သတင်း

တောင်ကုတ်တွင် ခြေထောက်ကို သံကြိုးဖြင့် ချည်ထားသည့် အလောင်း ၇ လောင်းတွေ့

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကုလာရောင်ရွာ ကမ်းခြေတွင် ခြေထောက်များကို သံကြိုးဖြင့် သော့ခတ် ချည်နှောင်ခံထားရသည့် အမျိုးသားအလောင်း ၇ လောင်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကုလာရောင်ရွာ ကမ်းခြေတွင် ခြေထောက်များကို သံကြိုးဖြင့် သော့ခတ်ထားသည့် အမျိုးသားအလောင်း ၇ လောင်းတွေ့ရှိကြောင်း သိရသည်။

မြို့နှင့် ၈ မိုင်ခန့်ဝေးသည့် ထိုကမ်းခြေသို့ ဒီရေဖြင့် မျောပါလာသည့် ရုပ်အလောင်းများကို ယမန်နေ့ (ဇူလိုင် ၂၄ ) နေ့လယ်က တွေ့ရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလောင်းတွေက ရေမြုပ်ပြီးတော့ ပွနေပါပြီ။ တချို့အလောင်းတွေမှာ ခြေထောက်ကို သံကြိုးနဲ့ ခတ်ပြီးတော့ သော့ခတ်ထားတာ တွေ့ရတယ်။ တချို့အလောင်းတွေ မျက်လုံးတွေကို အဝတ်စနဲ့ စည်းပိတ်ထားတယ်။ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အလောင်းတွေလည်း ပါတယ်” ဟု ထိုသူက ဆိုသည်။

အရပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားအလောင်းများဖြစ်ကြကာ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရပြီး ယမန်နေ့ကပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“မနေ့က ညနေ ခြောက်နာရီလောက်မှာပဲ အလောင်းတွေကို ရွာက သင်္ဂြိုဟ်ပေးလိုက်ရတယ်။ သံတွဲတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့အရပ်သားတွေဖြစ်နိုင်ခြေရှိတယ်။ သံတွဲ ဆင်ခေါင်းပင်လယ်ဝဘက်ကဆိုရင် ကုလရောင်မြစ်ဘက်ကို ရေကြောင်းသင့်တယ်” ဟု ၎င်းက ဆိုသည်။

သံတွဲရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၅၆၆ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၅၅ တို့ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြပြင်၊ ဂျိတ္တောတို့မှ ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားမှုများရှိရာ ထိုသူများဖြစ်နိုင်ကြောင်း ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

သို့ရာတွင် သေသူ မည်သူမည်ဝါနှင့် အရပ်သား (သို့) လက်နက်ကိုင် ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်သေးပေ။​

တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှု ကြီးကြီးမားမားမရှိသေးသော်လည်း AA စစ်ရေးခြိမ်းခြောက်မှု ရှိသောကြောင့် စစ်ကောင်စီသည် မြို့တွင်းအထပ်မြင့်အဆောက်အအုံတို့တွင် နေရာယူတပ်စွဲထားသလို စစ်အင်အားများလည်း ဖြည့်တင်းထားသည်ဟု သိရသည်။

သံတွဲမြို့နယ်ကို AA က အလုံးစုံသိမ်းပိုက်ပြီးပါက တောင်ကုတ်မြို့နယ်ရှိ စစ်စခန်းများလည်း တိုက်ခိုက်ခံရနိုင်သည်ဟု ယူဆ၍ ဒေသခံအများအပြား မြို့ကို စွန့်ခွာထွက်ပြေးသွားကြသည်။

လက်ရှိတွင် AA သည် သံတွဲမြို့ကို ထိန်းချုပ်ထားကာ လက်ကျန်တပ်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်စခန်းကို တိုက်ခိုက်နေသည်။

လက်ရှိတွင် တောင်ကုတ်တွင် မိုးရေကြီးမှုကြောင့် မြို့လုံးကျွတ်ရေကြီးနေပြီး မီးပျက်နေသည်ဟု သိရကာ AA ထိန်းချုပ်ထားသည့် သံတွဲမြို့တွင်လည်း ရပ်ကွက်တချို့ ရေကြီးနေကြောင်း သိရသည်။

“မြို့ပေါ်ရပ်ကွက်တွေမှာ ၄ ပေလောက်အထိ ရေကြီးနေတယ်။ အခု ပစ္စည်းတွေကို ကုန်းမြင့်ဒေသဘက်တွေကို ရွှေ့ပြောင်းနေတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ရေးအန္တရာယ်ကြောင့် ဒုက္ခကြုံတွေ့နေရချိန်တွင် ရေကြီးမှုလည်း ဖြစ်ပေါ်လာသောကြောင့် တစ်ပူပေါ် တစ်ပူထပ်ဆင့်ကာ ဒေသခံများသည် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေကြသည်။

စိုးရိမ်ရေမှတ်ရှိနေသည့် တောင်ကုတ်ချောင်းရေသည် ယနေ့ မွန်းလွဲတွင် ဆက်လက် မြင့်တက်လာရာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်ကုတ်မြို့ အမြင့်ပိုင်းရပ်ကွက်များမှ နေအိမ်များအထိ လူတစ်ရပ်ကျော် ရေမြင့်တက်နေပြီဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်များမှ ဒေသခံများက ပြောကြောင်း ဒေသအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားကြသည်။

တောင်ကုတ်မြို့အတွင်း ရေကြီးနေသည်ကို ယနေ့ မွန်းတည့်အချိန်က တွေ့ရစဉ်။ (ဓာတ်ပုံ-Khine Zaw Lin)

Show More

Related Articles

Back to top button