာကွယ်ရေးအဖွဲ့ (PDF)တို့မှာ ရံဖန်ရံခါသာ လှုပ်ရှား နိုင်ကြသည်။

အရှိုချင်း အမျိုးသမီးငယ် ၂ ဦး သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button