
ရန်ကုန် — ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၏ ထိန်းသိမ်းစစ်မေးခံရသည့် အသက်၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဇွန်လအတွင်းက သေဆုံးသွားသည့် ကိစ္စကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေးနေသည်ဟု အင်းစိန်မြို့နယ်ရဲမှူးတင်အေးက Myanmar Now ကို ဇူလိုင်လ ၁၄ ရက်နေ့က ပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ ဖြေရှင်းချက်ပေးရန် အကြောင်းကြားထားသည်။
လှိုင်သာယာမြို့နယ် ၂၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုခိုင်မင်းဝေကို စစ်မေးစရာရှိ၍ဟု ဆိုကာ ရဲက ဇွန်လ ၂၁ ရက်နေ့ညတွင် လာရောက်ခေါ်ဆောင်ကာ ရဲကင်းတွင် စစ်မေးပြီးနောက် ခြောက်နာရီခန့်အကြာ သေဆုံးခဲ့သည့် အပေါ် ၎င်း၏မိခင်ဖြစ်သူက သားဖြစ်သူသည် ရဲ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိများကမူ သေဆုံးသူအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ ဓားကိုင် သောင်းကျန်းနေသည်ဟု သတင်းရရှိသည့်အတွက် သွားရောက် စစ်ဆေးခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောသည်။
လူ့အခွင့်အရေးကော်မရှင်က တိုင်စာရရချင်း ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့သည်ဟု ကော်မရှင်ညွှန်ကြားရေးမှူး ဦးသူရကျော်က Myanmar Now ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောသည်။
“ချက်ချင်းအရေးယူ ဆောင်ရွက်ရမယ့် လူ့အခွင့်အရေးဆုံးရှုံးမှုလို့ ယူဆတဲ့အတွက် ချက်ချင်းဆောင်ရွက်တယ်။ (သေသူ၏ ဓာတ်ပုံမှတ်တမ်းများအရ) ခန္ဓာကိုယ် အညိုအမည်းစွဲနေပြီး မျက်နှာမှာ ပြတ်ရှဒဏ်ရာတွေကိုလည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသည့်ဖြစ်စဉ်
သေဆုံးသူ၏ မိခင်ဒေါ်တင်တင်အေးသည် လှိုင်သာယာ ၁၅ ရပ်ကွက် ဈေးအတွင်း ကုန်စိမ်းရောင်းသည့် ဆိုင်ဖွင့်ထားပြီး ဇွန်လ ၂၁ ရက်နေ့ည ပိုင်းက ကိုခိုင်မင်းဝေအား ဆိုင်စောင့်ခိုင်း ထားစဉ် ည ၂ နာရီခန့် (ဇွန်လ ၂၂ ရက်နေ့ မနက်အစော) တွင် ရဲယူနီဖောင်းဝတ်တစ်ဦးနှင့် ရပ်ကွက်ရာအိမ်မှူး ဦးအေးကြိုင်အပါအဝင် အရပ်ဝတ်ငါးဦးတို့ ရောက်ရှိလာခဲ့သည်ဟု ကိုခိုင်မင်းထွန်းနှင့်အတူ ရဲကင်းတဲတွင် တစ်ည ထိန်းသိမ်း စစ်မေးခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ၎င်း၏ ဝမ်းကွဲညီတော်စပ်သူက ပြောသည်။
