အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကြာလာသည့်အခါ စစ်တပ်က ပြည်သူများကို နေ့စဉ် အကြမ်းဖက်သတ်ဖြတ်နေခြင်းမှာ မထူးဆန်းသော ပုံမှန်ဖြစ်စဉ်တစ်ခုကဲ့သို့ ကမ္ဘာကြီးက လျစ်လျူရှုနေကြောင်း မြန်မာပြည်သူများ တွေ့မြင်လာရသည်။
လွန်ခဲ့သော တစ်နှစ်ခွဲကျော်အတွင်း စိတ်နှလုံးကြေကွဲဖွယ်ရာ စစ်တပ်၏ သတ်ဖြတ်မှု မြင်ကွင်းများ၊ သတင်းများက လျော့ပါးသွားခြင်းမရှိပါ။ မြန်မာပြည်သူများသည် ယူကရိန်းပြည်သူများလောက် ကမ္ဘာကြီး၏ အာရုံစိုက်မှုနှင့် မထိုက်တန်လေရော့သလား။
စစ်တပ်၏ သတ်ဖြတ်မှုများက မျိုးစုံလှသည်။ ဆန္ဒပြပြည်သူများ၏ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ်ဖြတ်ခြင်းမှသည် ဖမ်းဆီးချုပ်နှောင်ပြီး သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်နည်းမျိုးစုံကို စနစ်တကျ အသုံးပြုခြင်း၊ အစုအပြုံလိုက် လက်ပြန်ကြိုးတုပ်နှောင်ပြီး ပစ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ နောက်ဆုံး သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လူမြင်ကွင်းတွင် ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ကာ လူထုကို ပြင်းထန်ဆိုးရွာသော အကြောက်တရား (Extreme Fear) လွှမ်းမိုးစေရန် လုပ်ဆောင်ခဲ့သည်။
ယခုနောက်ဆုံး ကြေကွဲဆို့နင့်ဖွယ်ရာ ဖြစ်ရပ်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စက်တင်ဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
လက်ယက်ကုန်းရွာ စစ်ရာဇဝတ်မှု အနိဋ္ဌာရုံ
ဟောလိဝုဒ် စစ်ရုပ်ရှင်ကား ကြည့်ရသည့်အလား တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်များ ရုတ်တရက် ရောက်လာပြီး ရန်သူ့စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်များ၊ စက်သေနတ်များဖြင့် အလစ်အငိုက် ဆက်တိုက်ပစ်ခတ်ချေမှုန်းပြီး၊ တစ်ပြိုင်တည်းမှာ မြေပြင်တပ်ဖွဲ့များက လျှပ်တစ်ပြက် စခန်းသိမ်းတိုက်ပွဲကို အပြီးသတ် ဆင်နွှဲခဲ့ကြသည်။
သို့သော် ထိုနေရာသည် စစ်အခြေစိုက်စခန်းမဟုတ်ပေ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝင်းထဲ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတစ်ခုဖြစ်ပြီး၊ ကျောင်းတက်ချိန်မို့ ကလေးငယ်များစွာ စာသင်ခန်းအသီးသီးတွင် ပညာသင်ယူနေချိန် ဖြစ်သည်။
ဒုံးကျည်များ၏ ပြင်းထန်သော ပေါက်ကွဲသံများ၊ တစ်စစီ လွင့်စင်ကြေမွသွားသော ကလေးငယ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ခြေလက်အင်္ဂါများ ပြတ်တောက်လျက် သွေးအိုင်ထဲ အော်ဟစ်ငိုကြွေး အကူအညီတောင်းခံနေသော ကလေးငယ်များ၏ အသံများက ထိုတဒင်္ဂအတွင်း သွေးပျက်ချောက်ချားဖွယ် အတိ။
