အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီဘက်မှ လက်နက်ချသူများရှိ၊ စစ်ရေးအသာစီးရနေဟု AA ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ၎င်းတို့ဘက်မှ စစ်ရေးအသာစီးရနေကာ စစ်ကောင်စီဘက်မှ လက်နက်ချ အညံ့ခံသူများရှိကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ယနေ့ (စက်တင်ဘာ ၁၉) ထုတ်ဖော်ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာဖွင့်တိုက်နေရသော စစ်ကောင်စီအနေဖြင့် ရခိုင်ဒေသတွင် လိုသလောက် အင်အားထုတ်မသုံးနိုင်တော့ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုသည်။

“အရင်တုန်းကလို စစ်အင်အားတွေကို ရခိုင်ပြည်မှာ စုပုံပြီး သုံးလို့မရတဲ့အတွက်ကြောင့် မြန်မာစစ်တပ်က သူတို့စိတ်တိုင်းကျ စစ်ကစားလို့ မရဘဲနဲ့ သူတို့အများကြီး အကျပ်အတည်းဆိုက်နေပါတယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှစ၍ တစ်နှစ်နီးပါး စစ်ရေးငြိမ်သက်နေခဲ့ရာမှ ယခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်ဖြစ်လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ယခုလအတွင်း AA က သိမ်းယူနိုင်ခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိဖြစ်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ချအညံ့ခံကာ ၎င်းတို့ထံ ခိုလှုံလာသူများရှိသည့်နည်းတူ ထွက်ပြေးနေသူများလည်း ရှိသည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောဆိုသည်။

“နောက်ပြီးတော့ အများကြီးထွက်ပြေးနေကြပါတယ်။ နောက်ထပ်လည်း ထွက်ပြေးဖို့၊ လက်နက်ချဖို့ ကျွန်တော်တို့ဆီကို ဆက်သွယ်နေတာတွေရှိတယ်။ အဲဒါတွေအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ 

စစ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းလိုတော့သဖြင့် လက်နက်ချကာ ပူးပေါင်းလာသူများကို နွေးနွေးထွေးထွေး လက်ခံသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လတ်တလောတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် လက်နက်ချ ဝင်ရောက်ခိုလှုံလာသူ ၁၀ ဦးထက်မနည်းရှိသည်ဟု သိရသည်။​

၎င်းတို့ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိသည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်း AA က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း ကျောက်တော်မြို့မှ စစ်သားတစ်ဦး ထွက်ပြေးခဲ့သည့်အပြင် ယခုလဆန်းပိုင်းတွင်လည်း ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းမှ အရာရှိတစ်ဦး အပါအဝင် သုံးဦး၊ ကျောက်တော်မြို့မှ နောက်စစ်သားနှစ်ဦး ထပ်မံထွက်ပြေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။​

စစ်ကောင်စီသည် နိုင်ငံရေးအရ တရားဝင်မှု မရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်၍ ပြည်ပနိုင်ငံများ၏ အသိအမှတ်ပြုနှင့် ကူညီထောက်ပံ့မှု မရရှိသလို ပစ်ပယ်ခံနေရကြောင်း ဦးခိုင်သုခက ပြောသည်။ 

“အခုချိန်မှာဆိုရင် မြန်မာတစ်ပြည်နယ်လုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီစစ်ကောင်စီက အရင်တုန်းက ရှိခဲ့တဲ့ နိုင်ငံရေးတရားဝင်မှု မရှိဘူး။ အဲဒါကြောင့် ဘေးပတ်ဝန်းကျင်နိုင်ငံတွေက အကူအညီမရတာတွေကို အားလုံးအမြင်ဖြစ်ပါတယ်”

“သူတို့မြန်မာစစ်တပ်ဘက်က စစ်အင်အားကို အလုံအ‌လောက် မပို့ပေးနိုင်တဲ့အတွက် သူတိုတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်တွေ ပျက်ပြားနေကြတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်နေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေပိုင်နက်ကျူးကျော် ပျံသန်းခြင်းနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများကြောင့် ဆန့်ကျင်ကန့် ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်နက်ကြီးပစ်ခတ်မှု မရပ်တန့်ပါက ကုလသမဂ္ဂထံ တိုင်တန်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ ဒါကာရှိ စစ်ကောင်စီ၏ မြန်မာသံအမတ်ကို လေးကြိမ် ခေါ်ယူ သတိပေးထားကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles