
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၇ အနီးရှိ မီးတိုက် စခန်းကို ယမန်နေ့ (စက်တင်ဘာ ၁၅) ညနေက ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး မိနစ် ၂၀ ခန့်အကြာတွင် AA က သိမ်းပိုက်နိုင်ခဲ့သည်ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အပြင်းအထန်ဖြစ်ကြတာ။ စက်သေနတ်နဲ့ အော်တိုပစ်တဲ့အသံကို ဒီကနေ ကြားနေရတယ်။ လက်နက် ကြီး၊ လက်နက်ငယ်အသံကို ၅ နာရီခွဲလောက်အထိ ကြားလိုက်ရတယ်။ အခုတော့ ရပ်သွားပြီ။ အဲဒီစခန်း ကို AA က သိမ်းလိုက်ပြီလို့ ကြားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သည့်အပြင် တောင်ပြိုဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တောင်ပြိုဘက်ကတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်၊ ပြီးတော့ (ဘူးသီးတောင်က) လေယာဉ် တစ်စီး အဲဒီဘက်ကိုသွားတာ တွေ့လိုက်တယ်။ အဲဒီ မီးတိုက်ရွာကလူတွေက မနေ့ကတည်းက အားလုံး ထွက်ပြေးသွားကြပြီလို့ သိရတယ်။ မနက်ပိုင်းကလည်း အဲဒီရွာဘုန်းကြီးပါမကျန် အားလုံး မောင်တောကို ပြေးလာကြပြီ”ဟု ဒေသခံတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် စစ်ကောင်စီက တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
အနီးနားရှိ တမန်းသားကျေးရွာမှ စစ်ကောင်စီဝန်ထမ်းတစ်ဦးကလည်း တိုက်ပွဲပစ်ခတ်သံများ ပြင်းထန် ကျယ်လောင်ကြောင်း ပြောသည်။
“ဖြစ်တဲ့တိုက်ပွဲက အသံတွေကြားလိုက်ရတာက ကမ္ဘာပြိုသလိုပါဘဲ။ မနားတမ်း တရစပ် ပစ်ပစ်တာ။ အပြန်အလှန် ပစ်ကြတာ ထင်တယ်”ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီ၏ စခန်းသုံးခုအထိကို AA သိမ်းပိုက်နိုင်ခဲ့သည်။ ဩဂုတ် ၃၁ က မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် ၄၀ အနီးရှိ စစ်ကောင်စီ တပ်စခန်းဆုံးရှုံးခဲ့သည့်နည်းတူ ယခုလ ၁၀ ရက်ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်း- ဂုပ္ပီ ဆက် သွယ်သည့် မေယုတောင်ကျော်လမ်းပေါ်ရှိ စခန်းကိုလည်း စစ်တပ်က လက်လွှတ်ခဲ့ရသည်။
တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်မြောက်ပိုင်းရှိ လမ်းပိုင်းအချို့ကို AA က ထိန်းချုပ်ထားရာ စစ်ကောင်စီက ရေယာဉ်များအသုံးပြုလျက် စစ်သည်အင်အား ရာနှင့်ချီဖြည့်တင်းလျက်ရှိသည်ဟုလည်း သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း မောင်တော – ကြိမ်ချောင်း၊ ကြိမ်ချောင်း – တောင်ပြိုနှင့် ကြိမ်ချောင်း – ဗန္ဓုလ သို့ ဆက်သွယ်ထားသည့် အဓိက ကားလမ်းမကြီးများကို AA က ထိန်းချုပ်ထား၍စစ်ကောင်စီ တပ်က ရေကြောင်းနှင့် လေကြောင်းကို အဓိကအသုံးပြုနေသည်။
“မောင်တောမြောက်ပိုင်းက နေရာတော်တော်များများကို AA က ထိန်းချုပ်ထားနိုင်ပြီလို့ သိရတယ်။ ကုန်းလမ်းကဆိုရင် စစ်တပ်က လာလို့မရတော့ဘူး။ ဒါကြောင့် အင်အားတိုးချတာကိုလည်း သူတို့က လေကြောင်းကနေ ချပေးတယ်။ ပြီးတော့ ရေကြောင်းက သင်္ဘောတွေနဲ့ ပို့တယ်”ဟု မောင်တော မြို့ခံတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)