လက်ယက်ကုန်းကျေးရွာ ဖြစ်စဉ်သည် အလွန်ဆိုးရွားသော စစ်ရာဇဝတ်မှု (War Crime) သို့မဟုတ် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု” (Crimes against Humanity) မြောက်သော နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကျူးလွန်မှုဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ
စစ်ခေါင်းဆောင်တို့က စစ်ရာဇဝတ်မှုများကို သွေးအေးအေးဖြင့် ကျူးလွန်နေသည့် အဓိကအကြောင်းရင်းမှာ ယနေ့အချိန်ထိ ၎င်းတို့၏ ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ရရှိနေပြီး မည်သည့် နိုင်ငံတကာ တရားဥပဒေစနစ်ကမျှ စီရင်နိုင်ခြင်းမရှိခြင်းကြောင့် ဖြစ်သည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု” များကို စီရင်နိုင်သော ခုံရုံးဖြစ်သည်။ ထိုခုံရုံး၏ ကျင့်ထုံးဥပဒေ Rome Statute ၏ ပုဒ်မ (၇) တွင် အဆိုပါ ပြစ်မှုမြောက်သော ကျူးလွန်မှုတစ်ခုသည် အရပ်သားပြည်သူ တစ်ဦး သို့မဟုတ် တစ်စု (A civilian population) ကို ဦးတည်တိုက်ခိုက်ရမည်မှန်း သိလျက်နှင့် (With knowledge of the attack)၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ (Widespread and systematic) ကျူးလွန်ခြင်း ဖြစ်ရမည်ဟု အခြေအနေ သုံးရပ် ပြဋ္ဌာန်းထားသည်။
သို့ဆိုလျှင် လက်ယက်ကုန်းဖြစ်ရပ်တွင် အထက်ပါအခြေအနေ သုံးရပ်စလုံးကို စစ်တပ်က ကျူးလွန်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအပြင် လက်ယက်ကုန်းဖြစ်စဉ်သည် ပထမဆုံးဖြစ်ပွားခြင်း မဟုတ်ပေ။ စစ်တပ်က အလားတူ အစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သောဖြစ်စဉ် အနည်းဆုံး (၉) ခု နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ယက်ကုန်းဖြစ်စဉ် အပါအဝင် ချင်း၊ ကရင်နီနှင့် ရှမ်းပြည်နယ်များ၊ ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် စစ်တပ်၏ အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း (၃၂၁) ယောက် သေဆုံးခဲ့ရသော ဖြစ်စဉ် (၁၀) ခုကို အောက်ပါဇယားတွင် စုစည်းဖော်ပြထားပါသည်။

ရင်းမြစ်။ ။ AAPP, Myanmar Witness, NUG နှင့် အခြားသတင်းရင်းမြစ်များ
စစ်တပ်၏ အစွန်းရောက်အကြမ်းဖက်မှုကြောင့် လက်စားချေတုံ့ပြန်ခြင်းက စီရင်ထုံးဖြစ်လာ
လက်ယက်ကုန်းဖြစ်စဉ်အပြီး တစ်ပတ်ခန့်အကြာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ ဆရာဖြစ်ခဲ့ဖူးသူ အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နှင့် သမက်ဖြစ်သူ အငြိမ်းစားဗိုလ်ကြီး ရဲတေဇတို့ကို ၎င်းတို့နေထိုင်ရာ ရန်ကုန်မြို့ နေအိမ်ရှေ့တွင် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့နှစ်ခုက လက်စားချေ စီရင်လိုက်ကြသည်။
