
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရထားသည့် မုံရွာမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို ယခုလ ၈ ရက်တွင် စစ်ကောင်စီက သေဒဏ်ချနိုင်သော ပုဒ်မဖြင့် ထပ်မံစွဲချက်တင်လိုက်ကြောင်း သိရသည်။
ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် စစ်ကောင်စီ၏ မုံရွာထောင်တွင်းတရားရုံးက ယခုလ ၈ ရက်တွင် စွဲချက်တင်လိုက်ကြောင်း ၎င်း၏ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက ပြောသည်။
“အစောပိုင်း ဖမ်းဆီးပြီးတော့ သတင်းတွေ ထုတ်ပြန်တဲ့အခါမှာ မတရားအသင်းဆက်သွယ်မှု ၁၇ (၁) တို့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ တို့ အဲဒါတွေပါတယ်လေ။ အခု အဲဒါကို အကုန်လုံးခြုံငုံပြီးတော့ ၁၂၂ နဲ့ ထုတ်လိုက်တယ်လို့ သိရတယ်။ ၁၇ (၁) တို့ ၁၂၄ တို့ သီးသန့် မပါတော့ဘူး” ဟု ၎င်းက ပြောသည်။
နောက်ဆုံး စွဲဆိုသည့် ပုဒ်မ ၁၂၂ အမှုအတွက် ယခုလ ၂၂ ရက်တွင် ရုံးထုတ်စစ်ဆေးရန်ရှိကြောင်း ဒေါ်မိုးစန္ဒာကြူထံမှ သိရသည်။
“မုံရွာရှေ့နေတွေက သူ့အတွက် လိုက်မပေးရဲဘူး။ မန္တလေးရှေ့နေ ငှားရတာ။ မန္တလေးရှေ့နေကလည်း (တစ်ဦး) အဖမ်းခံလိုက်ရတယ်။ တစ်ဦး ရှောင်တိမ်းနေရတယ်လို့ ကြားတယ်။ နောက်ထပ် ထပ်ငှားဖို့ရာအတွက် ကျွန်မတို့ကလည်း ရှေ့နေတွေရဲ့ လုံခြုံရေးကို မပေးနိုင်ဘူး။ တခြားအခက်အခဲတွေလည်း ရှိတဲ့အတွက် မငှားတော့ဘူး” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။
လာမည့် စက်တင်ဘာ ၂၀ တွင် ပုဒ်မ ၅၀၅ အမှုအတွက် ၎င်းကိုယ်တိုင် တရားရုံးတွင် တရားခံပြသက်သေ ထွက်ဆိုရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ကိုဝေမိုးနိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများစွာဖြင့် စစ်ကောင်စီက အမှုဖွင့်လှစ်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇(၁)၊ ၁၂၄ နှင့် ၅၁၁ တို့ဖြင့် ဆက်လက်အမှုဖွင့်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလကုန်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဩဂုတ်လ ၁၂ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့်စွဲဆိုထားသည့် အမှုငါးမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ကိုဝေမိုးနိုင်အနေဖြင့် ဆိုင်ကယ်သပိတ်ဦးဆောင်မှုအတွက် ပုဒ်မ ၅၀၅၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ လူသေမှုပုဒ်မ ၃၀၂ (၂)၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂ စသည့် အမှုများကိုလည်း ရင်ဆိုင်နေရသည်။
အသက် ၂၆ အရွယ် ကိုဝေမိုးနိုင်သည် မုံရွာမြို့တွင် ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ် အိမ်စီးကားဖြင့်တိုက်ကာ ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂,၂၇၆ ဦးကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး ၁၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။
စစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ဦးကို ဇူလိုင်လက ကြိုးပေးကွပ်မျက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)