အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အသက်မပြည့်ဘဲ အင်းစိန်ထောင်ပို့ခံရသူ လွတ်ရက်စေ့ခါနီး သေဆုံး

အသက် ၁၈ နှစ်မပြည့်သေးသော်လည်း အင်းစိန်ထောင်သို့ ပို့ခံရကာ ထောင်တစ်နှစ် ကျခံနေရသည့် ကိုခန့်သူရိန်မှာ လွတ်ရက်စေ့ခါနီးတွင် ရုတ်တရက် သေဆုံးသွားသည်။

တီဘီရောဂါဖြင့် သေသည်ဟု စစ်ကောင်စီက စက်တင်ဘာ ၁၇ ရက်တွင် မိသားစုထံ အကြောင်းကြား၍ အလောင်းပြန်ပေးကာ ဈာပနကို တိတ်တဆိတ် ပြုလုပ်စေခဲ့ကြောင်း၊ မည်သည့်နေ့တွင် ကွယ်လွန်သည်ကိုမူ အတိအကျမသိရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

ကိုခန့်သူရိန်သည် ထောင်ဒဏ်မစီရင်မီ ချုပ်နှောင်ခံရသည့်ရက်များကို ထည့်သွင်းတွက်ချက်ပါက စက်တင်ဘာ ၂၀ တွင် လွတ်ရက်စေ့မည်ဟု ၎င်းထံမှ သိရသည်။

“ချုပ်ရက်အရ ရက်ပိုင်းလေးလိုတဲ့ဟာကို … ဘယ်လောက်သနားစရာကောင်းလဲ” ဟု ၎င်းက ပြောသည်။

ကိုခန့်သူရိန်ကို ၂၀၂၁၊ စက်တင်ဘာတွင် Freedom Fighters Force – Mayangone အဖွဲ့ဝင်ဟု စွပ်စွဲ၍ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက်၌ စစ်ကောင်စီက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းဆီးချိန်တွင် ကိုခန့်သူရိန်၏ အသက်မှာ ၁၆ နှစ်သာရှိသေးကြောင်း ၂၀၂၁၊ စက်တင်ဘာ ၂၄ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင် တွေ့ရသည်။

မရမ်းကုန်း ၁ ရပ်ကွက်အတွင်း ၂၀၂၁ စက်တင်ဘာ ၁၁ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးစိန်သောင်းကို လုပ်ကြံသည့်အဖွဲ့၌ ပါသည်ဟု စွပ်စွဲကာ ထောင်နှစ် ၂၀ ချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်ရန်အားထုတ်မှု) ဖြင့် စစ်ကောင်စီက အမှုဖွင့်ကြောင်း အထက်ပါ ရင်းမြစ်က ပြောသည်။

သက်သေမခိုင်လုံသဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးက ထောင် ၁ နှစ်သာ ချခဲ့သော်လည်း လူငယ်ထိန်းသိမ်းရေးစခန်းသို့ မပို့ဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသည်ဟု ယူဆကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ကိုခန့်သူရိန် အမိန့်ချခံရသည့် နေ့နှင့် စစ်ကြောရေး၌ ကြာမြင့်ခဲ့သည့် ကာလတို့ကို သီးခြားအတည်မပြုနိုင်သေးပေ။ ထို့အတူ Myanmar Now က သူ၏ မိသားစုဝင်များ၊ ထောင်အာဏာပိုင်များထံ ဆက်သွယ်၍ မရသေးပါ။

၂၀၂၁ စက်တင်ဘာ ၂၄ ရက်ထုတ် စစ်ကောင်စီသတင်းစာများတွင် ပါရှိသည့် ကိုခန့်သူရိန်နှင့် အဖွဲ့။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်ပိုင်း စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ ကိုခန့်သူရိန်နှင့်အတူ စွပ်စွဲခံရ သူများထဲတွင် ၁၈နှစ် မပြည့်သေးသူ အခြား ၄ ဦးလည်း ပါဝင်ကြောင်း တွေ့ရသည်။

ကိုသန့်ဇင် (၁၆ နှစ်)၊ ကိုအောင်ကိုဦး (၁၆ နှစ်)၊ ကိုကြယ်စင်နှင်းဝေ (ခ) ကြယ်စင် (၁၄ နှစ်)၊ ကိုဝေယံဖြိုး (၁၇ နှစ်) တို့ဖြစ်သည်။

ထိုလူငယ်များ မည်သည့်နေရာတွင် ရှိနေသည်၊ မည်သို့ စွပ်စွဲခံထားရသည်၊ ထောင်ဒဏ် မည်မျှကျခံနေရသည်တို့ကို အတည်ပြု၍ မရသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက လူအများအပြားကို ဖမ်းဆီးခဲ့ရာ ထိုအထဲမှ ၁၅,၀၀၀ ကျော်၏ အချက်အလက်များကို ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၃ လအရွယ်မှ အသက် ၁၈ နှစ်ကြား ၃၆၃ ဦးပါဝင်ကြောင်း၊ ၂၉၅ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း AAPP ၏ စက်တင်ဘာ ၂၀ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၂,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button