
ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာတွင် ဗုံးတစ်လုံးပေါက်ကွဲပြီးနောက် ယင်းကို အကြောင်းပြကာ စစ်ကောင်စီတပ်ဖွဲ့က ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများ၌ တပ်စွဲလိုက်သည်။
ယမန်နေ့ (အောက်တိုဘာ ၉) နံနက် ၆ နာရီခန့်တွင် ညောင်လေးပင်-ရွှေကျင် ကားလမ်းပေါ် ပုဇွန်မြောင်းကျေးရွာအနီး လမ်းခွန်ကောက်သည့် အဆောက်အအုံဟောင်းတစ်ခု ဗုံးခွဲခံရပြီးနောက် စစ်သား ၂၀ ခန့် ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရှိရသည်။
ထိုတပ်ဖွဲ့က ပုဇွန်မြောင်းကျေးရွာ စျေးပိုင်း (ရပ်ကွက်) ရှိ ကံမြင့်ကျောင်း၊ အလယ်ပိုင်းရှိ ကျောင်းသစ် ကျောင်းတို့တွင် တပ်စွဲလိုက်ခြင်းဖြစ်ကြောင်း၊ ဆွဲဒလွဲပိုင်း(ကျေးရွာအုပ်စု)ရှိ ကျောင်းကြီးကျောင်းတွင်မူ စက်တင်ဘာလကုန်ကတည်းက အင်အား ၂၀ ခန့် ရောက်နေကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကျောင်းသစ်ကျောင်းဆရာတော်က ကျောင်းမှာတပ်စွဲရင် ဂေါပကအဖွဲ့ လက်ခံသဘောတူမှ စွဲပါဆိုတော့ ဂေါပကအဖွဲ့ခေါင်းဆောင်ကို ခေါ်ပြီး ဒီမှာတပ်စွဲဖို့ လက်ခံကြောင်း လက်မှတ်ထိုးပါဆိုလို့ ကြောက်ပြီး လက်မှတ်ထိုးပေးခဲ့ရတယ်။ အခုလည်းရွာထဲမှာ လှည့်ပတ်သွားနေကြတယ်။ မကြာခဏ ဗုံးပေါက်လို့ ဆိုပြီး ရွာကို ကြိမ်းနေတာက ကြာပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့က ဗုံးပေါက်သည့်နေရာတွင်ပင် ယခင်က နှစ်ကြိမ်ဗုံးပေါက်ဖူးကြောင်း၊ ထိခိုက်သူမရှိကြောင်း ၎င်းက ဆက်ပြောသည်။ နောက်ဆုံးတစ်ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး နှစ်နာရီခန့်အကြာတွင် အိုးဖိုရပ်ကွက် ထရန်စဖော်မာအနီး ဗုံးလန့်မှုဖြစ်ခဲ့သေးသည်ဟု သိရသည်။ ထိုရပ်ကွက်ဝန်းကျင်တွင် ညအပြင် ထွက်လျှင် ပစ်သတ်မည်ဟု စစ်သားတို့က ခြိမ်းခြောက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
“မနက်မိုးမလင်းခင်ကတည်းက အဲဒီ ထရန်စဖော်မာနားမှာ သူတို့အဖွဲ့(စစ်ကောင်စီ)တွေရှိနေတာ မနက်အရုဏ်ဆွမ်းလောင်းတဲ့သူတွေ တွေ့ကြတယ်။ ရွာကထရန်စဖော်မာတွေက အစိုးရချပေးထားတာ မဟုတ်ဘူး (ကိုယ်ထူကိုယ်ထ)။ အဲလိုနေရာကို ဘယ် PDF (ဒေသကာကွယ်ရေးအဖွဲ့) ကမှ လာမလုပ်ဘူး” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၉ရက် ပေါက်ကွဲမှုဖြစ်စဉ်အပြီး ထိုနေရာအနီးတွင် နေထိုင်သည့် အသက် ၂၀ မှ ၅၀ အရွယ် အမျိုးသား ၁၈ ဦး ဖမ်းခံရပြီး ညသန်းခေါင်အချိန်တွင် ပြန်လွှတ်ကာ ယနေ့ (အောက်တိုဘာ ၁၀) နံနက် ခံဝန်ထိုးခိုင်းခဲ့ကြောင်း ထိုသူ့ထံမှ သိရသည်။
“ဆွဲဒလွဲပိုင်းမှာ ထိုင်နေတဲ့တပ်ဆိုရင် သူတို့ရောက်ပြီးကတည်းက ဆွဲဒလွဲပိုင်းမှာ ဘာလုပ်မလဲ အရက်၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အံဂလုံဝိုင်း အိုးပင်းပဲ(ကြိုက်သလိုလုပ်)။ သူတို့စားဖို့သောက်ဖို့ အကောက်ပေးရတယ်။ ကြိုက်တာလုပ် နိုင်ငံရေးမလုပ်ရင်ပြီးရောဆိုတဲ့သဘော။ နှစ်လုံးဒိုင် ချဲဒိုင်ဆိုတာ ရိုက်သတ်လို့မကုန်ဘူး” ဟု ၎င်းက ပြောသည်။
နောက်ထပ် ရွာသားတစ်ဦး၏ အဆိုအရ ဗိုလ်ကြီးတစ်ဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဈေးပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ကံမြင့်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ နေအိမ်များတွင်ပါ ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ပုဇွန်မြောင်းကျေးရွာတွင် ရာအိမ်မှူး ဦးဆန်းဦး၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင် တီးလုံးနှင့် ဝဏ္ဏ၊ မုက္ခမူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်တို့ သေနတ်ဖြင့် ပစ်ခံရဖူးသည်။ ဦးဆန်းဦးမှအပ ကျန်သူအားလုံး သေဆုံးသည်။
ထို့အပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သည်ဟုဆိုကာ ရွာအတွင်းရှိ နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။
အထက်ပါ ဖြစ်စဉ်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူက လုပ်ဆောင်သည်ကိုလည်း မသိရသေးပါ။
ညောင်လေးပင်မြို့နယ်ရှိ ပုဇွန်မြောင်းကျေးရွာတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ဒေသအလိုက် ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ အခြေစိုက်ခြင်းမရှိပေ။ သို့သော် ဝါရင့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပဲခူးတိုင်းအခြေစိုက် PDF တို့ လှုပ်ရှားနေသည့် ကျောက်ကြီး၊ ရွှေကျင်မြို့များနှင့် နယ်နိမိတ်ထိစပ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)