“အဲဒီညမှာ သူတို့က ကိုခိုင်ကြီး (ခိုင်မင်းဝေ)ကို မေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး လာခေါ်တယ်။ ကိုခိုင်ကြီးက သူဘာလုပ်ထားလို့လဲ ဆိုပြီးပြန်ပြောတယ်။ အဲဒီအချိန်မှာ သူက ကြွက်ပစ်ဖို့ လေးခွ ကို ဓားနဲ့ပါးနေတာကို သူတို့က အဲဒီဓားက လူသတ်လို့ရတယ်ဆိုပြီး ပြောတယ်။ ကိုခိုင်ကြီးက ‘ကျွန်တော့်အမေဆိုင်က တစ်ခုခုပျောက်သွားရင် ဆရာတို့ လျော်မှာလား’ ဆိုပြီး ပြောလိုက်တာ ကိုခိုင်ကြီးက လေသံမာသွားရော။ အဲ့ဒါကို ‘မင်းက ငါတို့ကို ဒီလိုပြောလား’ ဆိုပြီး ဆိုင်ရှေ့မှာတင် ရိုက်ရော”ဟု ၎င်း၏ဝမ်းကွဲညီက ပြောသည်။
ထို့နောက် ဆိုင်တွင်ရပ်ထားသည့် ဆိုင်ကယ်နှစ်စီးကိုလည်း ခိုးထားသည့် ဆိုင်ကယ်များဟုဆိုကာ ကိုခိုင်မင်းဝေကို ရိုက်ပုတ်ကြောင်း၊ ထို့နောက် နှစ်ယောက်စလုံးကို ၁၂၇ ကားမှတ်တိုင် အနီးရှိ ရဲကင်းသို့ ခေါ်သွားပြီး တံခါးပိတ်ကာ ကိုခိုင်မင်းဝေကို နှိပ်စက်ကြောင်း ၎င်းက ပြောသည်။
“(ရဲကင်းမှာ) လက်နှစ်ဖက်ကို ခုံပေါ်တင်ပြီး လက်ဆစ်တွေကို ရိုက်တယ်။ သုံးချက်ရိုက်တာ ဝမ်းလျား မှောက်ခိုင်းပြီး ကျောကုန်းကို ရိုက်တယ်။ သားပြန်ခါနီးကျတော့ သားအစ်ကိုက မေ့သွားတာလားမသိဘူး။ အဲ့မှာ သူ့ကို ဝိုင်းကန်ပြီး နှိုးတယ်။ နိုးသွားတော့ ကိုခိုင်ကြီးက အသံပြဲကြီးနဲ့အော်တယ် ပြီးတော့ ထွက်ပြေးဖို့ လုပ်တော့ အပိုင်နယ်ထိန်းက သူတို့ကို ပြန်ခံထိုးပါ တယ်ဆိုပြီး အကုန်လုံး ထပ်ရိုက်ကြတယ်”ဟု ၎င်းက ပြောသည်။
၎င်းကို မနက် ၄ နာရီခွဲတွင် ပြန်လွှတ်ပေးခဲ့ပြီး ကိုခိုင်မင်းဝေကို ဆက်လက်စစ်မေးခဲ့သည်ဟု ပြောသည်။
ကိုခိုင်မင်းဝေ၏ မိခင်ဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်တင်တင်အေးကလည်း ၎င်း၏သားဖြစ်သူကို ရဲကင်းသို့ခေါ်သွားကြောင်း သိရ၍ လိုက်သွားသည့်အခါ ရဲကင်းကို တံခါးပိတ်ထား သည်ကို တွေ့ရပြီး အထဲမှ အော်ဟစ်အကူအညီ တောင်းခံသံများ ကြားခဲ့ရကြောင်း ပြောသည်။
“ကျွန်မ မခံစားနိုင်တဲ့အတွက်(ရဲကင်းကနေ) ပြန်လှည့်လာတာ။ ပြန်လှည့်လာတော့ ကျွန်မလည်း နားလည်မယ့် လူကြီးတွေ လိုက်ရှာတော့ မတွေ့ဘူး။ မနက်ခင်းဈေးရောင်းတော့လည်း ကျွန်မစိတ်ထဲခုနေတယ်။ မသင်္ကာဘူး။ စခန်းလိုက်မေးတော့ အကြာကြီး ထိုင်စောင့်ရသေးတယ်” ဟု ၎င်းက ပြောသည်။
သားဖြစ်သူသေဆုံးကြောင်း နောက်တစ်နေ့မနက်တွင် ထမင်းချိုင့်သွားပို့ချိန်ရောက်မှ သိရကြောင်း ဒေါ်တင်တင်အေးက ပြောသည်။
“နှစ်ပွင့်နဲ့ရဲက ‘ဒေါ်ကြီးသားကို မနစ်နာစေရပါဘူး။ ကျွန်တော်တို့ လုပ်ပေးပါ့မယ်’ ဆိုပြီး ပြောတဲ့အထိ ကျွန်မသား သေမှန်းမသိသေးဘူး။ နောက်တော့မှ ရပ်ကွက်လူကြီး (ဦး)အေးကြိုင် က ‘နင့်သားက သေပြီ’ ဆိုပြီး ပြောမှ သိရတာ” ဟု သူက ဆိုသည်။
ကိုခိုင်မင်းဝေ၏ ဝမ်းကွဲညီက သူ့ကိုလည်း ရဲကင်းတွင် ရိုက်နှက်ခဲ့သည်ဟု ပြောသည်။
