ရှမ်းပြည်နယ်အရှ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ယမန်နေ့ (စက်တင်ဘာ ၁၉) တွင် တိုက်ပွဲဖြစ်ပြီးနောက် RCSS က စစ်အင်အားများ တပ်ဖြည့်တင်းထား ကာ စစ်ရေးတင်းမာနေကြသည်။
စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် အင်အား ၁၀၀ ကျော်သည် မိုင်းပျဉ်းမြို့နယ် တောင်ဘက်ရှိ RCSS တပ်ဖွဲ့ ဝင်များရှိရာနေရာကို ယမန်နေ့ နေ့လယ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု RCSS ဘက်က ဆိုသည်။
အချိန် ၁ နာရီကြာမြင့်သည့် ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ပြည်သူ့စစ် ၄ ဦး သေဆုံးခဲ့ ကြောင်း RCSS ၏ အာဘော် Tai Freedom သတင်းဌာနက ရှမ်းဘာသာဖြင့်ဖော်ပြထားသည်။
ထို့နောက် စစ်တပ်နှင့်ပြည်သူ့စစ်များက တပ်ပြန်ဆုတ်သွားခဲ့ပြီး MA စီးရီး ရိုင်ဖယ် ၃ လက်ကိုလည်း RCSS ဘက် က သိမ်းဆည်းနိုင်ခဲ့သည်။
မိုင်းပျဉ်းတောင်ဘက် ကျေးလက်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက Myanmar Now ကို ယနေ့ ပြောသည်။
“ဒီနေ့တော့ တိုက်ပွဲထပ်မဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း အင်အားထပ်ဖြည့်ထားပါတယ်။ တပ် တွေ ဖြန့်ထားပါတယ်။ အခုက စစ်ရေးတင်းမာနေတယ်” ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။
မိုင်းပျဉ်းမြို့နယ်သည့် သံလွင်မြစ်အရှေ့ဘက်ခြမ်း ကျိုင်းတုံခရိုင်တွင်ပါဝင်ပြီး စစ်ကောင်စီ၏ တြိဂံတိုင်း စစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့အနောက်ဘက်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ်မြို့အရှေ့ဘက်တွင် တည်ရှိသည်။
မိုင်းပျဉ်းမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မိုင်းပျဉ်းမြို့နယ်တွင် စစ်တပ်လက်အောက်ခံ လားဟူပြည်သူ့ စစ်အဖွဲ့ဝင်များလည်း ရှိနေသည်။
တိုက်ပွဲပြီးသွားသော်လည်း လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံ က ပြောသည်။
“စကစက ကျွန်တော်တို့ ရှိတဲ့ဆီကို စစ်ဆင်လာတာဆိုတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ သူတို့ဘက်က ထိုးစစ် ဆင်လာရင်တော့ ထပ်ဖြစ်မှာပဲ။ ကျွန်တော်တို့က ပြောက်ကျားနဲ့ နေရာတကာလှုပ်ရှားနေတော့ လာတဲ့ လမ်း ကြောင်းမှာ ထိတွေ့မှာပဲ”
စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားသည့် မိုင်းပျဉ်းမြို့နယ်တိုက်ပွဲအကြောင်းကိုမူ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
၎င်းတို့ထိန်းချုပ်ဒေသရှိ ကျေးရွာများ၌ ရေကြီးရေလျှံမှုဖြစ်နေစဉ် မိုင်းပျဉ်း၌ စစ်ကောင်စီတပ်၏ စစ်ဆင်လာမှု ကို ရင်ဆိုင်ရခြင်းဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန် ၊ လင်းခေး ၊ မိုးနဲ ၊ ခိုလမ်နှင့် မောက်မယ်မြို့နယ်တို့ရှိ RCSS ထိန်းချုပ်ထားသော ကျေးရွာများတွင် မိုးများသဖြင့် ရေကြီးရေလျှံမှုဖြစ်နေသည်။ ၎င်းတို့နယ်မြေတွင် ရေဘေးဒုက္ခသည် သောင်းချီ ရှိနေသဖြင့် အကူအညီလိုအပ်နေသည်ဟု RCSS ဘက်က ဆိုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသော RCSS နှင့် စစ်တပ်တို့သည် စစ်အာဏာသိမ်းမှုမဖြစ်မီ ၂၀၁၈ ဇန်နဝါရီလက မိုင်းပျဉ်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်ကလည်း စစ်တပ်ဘက်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ရ ကြောင်း RCSS ဘက်က ပြောထားသည်။
