သတင်း

ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးလိုဟု RCSS ပြော

ရှမ်းပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမ်းလှမ်းလိုက်သည်။

အောက်တိုဘာ ၁၀ ရက်စွဲဖြင့်  ကြေညာချက်တစ်စောင် ထုတ်ပြန်ကမ်းလှမ်းလိုက်ပြီး ရှမ်းပြည်နယ်အတွင်း၌ RCSS တပ်ဖွဲ့ဝင်များနှင့် စစ်ရေးတင်းမာနေသည့်အဖွဲ့များကို ရည်ရွယ်သည်ဟု RCSS ၏ ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ပြောသည်။

“ကျွန်တော်တို့ လှုပ်ရှားတာက ရှမ်းပြည်ထဲမှာပဲ လှုပ်ရှားတာလေ။ ဒါကြောင့် စစ်ရေးပဋိပက္ခဖြစ်တာလည်း ရှမ်းပြည်အတွင်းမှာ ဖြစ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့ ထုတ်ပြန်ချက်ကလည်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်တာပါ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း၌ RCSS အပြင် ရှမ်းပြည်မတော် (SSA/SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA/PNLO)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNA/PNO)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIA/KIO)  အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ လှုပ်ရှားနေသည်။ 

လက်ရှိတွင် SSPP, TNLA, UWSA တို့နှင့် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သော SSPP နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံအများအပြား ထွက်ပြေးနေရသည်။ 

RCSS ၏ ဖိတ်ခေါ်စာထဲတွင် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုများကို လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေး ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

ဆွေးနွေးရန် အချိန်ကာလအား ယနေ့ (အောက်တိုဘာ ၁၀ရက်) မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်အထိ ၄ လကြာ သတ်မှတ်ထားပြီး လိုအပ်သလို အချိန်ထပ်တိုးမည်ဟု RCSS ဘက်က ပြောသည်။

ဆွေးနွေးလိုသည့် အဓိကအကြောင်းများထဲတွင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်နေခြင်းကြောင့် ပြည်သူလူထု နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဒုက္ခရောက်နေမှု ပါဝင်သည်ဟု RCSS ဘက်က ဆိုသည်။

PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ RCSS ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း သဘောထားမှတ်ချက်ပေးသည်။

“ရန်လိုမှုတွေကို တစ်ချိန်ချိန်မှာ ရပ်ရမယ်ဆိုတာ ခေါင်းဆောင်တွေက သိကြပါတယ်။ အခုအချိန်က ရန်လိုမှုတွေ ရပ်ရမယ့်အချိန်ဆိုတာ တွက်ဆပြီး အလှည့်အပြောင်းကို ကြေညာတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

RCSS ၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး ကျန်အဖွဲ့များ၏ သဘောထားကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပထမဆုံးကြေညာချက်ထုတ်ပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် နေပြည်တော် ဆွေးနွေးပွဲများကို တက်ရောက်ထားသည်။

သို့ရာတွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ပြန်လည်ခုခံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် RCSS အကြား တွေ့ဆုံဆွေးနွေးရန် ရှိမရှိ မေးမြန်းမှုကို RCSS ဘက်က တိကျစွာ ဖြေဆိုခြင်း မရှိပေ။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ၂၀၂၁  အောက်တိုဘာလအတွင်း၌ ရှမ်းသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များကို ဝေဖန်ပြောဆိုခဲ့ဖူးသည်။

“PDF တွေက အခု ပြဿနာမဟုတ်သေးဘူး။ နောင်အခါကျရင် ပြဿနာအိုးကြီး ဖြစ်လာလိမ့်မယ်။ NUG က ထိန်းလို့ ရမယ် ထင်သလား။ သူတို့ ထိန်းနိုင်မှာ မဟုတ်ဘူး။ လက်နက်တွေ လက်ဝယ်ရသွားပြီး ဘာမှ မလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်။ မထိန်းနိုင်ကြရင်ပေါ့” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုထားသည်။

RCSS နှင့် စစ်ရေးတင်းမာနေသော ​SSPP သည်လည်း မကြာသေးခင်ကမှ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button