“သားကိုလည်း မေးတယ်။ ကိုခိုင်ကြီး ဘာလုပ်ထားသေးလဲဆိုပြီး။ သားကလည်း သူဘာမှ မလုပ်ထားတော့ ‘မလုပ်ဘူး’လို့ပဲ ဖြေတော့ ရပ်ကွက်လူကြီး (ဦးအေးကြိုင်)က သားကို ပါးရိုက် တယ်။ ပြီးတော့ သံတုတ်နဲ့ သားခြေသလုံး နှစ်ဖက်ကို ကြိတ်တယ်။ သူ့ကို လက်နှစ်ဖက်ကို နောက်ပြန်ကပ်ထားတာ (မနက်) သုံးနာရီခွဲ ကျော်သွားတော့ သားအစ်ကို သတိများ မေ့သွား လားမသိဘူး။ အသံတိတ်သွားတယ်” လို့ ၎င်းက ပြောသည်။
ကာယကံရှင်မိသားစု၏ စွပ်စွဲချက်များကို လှိုင်သာယာမြို့မရဲစခန်းနှင့် ရာအိမ်မှူးဦးအေးကြိုင်တို့က ငြင်းဆန်ခဲ့သည်။
“သူ့ကို သွားထိန်းသိမ်းပြီး ရဲကင်းမှာ ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းနေတဲ့အချိန်မှာ ခေါင်းမူးတယ်ဆိုပြီးတော့ ဆေးရုံကို ပို့ပေးတယ်။ ဆေးရုံပို့တဲ့ အချိန်လမ်းမှာ သေသွား တယ်” ဟု လှိုင်သာယာမြို့မရဲစခန်းမှူး ဒုရဲမှူးဝဏ္ဏရှိန်က ပြောသည်။
သေဆုံးသူက လှိုင်သာယာမြို့နယ်အတွင်း ခါးပိုက်နှိုက်ကျော်စောသတင်းရှိသူဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက ခါးပိုက်နှိုက်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) ၅၄ ဖြင့် ထောင်သုံးလ ကျဖူးပြီး ၂၀၁၇ ခုနှစ်တွင် ခြေချုပ်နှင့်ခံဝန်ဖြင့် နေရသူဖြစ်ကြောင်း လှိုင်သာယာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
သေဆုံးသူမိခင်က ရဲတပ်ဖွဲ့၏ရိုက်နှက်မှုကြောင့် သေဆုံးသည်ဟု ပြောဆိုထားသော်လည်း ရဲစခန်းဘက်ကမူ အင်းစိန်ဆေးရုံမှ မှုခင်းဆရာဝန်ကြီး စစ်ဆေးစဉ် ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု၊ အရိုးကျိုးပဲ့မှု နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာ လုံးဝမရှိကြောင်း ပြောသည်။
“ကျွန်တော်တို့ လက်ချက်နဲ့ သေရင် မှုခင်းဆရာဝန် စစ်ဆေးတဲ့အခါ ဒါတွေက ပေါ်ရမှာပေါ့” ဟု လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Myanmar Now က ကြည့်ရှုခဲ့ရသည့် သေဆုံးသူဓာတ်ပုံမှတ်တမ်းများအရမူ ကိုခိုင်မင်းဝေ၏ မျက်နှာနှင့် လက်မောင်းတို့တွင် အညိုအမည်းဒဏ်ရာများနှင့် ဖူးရောင်ဒဏ်ရာများ တွေ့ရ သည်။
ရဲတပ်ဖွဲ့ လက်ထဲတွင် သေဆုံးသွားသည့် အတွက် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခုကို ဖွဲ့ပြီး စစ်ဆေးနေကြောင်း အင်းစိန်မြို့နယ် ရဲမှူးတင်အေးက Myanmar Now သို့ ဇူလိုင်လ ၁၄ ရက်နေ့က ပြောသည်။
“အခုက ပဏာမစစ်ဆေးမှုပါ။ စစ်ဆေးပြီးလို့ ခရိုင်၊ တိုင်း အဆင့်ဆင့် တင်ထားပြီးပါပြီ။ ဒီကြားထဲ အထက်က အမိန့်တစ်စုံတစ်ရာ ကျလာရင်တော့ အထက်က ညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ စစ်ဆေးမှုနဲ့ပတ်သက်လို့တော့ ဖြေကြားလို့မရပါဘူး” ဟု စခန်းတွင် ပြောသည်။