မိုင်းပျဉ်းမြို့နယ်သည် ၁၉၅၈ ခုနှစ် ရှမ်းလက်နက်ကိုင်တော်လှန်ရေးစကတည်းက ရှမ်းတော်လှန်ရေးတပ်များ လှုပ်ရှားနယ်မြေဖြစ်ပြီး လက်ရှိတွင် မိုင်းပျဉ်းမြို့မြောက်ဘက်နှင့် တောင်ဘက်ရှိ ကျေးလက်ဒေသများသည် RCSS အခြေစိုက်၍ စစ်ရေးလှုပ်ရှားသောနယ်မြေများ ဖြစ်သည်။
စစ်ရေးလေ့လာသူတစ်ဦးက မိုင်းပျဉ်းတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာခြင်းသည် ဆက်လက်စောင့် ကြည့်ရမည့် ကိစ္စဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“စစ်တပ်နဲ့ ပေါင်းထားတဲ့ လားဟူပြည်သူ့စစ်တွေနဲ့ RCSS နဲ့က ပဋိပက္ခနည်းနည်းရှိတယ်။ အဲဒီပဋိပက္ခကို အခြေခံ သလား၊ အခြေမခံဘူးလားတော့ မသိဘူး။ အခုက နေပြည်တော်က အမိန့်ပေးပြီး တိုက်ခိုင်းတာမဟုတ်ဘူးလို့ ထင်တာပဲ။ တြိဂံတိုင်းစစ်ဌာနချုပ်အစီအစဉ်နဲ့ တိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
မိုင်းပျဉ်းမြို့နယ်၏ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊အနောက် ဘက်တွင် ကွန်ဟိန်းမြို့နယ် ၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ် ၊မြောက်ဘက်တွင် မက်မန်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။
မြန်မာ-ထိုင်းနယ်စပ် လွယ်တိုင်းလျန်မြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားသော RCSS သည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပထမဆုံးကြေညာချက်ထုတ်ပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး NCA လမ်းကြောင်းအရ စစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် RCSS တို့အကြားတွင် တိုက်ပွဲမရှိသလောက်ဖြစ်ခဲ့ပြီး ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
RCSS ခေါင်းဆောင်များသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် နေပြည်တော် ဆွေးနွေးပွဲများကို မကြာခဏ တက်ရောက်လေ့ရှိပြီး RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို စစ်ခါင်းဆောင်က ၂၀၂၂ အတွင်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးခဲ့သည်။
သို့သော်လည်း မကြာသေးခင် ဇူလိုင် ဒုတိယပတ်က RCSS အဖွဲ့ဝင် ၅ ဦးကို ကယားပြည်နယ်ရှိ တော်လှန်ရေးတပ် များအတွက် လက်နက်ခဲယမ်း သယ်ပို့ပေးရာတွင် ပါဝင်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ထိုစဉ်က ဖမ်းမိရမိသူ ၅ ဦးသည် ခွင့်ယူထားကြသူများဖြစ်သည်ဟု RCSS ဘက်က တုံ့ပြန်ပြောထားသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေထွက်လာပြီးနောက် RCSS က တပ်သားသစ် ၆၀၀၀ ရရှိထားကြောင်း ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ တပ်မတော်ဟု ခေါ်ဝေါ်သုံးစွဲနေခဲ့ရာမှ ယခုအခါ ၎င်းက “စစ်ကောင်စီ” ဟု ပထမဆုံးအကြိမ်အဖြစ် အဆိုပါထုတ်ပြန်ချက်တွင် စတင်သုံးနှုန်းခဲ့သည်။
RCSS သည် အပစ်ရပ် EAO များ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် စုဖွဲ့ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) အဖွဲ့တွင် ပါဝင်ပြီး စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်သည့် အင်အားစုများအကြား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေသည့် အဖွဲ့ဖြစ်သည်။