သတင်း

စစ်ကိုင်းတိုင်းမြို့တော်တွင် စစ်တပ်က ကျေးလက်ဒေသခံ ၂ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ပိုင်း ထနောင်းတောကျေးရွာနှစ်ရွာတွင် နှစ်ရက်ကြာ ဝင်ရောက်စီးနင်းခဲ့သည့် စစ်တပ်က ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

မြို့မှ ၂ မိုင်ခန့်အကွာ၊ မုံရွာ-အမြင့်လမ်းပေါ်ရှိ ထနောင်းတော (မြောက်) ရွာ၊ ထနောင်းတော (တောင်) ရွာတို့ကို စက်တင်ဘာ ၂၇၊ ၂၈ တွင် စစ်တပ်က စီးနင်းမွှေနှောက်ခဲ့သည်။ 

စက်တင်ဘာ ၂၇ နံနက်တွင် စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးအင်အား ၇၀ နီးပါး ပါဝင်သည့် စစ်ကြောင်းသည် စစ်ကား ၃ စီးဖြင့် ထနောင်းတော(မြောက်) ရွာကို ပစ်ခတ် ဝင်ရောက်သွားကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်တွင် မုံရွာဘက်မှ ပြန်လာသည့် ဘုဘကျေးရွာသား ကိုအောင်ကျော်မင်းဆိုသူကို ရွာထိပ်၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

ရွာအနီး ကင်းပုန်းဝပ်နေသည့် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF- ဆားလင်းကြီး) မှ ရဲဘော်တစ်ဦးကို စစ်တပ်က ဖမ်းမိသွားကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

“ကာကွယ်ရေးရဲဘော်က ဒဏ်ရာရထားတော့ မပြေးနိုင်တာ။ အရှင်ဖမ်းမိသွားတာ။ လမ်းပေါ်မှာ တရွတ်တိုက် ဆွဲခေါ်သွားပြီး နှိပ်စက်ပြီး သတ်ပစ်ခဲ့တာ” ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။ 

အသက် ၂၀ ဝန်းကျင်ရှိ ထိုရဲဘော်၏ ရုပ်အလောင်းကို ယမန်နေ့ (စက်တင်ဘာ ၂၈) ရက်နေ့ နေ့လယ်ပိုင်းက ကောက်ယူသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

စက်တင်ဘာ ၂၇ တစ်ရက်လုံး ထနောင်းတော (မြောက်) တွင် တပ်စွဲကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်မှ စစ်သားတချို့သည် နောက်တစ်နေ့ (စက်တင်ဘာ ၂၈) တွင် ကပ်လျက်ရှိ ထနောင်းတောတောင်ကို ဆက်လက်စီးနင်း၍ နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ထိုစစ်ကြောင်းသည် ကျေးရွာများအတွင်း နေအိမ်များတွင် တပ်စွဲကာ အလိုရှိရာပစ္စည်းများကို ရှာဖွေယူဆောင်သွားပြီး ဆန်၊ ဆီနှင့် စားသောက်ကုန်များကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ရွာ ၂ ရွာကို ၂ ရက်ကြာ စီးနင်းမွှေနှောက်ခဲ့သည့် စစ်ကြောင်းသည် ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၉ နာရီဝန်းကျင်တွင် ပြန်ထွက်သွားကြောင်း သိရသည်။

“အိမ်ထဲက ပစ္စည်းတွေကို ဝင်မွှေနှောက်သွားတယ်။ ဗီရိုတွေကို ရိုက်ဖွင့်တယ်။ အတွင်းထဲက ပစ္စည်းတွေကို မွှေနှောက်ရှာဖွေသွားတယ်။ မီးခံသေတ္တာကိုလည်း ဖျက်ဆီးသွားတယ်။ ရွာထဲက တချို့အိမ်တွေကို မီးရှို့သွားတယ်။ လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကတော့ လုံးလုံး ပျက်စီးသွားတယ်” ဟု ထနောင်းတော (မြောက်) ရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

စစ်သားများ ထိုလုပ်ရပ် ကျူးလွန်မှုနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကြိုးပမ်းသော်လည်း အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာသည့်တိုင် အုပ်ချုပ်ရေးယန္တရားအပြည့်အဝ မလည်ပတ်နိုင်သေးဘဲ ပြည်နယ်များသာမက လူများစု ဗမာများနေထိုင်ရာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများနှင့် ရင်ဆိုင်နေရသည်။

ကုလသမဂ္ဂ၏ စက်တင်ဘာ ၁၉ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ ၁ ဒသမ ၃ သန်းအနက် အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတစ်ဝန်း အိုးအိမ် စွန့်ခွာထွက်ပြေးရသူ ကိုးသိန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button