အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရန်ကုန်-မန္တလေး လေအိတ်ရထားဖြင့် ခရီးသွားခြင်း (ဓာတ်ပုံများ)

ရန်ကုန်မီးရထားဘူတာကြီးကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုရင်တော့ အကောင်းဆုံးရထားဟာ ၂၀၁၆ ခုနှစ်က မြန်မာပြည်ကနေပြီး တရုတ်နိုင်ငံဆီက ဝယ်ယူခဲ့တဲ့ လေအိတ်အဆင့်မြင့်ရထားပဲဖြစ်ပါတယ်။

ဒီလိုရထားမျိုး ရန်ကုန်ကနေ မန္တလေး အစုန်အဆန်ပြေးဆွဲနေတာ ၂ စီးရှိပြီး၊ ဒီရထားတွေကို အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော် (မြန်မာကျပ်ငွေဆိုရင် ကျပ်သိန်းပေါင်း ၁၈၀၃၀) နဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဝယ်ယူခဲ့တယ်လို့ ဒီရထားတစ်စီးရဲ့ ခေါင်းတွဲတစ်နေရာမှာ စာရေးသားပြီး ဖော်ပြထားပါတယ်။

ဒီရထားတွေဟာ နေ့စဉ် ညနေ ၃ နာရီတိတိမှာ ရန်ကုန်ဘူတာကြီးနဲ့ မန္တလေးဘူတာကြီးကနေ အပြိုင်ထွက်ခွာကြပြီး မြို့နှစ်မြို့လုံးကို မနက် ၅ နာရီခန့်မှာ ရောက်ရှိပါတယ်။ လမ်းမှာ ဘူတာစဉ်အတိုင်း မရပ်ဘဲ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နဲ့ သာစည်မြို့က ဘူတာကြီး ၅ ခုမှာပဲ မိနစ်အနည်းငယ်ပဲ ရပ်ပါတယ်။

ဒီရထားမှာ တွဲပေါင်း ၁၂ တွဲပါရှိပြီး ၃ တွဲကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ နောက်မှီခုံကို ရှေ့နောက်လိုသလို အတိုးအလျှော့ပြုလုပ်လို့ရတဲ့ ဆိုဖာခုံများပါရှိတဲ့ အထက်တန်းတွဲတွေဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျန်တွဲတွေကတော့ သတ္တုထိုင်ခုံတွေပါတဲ့ ရိုးရိုးတန်းတွဲတွေဖြစ်ပါတယ်။ ရိုးရိုးတန်းမှာတော့ ခရီးသည်အတွက် ထိုင်ရတာ ခြေလက် တအားကြီးမဆန့်သာပါဘူး။

အထက်တန်းတွဲမှာ စုစုပေါင်း ၂၇ ခုံ၊ ရိုးရိုးတန်းမှာတော့ ၆၈ ခုံပါရှိပါတယ်။ တစ်နာရီကို မိုင် ၅၀ ခန့် ခုတ်မောင်းလို့ရပေမယ့် မိုင် ၄၀ ထက်ကျော်ပြီး မခုတ်မောင်းဖို့ အထက်ကလူကြီးများက ညွှန်ကြားတာကြောင့် တစ်နာရီကို ၃၅ မိုင်လောက်ပဲ ခုတ်မောင်းတယ်လို့ စက်ခေါင်းမောင်းဆရာတစ်ဦးက ဆိုပါတယ်။

ဒီရထားတွေမှာ စားသောက်တွဲမပါရှိတာကြောင့် မီးရထားဝန်ထမ်းတွေကပဲ ရထားစထွက်ပြီး သိပ်မကြာခင်မှာ ခရီးသည်တွေစားသောက်လိုတဲ့ အစားအသောက်တွေကို စာရင်းကောက်ပြီး အစားအသောက်တွေကို လမ်းမှာရှိတဲ့ စားသောက်ဆိုင်တချို့ကနေ မှာယူဝယ်ပေးပါတယ်။

ဒီရထားတွေရဲ့ အားသာချက်က အချိန်တိကျတယ်၊ သန့်ရှင်းတယ်၊ အိမ်သာတွေလည်း အင်မတန်သန့်ရှင်းကောင်းမွန်ပါတယ်။ အားနည်းချက်တွေကတော့ ဆေးလိပ်သောက်ရင် ဒဏ်ရိုက်မယ်လို့ စာကပ်ထားပေမယ့် တွဲတစ်တွဲနဲ့တစ်တွဲချိတ်ဆက်ထားတဲ့ ထောင့်တွေမှာတော့ ဆေးလိပ်သောက်နေသူတွေရှိပါတယ်။ ဒါကိုလည်း မီးရထားဝန်ထမ်းတွေက တားမြစ်ပြောဆိုတာ၊ အရေးယူတာမရှိပါဘူး။

မီးရထားရဲဝန်ထမ်းစုစုပေါင်း ၆ ယောက် ရထားတစ်စင်းဆီမှာ လုံခြုံရေးလိုက်ပါလာတယ်လို့ မီးရထားဝန်ထမ်းတွေကဆိုပေမယ့် ယခုလ ဖေဖော်ဝရီ ၂ ရက် ရန်ကုန်ကနေထွက်ခွာတဲ့ လေအိတ်ရထားမှာ တစ်ဦးကိုသာ ယူနီဖောင်းဝတ်နဲ့ တွေ့ရပါတယ်။

ခရီးစဉ်တစ်လျှောက် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေကို မီးရထားဝန်ထမ်းတွေကိုယ်တိုင်ပဲ လိုက်လံရောင်းချပေးပါတယ်။ ညဘက်ရောက်တော့ ခရီးသည်တွေ ရထားကြမ်းပျဉ်ပေါ်မှာ ဆင်းအိပ်ရအောင် မီးရထားဝန်ထမ်းတွေက ပလတ်စတစ်အခင်းလိပ်တွေကို ငွေကြေးအနည်းငယ်တောင်းခံပြီး လိုက်လံငှားရမ်းပေးနေတာလည်း တွေ့ရပါတယ်။

ဒီရထားကို စီးမယ်ဆိုရင် ရန်ကုန်နဲ့ မန္တလေးဘူတာကြီးတွေမှာ ၃ ရက်ကြိုတင်ပြီး မိမိရဲ့မှတ်ပုံတင်ပြပြီး ဝယ်ယူရပါတယ်။ စောစောကြိုဝယ်မှပဲ အထက်တန်းတွဲရနိုင်ပြီး နောက်ကျမှဝယ်မယ်ဆိုရင်တော့ ရိုးရိုးတန်းသာ ရပါလိမ့်မယ်။

အထက်တန်းတွဲကတော့ တစ်ခုံကို ၉၃၀၀ ကျပ်ခန့်ကျပြီး၊ ရိုးရိုးတန်းကတော့ ၄၀၀၀ ကျပ်ခန့်ကျပါတယ်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button