အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသမီးအခွင့်အရေး NGO အရာရှိ၏ လိင်ပိုင်း ထိပါးနှောင့်ယှက်သည်ဆိုသောကိစ္စ စတင်စုံစမ်း

ရန်ကုန်၊ ဇူလိုင် ၁၈ — အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူညီမျှရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု၏ အဓိကတာဝန်ရှိသူ အမျိုးသားအကြီးအကဲတစ်ဦးသည် လက်အောက်ခံ အမျိုးသမီးဝန်ထမ်းတချို့နှင့် အဖွဲ့အစည်းနှင့် ဆက်နွှယ်သည့် အခြားအမျိုးသမီးအချို့အပေါ် မလျော်ဩဇာ အသုံးပြုကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနှင့် ကျူးလွန်ကြောင်းတိုင်ကြားခံထားရသည့်အတွက် ကျားမတန်းတူ ညီမျှရေး အဖွဲ့များ စုပေါင်းထားသည့် ကွန်ရက်က တိုင်ကြားထားသူများနှင့် ယနေ့ညနေတွင် တွေ့ဆုံမေးမြန်း မည်ဖြစ်သည်။

“တိုင်ကြားသူ အမျိုးသမီးတွေနဲ့ ဒီနေ့ညနေတွေ့ဖို့ လုပ်ထားပါတယ်။ သူတို့တင်ပြချင်တာ၊ဖြစ်ချင်တာကို နား ထောင်ပေးပါ့မယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ရမှာပါ” ဟု တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်မည့် ကျား၊မရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) ၏ တာဝန်ရှိသူ ဦးအောင်မျိုးမင်းက Myanmar Now ကိုပြောသည်။

ယခုအချိန်သည် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဖက်စလုံးနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်းရန် အဆင်မပြေသည့် အနေအထားဖြစ်သောကြောင့် တိုင်ကြားထားသူအမျိုးသမီးများနှင့် အရင်ဆုံးတွေ့ဆုံ မည်ဖြစ်ပြီး၊ တိုင်ကြားခံရသူ အမျိုးသားကိုပါ တွေ့ဆုံမေးမြန်းပြီးနောက်မှသာ မည်သို့ဆက်လက်လုပ်ဆောင် သွားမည်ကို တိကျစွာ ပြောနိုင်မည်ဟု မေးမြန်းရာတွင် ပါဝင်မည့် အဆိုပါကွန်ရက်၏ တာဝန်ရှိသူ ဒေါ်ခင်လှ က ပြောသည်။

“ကျမတို့လို ကျား၊မတန်းတူညီရေး လုပ်နေတဲ့ အဖွဲ့အစည်း အနေနဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်တာကို ဘယ်သူပဲလုပ်လုပ်လုံးဝလက်မခံဘူးဆိုတဲ့ မူနဲ့ပဲသွားနေပါတယ်။ ဒီထဲမှာမှ အမျိုးသမီးအခွင့်အရေးတွေကို လုပ်ပါတယ်ဆိုတဲ့အဖွဲ့ထဲက သူတွေက အခွင့်အရေးချိုးဖောက်တယ်ဆိုတာက ပိုပြီးတော့ ကြီးလေးတဲ့ အရာကို ကျူးလွန်တာပါဘဲ။ ကျူးလွန်ခံရတာ မှန်တယ်ဆိုသည့်တိုင် တစ်ဖက်တည်းအသံကို နားထောင်တာကလည်း မမျှတတဲ့အတွက် တစ်ဖက်ကိုလည်း တွေ့အောင်ကြိုးစားရမယ်။ အဲလိုပြီးတော့မှ ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ ကျားမ ရေးရာ တန်းတူညီမျှရေး ကွန်ရက်(GEN) အနေဖြင့် အမှန်တရား ပေါ်ပေါက်ရေးနှင့် လိုအပ်သော အရေးယူဆောင်ရွက်နိုင်ရေး အတွက် ထိုသို့တွေ့ကြုံခံစားခဲ့ရသူများ၏ သဘောဆန္ဒကို လေးစားကာဘက် လိုက်မှုမရှိ၊ ခြွင်းချက်မရှိ ရပ်တည်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ထိုသို့ ဆောင်ရွက်ရန် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန်လည်း အဆင် အသင့်ရှိကြောင်း ဇူလိုင် ၁၆ ရက်နေ့စွဲဖြင့် သတင်းထုတ် ပြန်ထားသည်။

ထုတ်ပြန်ကြေညာချက်တွင် ထိုကျူးလွန်သူအမျိုးသား၏အဖွဲ့အစည်းမှ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူအချို့တို့သည် ၎င်းပုဂ္ဂိုလ် ထိုသို့ကျူးလွန်နေသည်များကို မသိကျိုးကျွန်ပြုကာ တာဝန်ယူဖြေရှင်းပေးရန် ပျက်ကွက်မှုများရှိနေကြောင်း အသိပေး အကြောင်းကြားစာရရှိထားသည် ဟု လည်းပါရှိသည်။

တိုင်ကြားသူအမျိုးသမီးများ၏ လုံခြုံရေးကြောင့် အမျိုးသမီးများ၏ နာမည်များ၊ အရေအတွက် စုစုပေါင်း၊ တွေ့ဆုံမည့် နေရာ၊ အချိန်စသည့် အသေးစိတ်အချက်အလက်များကို မပြောကြားနိုင်ကြောင်း ကျားမတန်းတူညီမျှရေးကွန်ရက်မှ တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် အစွပ်စွဲခံရသည့် အမျိုးသား၏ အမည်နှင့် အဖွဲ့အစည်းကို ပြောဆိုရန်လည်း ငြင်းဆိုသည်။

လူမှုကွန်ရက်စာမျက်နှာများထက်တွင်မူ ကျူးလွန်သည်ဟု တိုင်ကြားခံထားရသည့် အမျိုးသားမှာ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်အဖွဲ့ဝင် Charity-Oriented Myanmar (COM-ဒါနရှေ့ဆောင် မြန်မာ) အဖွဲ့၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ ဦးချမ်းငြိမ်းအောင် ဖြစ်သည်ဟု ပျံ့နှံ့လျက်ရှိသည်။

Myanmar Now က ဒါနရှေ့ဆောင်မြန်မာ၏ ဆက်သွယ်ရမည့်နံပါတ်သို့ ဆက်သွယ်ပြီး ထိုသို့ သတင်းထွက်နေသည့်အတိုင်း အဖွဲ့အစည်းအကြီးအကဲတစ်ဦး တိုင်ကြားခံထားရသည်မှာ ဟုတ်မဟုတ်မေးမြန်းရာ ဖုန်းကိုင်သူ အမျိုးသားတစ်ဦးက ထိုကိစ္စအပေါ် မှတ်ချက်ပေးရန်ငြင်းဆိုပြီး “အချိန်ကျရင်တော့ တရားဝင်ကြေညာတာတွေရှိမှာပါ” ဟုသာ ဆိုသည်။

၎င်းသည် ဒါနရှေ့ဆောင်မြန်မာ၏ ပြောရေးဆိုခွင့်ရှိသူမဟုတ်ဟု ဆိုသောကြောင့် ပြောရေးဆိုခွင့်ရှိသူ၏ ဖုန်းနံပါတ်ကို တောင်းရာတွင်လည်း မပေးနိုင်ကြောင်း ငြင်းဆိုသည်။ ၎င်း၏အမည်နှင့်ရာထူးကို မေးမြန်းရာတွင်လည်း မဖြေကြားနိုင်ဟုသာ ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button