
(ရန်ကုန်) — မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်တွင် ရွှေတူးဖော်ခွင့် ပြန်လည်ခွင့်ပြုရန် အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စုလီမိတက်မှ တင်သွင်းသည့် အသနားခံစာကို အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ပယ်ချလိုက်သည်။
သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ကုမ္ပဏီသည် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကို သတ်မှတ်ထားသည့် အခွန်နှင့် ရွှေစင်ပမာဏ ပေးရန် ပျက်ကွက်မှုဖြင့် မိုးထိမိုးမိတောင် ရွှေတူးခွင့် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီသည် အသနားခံစာကို ဇူလိုင် ဒုတိယသီတင်းပတ်အတွင်းက တင်သွင်းလာသော်လည်း လုပ်ကိုင်ခွင့် ပြန်ကျရန် မရှိနိုင်ကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ထုတ်လုပ်ရေးအထွေထွေမန်နေဂျာ ဦးအေးဇော်က ဇူလိုင် ၁၈ ရက်တွင် Myanmar Now ကို ပြောသည်။
“စာချုပ် ပျက်ပြယ်တာဖြစ်တဲ့အတွက် သူတို့(ကုမ္ပဏီ)က ဒီရွှေမှ မဟုတ်ဘူး၊ ကြွေးကျန် (ရွှေပိဿာ) ၁,၂ဝဝ ကျော်လုံးကို သွင်းမယ် ဆိုရင်တောင်မှ လုပ်ကိုင်ခွင့် ပြန်မရနိုင်တော့ဘူး” ဟု ဦးအေးဇော်က ပြောသည်။
နိုင်ငံတော်သို့ မတ်လကုန်တွင် ပေးသွင်းမည်ဟု စာချုပ် ချုပ်ဆိုထားသော ယခင်ကြွေးကျန် ရွှေပိဿာ တစ်ရာကျော်ကို တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးသွင်းပေးမည်ဖြစ်သောကြောင့် လုပ်ငန်းကို ဆက်လက်ခွင့်ပြုပေးပါရန် ဇူလိုင် ၁၂ ရက်တွင် နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနထံ အသနားခံစာ ပေးပို့ထားကြောင်း ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်သူ ဦးထွန်းအောင်စိုးက ပြောသည်။
“ကျွန်တော်တို့က ပြန်လုပ်မယ်ဆိုရင် စာချုပ်အသစ် ချုပ်ဆိုပြီးတော့ လုပ်သွားမှာပါ ” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်မြေဧက ၆,၁ဝဝ ကျော်ကို ၂ဝ၁၁ ခုနှစ်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ခွင့်ပြုချက်ကာလ ၅ နှစ်အတွင်း ရွှေစင် ၅ ဒသမ ၅၇၇ တန် ပေးသွင်းရမည်ဟု စာချုပ် ချုပ်ဆိုခဲ့ကြသည်။
၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်များတွင် ကုမ္ပဏီ၏ လိုအပ်ချက်များကြောင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်ကာလ၊ ရွှေပေးသွင်းမှု ဇယားများကို ပြင်ဆင်စာချုပ် ချုပ်ဆိုခဲ့ကြသည်။
အဆိုပါရွှေလုပ်ကွက်နှင့်ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ်ဆန်းပိုင်းက တတိယအကြိမ် စာချုပ် ပြင်ဆင်ချုပ်ဆိုရန် ကမ်းလှမ်းလာသည့်အချိန်တွင် ဝန်ကြီးဌာနဘက်က အလွယ်တကူ ခွင့်ပြုခဲ့ခြင်းမပြုဘဲ ယင်းမတိုင်ခင်ကျန်ရှိနေသည့် ကြွေးကျန် ရွှေ ၁ဝ၁ ပိဿာကျော်ကို ပေးသွင်းပါက စာချုပ်ပြင်ဆင်ရန် စဉ်းစားပေးမည်ဟုဆိုကာ ၂ဝ၁၈ ခုနှစ် မတ်လကုန်တွင် ယင်းကြွေးကျန်ကို အကြေပေးချေရန် အမှတ် (၂)သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီတို့ ၂ဝ၁၇ ခုနှစ် ဇူလိုင်လက စာချုပ် ချုပ်ဆိုခဲ့သည်။
သို့သော် ယင်းကြွေးကျန်ကို အကြေမပေးသွင်းနိုင်သည့်ပြင် အခြားသောညွှန်ကြားချက်များကိုပါ မလိုက်နာခဲ့သောကြောင့် စာချုပ်ပျက်ပြယ်သွားချိန်တွင် ကုမ္ပဏီက နိုင်ငံတော်သို့ ပေးရန် ကျန်ရှိသည်မှာ ရွှေပိဿာချိန် ၁၂ဝဝ ကျော် ဖြစ်လာခဲ့ကြောင်း ဦးအေးဇော်က ဆိုသည်။
ကုမ္ပဏီ၌ အစုရှယ်ယာဝင်ကာ လုပ်ကိုင်နေကြသည့် တိုင်းရင်းသားလုပ်ငန်းရှင် ၂၂ ဦးက ၎င်းတို့အစုအနေဖြင့် ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေပိဿာ ချိန်ပေါင်း ၆ဝဝကျော်ကို ကုမ္ပဏီသို့ ပေးသွင်းထားပြီးဖြစ်ကြောင်း ဇွန် ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် သတ္တုတွင်းဦးစီးဌာနက ကြွေးကျန်ရလိုမှုနှင့် မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃ဝ (က)ဖြင့် ကုမ္ပဏီသို့ တရားစွဲဆိုရန် ဆောင်ရွက်နေမှုမှာ မန္တလေးတိုင်းဒေသကြီး တရားရုံးချုပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးအေးဇော်က ပြောသည်။
မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃ဝ (က) အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ဆယ်သိန်းမှ သိန်းငါးဆယ်ထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။