သတင်း

တောင်ကုတ်တွင် ဆရာဝန်တစ်ဦးကို လက်နက်ကိုင်တစ်စု ဖမ်းဆီး

ရခိုင်တောင်ပိုင်း၊ တောင်ကုတ်မြို့ပေါ်မှ ဆရာဝန်တစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၆) တွင် အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုထံမှ သိရသည်။

ချောင်းကောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းတွင် နေထိုင်သည့် ၄၂ နှစ်အရွယ် ဒေါက်တာကျော်သူရထွန်း ဆေးရုံအနီး ဖမ်းဆီးခံရသည်ဟု သူနာပြုဖြစ်သူ ဇနီးသည်က ပြောသည်။

“မနေ့က ကျွန်မကို ဆေးရုံလိုက်ပို့ပြီးအပြန် ဆေးရုံနားမှာ အဖမ်းခံတာပါ။ အဲဒီအချိန်မှာတော့ မသိသေးပါဘူး။ ဆက်သွယ်လို့လည်းမရဘူး၊ ကျွန်မ အိမ်ပြန်တဲ့အခါ ဖုန်းထပ်ခေါ်တော့ မရတော့ဘူး။ ဖုန်းကတော့ ဝင်တယ် မကိုင်တာ” ဟု ဒေါ်မို့မို့ဝါက ပြောသည်။

မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသည်ကို မသိရသေးဟု ဆိုသည်။

“သူ့သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်ပြီး မေးကြည့်တော့ သူတို့လည်း မနက် ၁၀ နာရီလောက်က ခေါ်ကြည့်တယ် မရဘူးလို့ ပြောကြတယ်။ အားလုံးက ဖုန်းဆက်လို့မရဘူးဆိုတော့ စိတ်ပူပြီး ကားနဲ့ အိမ်ပြန်တဲ့လမ်းအတိုင်း လိုက်စုံစမ်းတယ်” ဟု ဒေါ်မို့မို့ဝါက ဆက်ပြောသည်။

“လိုက်စုံစမ်းတော့ ဆရာကားပေါ်မှာ လူ သုံးလေးယောက် တက်သွားတယ်။ နောက်ကလည်း ဆိုင်ကယ် သုံး၊ လေးစီးနဲ့ တောင်ကုတ် တပ်ရှောင်လမ်းဘက်ကို မောင်းသွားတာ တွေ့တယ်လို့ မျက်မြင်တွေက ပြောတယ်။ စစ်တပ်က ဖမ်းသွားတယ်လို့ပဲ ပြောကြတယ်။ ကျွန်မတော့ တိတိကျကျ မသိရသေးဘူး။ နှာခေါင်းစည်း စည်းထားတဲ့လူတွေနဲ့ သွားတာ တွေ့လိုက်တယ်လို့ ပြောကြတယ်” 

တောင်ကုတ် တပ်ရှောင်လမ်းဆိုသည်မှာ တောင်ကုတ်-သံတွဲ ဆက်သွယ်ထားသည့် ကားလမ်းမကြီးဖြစ်ပြီး ခြေမြန်တပ်ရင်း ခမရ ၅၄၄ ရှိပြီး ထိုတပ်ထဲမှ ဖြတ်သန်းသွားရသောကြောင့် တပ်ရှောင်လမ်းဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ယမန်နေ့က တောင်ကုတ်မြို့မရဲစခန်းသို့ သွားရောက်ပြီး လူပျောက်တိုင်ချက် ဖွင့်ခဲ့သော်လည်း တာဝန်ရှိရဲအရာရှိတစ်ဦးက တစ်ရက်စောင့်ကြည့်ပြီး ပြန်ရောက်မလာပါက အမှုလာဖွင့်ရန် ပြောဆိုလိုက်ကြောင်း ဆက်ပြောသည်။

ဒေါက်တာကျော်သူရထွန်းမှာ စစ်တွေမြို့ မင်းဂံဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီး နေအိမ်တွင် ဆေးခန်းဖွင့်ထားသည်။

လွန်ခဲ့သည့် ၃ လခန့်က နေအိမ်ကို လူတချို့ လာရောက် စောင့်ကြည့်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင်လည်း ထိုသို့ စောင့်ကြည့်မှုများရှိခဲ့ကြောင်း အခြားမိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းမှာ ကမ္ဘာကပ်ရောဂါ ကိုဗစ်နိုင်တင်း ဖြစ်ပွားနှုန်းမြင့်တက်နေချိန် တခြားဆရာဝန်များ ဆေးခန်းမဖွင့်ချိန်၌ အများအကျိုးပြု ပရဟိတစိတ်ဖြင့် လှည့်လည်ဆေးကုသပေးခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း မိသားစုဝင်များက ဆိုသည်။

ဩဂုတ် ၁ ကလည်း တောင်ကုတ်မြို့နယ်မှ ရဲတပ်ကြပ်တစ်ဦး ပျောက်နေပြီး ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသတွင်း သတင်းများထွက်ပေါ်ခဲ့သည်။

အလားတူ ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့တွင်လည်း ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသလို ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button