ထိုဖြစ်ရပ်နှစ်ခုသည် တိုက်ရိုက်ဆက်နွှယ်မှု မရှိပါ။ သို့သော် ဖြစ်ရပ်နှစ်ခုစလုံး၏ အခြေခံအကြောင်းတရားမှာ စစ်တပ်၏ ပြည်သူအပေါ် စစ်ခင်းနေခြင်း၏ အကြမ်းဖက်မှုသံသရာ (A Vicious Circle of Violence) အကျိုးရလဒ်များ ဖြစ်သည်။
စစ်တပ်၏ ရမ်းကားရက်စက်မှုများကို ကိုယ့်အားကိုယ်ကိုးပြီး ရရာနည်းလမ်းဖြင့် ဟန့်တားရန် ကြိုးစားရာ လက်စားချေတုံ့ပြန်ခြင်းက စီရင်ထုံး ဖြစ်လာခဲ့သည်။ မတရားမှုတစ်ခုကို နှစ်ဖက်ညှိနှိုင်း၍ တရားနည်းလမ်းတကျ အဖြေရှာမှု ပျက်သုဉ်းသွားသည့်အခါ လက်စားချေတုံ့ပြန်ခြင်းက စီရင်ထုံးသဖွယ် သဘာဝဓမ္မအရ အစားထိုးနေရာယူလာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အသိုက်အဝန်းကလည်း မြန်မာပြည်သူတို့၏ အသက်များ မဆုံးရှုံးရစေရန် ထိရောက်လက်တွေ့ကျသော ကြားဝင်ဟန့်တား အကာအကွယ်ပေးမှု (Responsibility to Protect) မလုပ်ကြဘဲ ပြစ်တင်ရှုတ်ချရုံမျှသာ တုံ့ပြန်ခဲ့ကြသည်။
ထို့ကြောင့် ရှေ့ကာလများတွင် ပြည်သူတို့၏အာခံဆန့်ကျင်မှု ဝပ်ဆင်းသွားစေရန် လက်ယက်ကုန်းကဲ့သို့ အစွန်းရောက်အကြမ်းဖက် (Extreme Violence) နှိမ်နှင်းမှုများကို စစ်တပ်က ဆက်လက်ကျူးလွန်လာနိုင်ပြီး၊ ပြည်သူများကလည်း ၎င်းတို့ရင်ဆိုင်နေရသော စစ်တပ်နှင့် အင်အားမမျှမှန် သိသော်လည်း ရသည့်နည်းလမ်းဖြင့် လက်တုံ့ပြန်ကြမည် ဖြစ်သည်။
ပြည်သူ့ခုခံတော်လှန်စစ်သည် အာဏာသိမ်းမှု လပေါင်း ၂၀ ကြာအထိ လျော့ကျမသွားခဲ့ပါ။ အထူးသဖြင့် မြန်မာ့သမိုင်းတွင် မကြုံဖူးသော Generation Z လူငယ်မျိုးဆက်များ၏ ခုခံတော်လှန်မှုဖြစ်ပြီး၊ စနစ်တကျ လေ့ကျင့်ထားသော လက်နက်အင်အားပြည့်စုံသည့် စစ်တပ်တစ်ခုကို လူထုပံ့ပိုးမှုအင်အားဖြင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။

“စစ်ကျွန်ဘဝ” ထက် ရွေးချယ်စရာ အခြားလမ်း
မည်သည့်အကြောင်းတရားက စစ်အာဏာသိမ်းမှုကို ထိုမျှ စုစည်းညီညွတ်မှုစွာ ခုခံတော်လှန်မှု ဖြစ်ပေါ်စေခဲ့သနည်းဟု အဖြေရှာကြည့်သည်။
အရပ်သားအစိုးရ အုပ်ချုပ်စဉ်ကာလ ဒီမိုကရေစီအခွင့်အရေး တစ်စိတ်တစ်ပိုင်းမျှသာ ရခဲ့သော်လည်း ကာလရှည်ကြာ ဖြတ်သန်းခဲ့ဖူးသော စစ်အာဏာရှင်စနစ် အမှောင်ခေတ်နှင့် နှိုင်းယှဉ်လျက် မြန်မာပြည်သူများ ဘဝနှင့်ချီပြီး လက်တွေ့သိမြင်ခံစားနိုင်ခဲ့သည်မည် တစ်စိတ်တစ်ပိုင်းမျှသော “လွတ်လပ်မှု” နှင့် “လူ့ဂုဏ်သိက္ခာ” က မည်မျှ ဘဝအဓိပ္ပာယ်ပြည့်ဝခဲ့သည် ဆိုသည့် အချက်ပင်ဖြစ်သည်။ အကယ်၍ ဒီမိုကရေစီအပြည့်အဝထွန်းကားသော နိုင်ငံများမှာကဲ့သို့ “လွတ်လပ်မှု” နှင့် “လူ့ဂုဏ်သိက္ခာ” ကို အပြည့်အဝ ရရှိသော်ငြား မည်သို့ရှိအံ့။
ထို့ကြောင့်ပင် နွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံး လမ်းမများထက် ကြိမ်ဖန်များစွာ ကြားခဲ့ရပြီး ယနေ့အချိန်ထိ ဟစ်ကြွေးနေဆဲ “စစ်ကျွန်ဘဝကို အရောက်မခံ” ဆိုသည့် ကြွေးကြော်သံမှာ ခိုင်မာပြတ်သားသော “တော်လှန်စိတ်ဓာတ်” (Revolutionary Spirit) အဖြစ် မြင်တွေ့နေရသည်။
မြန်မာပြည်သူများ၏ ထိုစိတ်ဓာတ်ကို နိုင်ငံတကာအသိုက်အဝန်းက နားလည်သည်ဟု ထင်နေသော်လည်း၊ အမှန်တကယ်နားမလည်ကြောင်း မြန်မာ့အရေး လျစ်လျူရှုထားခြင်းက သက်သေပြုပါသည်။
မြန်မာပြည်သူများသည် ယနေ့အချိန်ထိ အသက်ပေါင်း ထောင်နှင့်ချီ ပေးဆပ်ခဲ့ပြီး၊ စစ်ကျွန်ဘဝထက် ရွေးချယ်စရာ အခြားလမ်း ရှိသေးသည်ဟု လမ်းပြခဲ့ကြလေသည်။ ထိုလမ်းကို နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်ကျမည့်သူများ ထုထည်ကြီးမားစွာ ရှိနေသည်။

နွေဦးတော်လှန်ရေးသည် လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ အတွက် ရုန်းကန်ကြိုးပမ်းခြင်း
နိုင်ငံတကာအသိုက်အဝန်းသည် နွေဦးတော်လှန်ရေး၏ အတိမ်အနက်ကို အမှန်တကယ် နားမလည်ခဲ့ကြပါ။
မြန်မာပြည်တွင် ဖြစ်ဖူးသော စစ်တပ်၏ အာဏာသိမ်းမှု ဖြစ်စဉ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခြင်းအဖြစ် ရှုမြင်ထားသည်။ ဤတစ်ကြိမ်တွင်လည်း လူထုဆန္ဒပြပွဲများကို စစ်တပ်က အလျင်အမြန်ထိန်းချုပ်နိုင်ပြီး တစ်နိုင်ငံလုံး ပုံမှန်ငြိမ်သက်သွားလိမ့်မည်ဟု တွက်ဆခဲ့ကြသည်။
ပြည်သူ့ခုခံတော်လှန်စစ်ကို ပြက်ရယ်ပြု အထင်သေးခဲ့သော နိုင်ငံတကာပညာရှင်များစွာ၏ လူသိရှင်ကြား သုံးသပ်ရေးသားချက်များ၊ နှစ်ဖက်စလုံးက အကြမ်းဖက်နေပြီး၊ အကြမ်းဖက်မှုများကို နှစ်ဖက်စလုံးက ရပ်တန့်ရန် လိုအပ်သည်ဟု ပြောဆိုသံများက နွေဦးတော်လှန်ရေးကို နိုင်ငံတကာအသိုက်အဝန်းသည် လွဲမှားစွာ နားလည်ထားကြောင်း သိသာထင်ရှားသည်။
စစ်ခေါင်းဆောင်များနှင့် အရပ်သားနိုင်ငံရေးခေါင်းဆောင်များအကြား နိုင်ငံရေးအားပြိုင်ရာက ဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် အဆိုပါပြဿနာကို တွေ့ဆုံညှိနှိုင်းဖြေရှင်းလိုက်လျှင် ပြေလည်နိုင်သည်ဟု ယူဆနေကြဆဲ ဖြစ်သည်။
နွေဦးတော်လှန်ရေးသည် “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် မြန်မာပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှု” ဆိုသည်ကို နိုင်ငံတကာအသိုက်အဝန်းက မှန်ကန်စွာ နားလည်သဘောပေါက်ရန် အချိန်ရောက်ပြီ ဖြစ်သည်။
ထို့အတူ ကမ္ဘာ့တစ်နေရာက လူသားထုတစ်ရပ်၏ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် ခုခံကာကွယ်ရုန်းကန်နေမှုကို ကျန်ကမ္ဘာ့လူသားထုကြီးက ၎င်းတို့၏ နိုင်ငံနယ်နိမိတ်စည်းမျဉ်းအပြင်ဘက်က ဖြစ်စဉ်တစ်ခုအဖြစ် ကြည့်မနေသင့် လျစ်လျူမရှုသင့်ပါ။
သို့သော် နိုင်ငံတကာအကူအညီကို မျှော်လင့်မနေဘဲ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ ထွန်းကားရေးအတွက် ကိုယ်တိုင်ရုန်းကန်တိုက်ပွဲဝင်မှသာလျှင် ရရှိမည်ကို မြန်မာပြည်သူများ သိရှိထားပြီ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



