သတင်း

AA သံသယဖြင့် ဖမ်းခံရသည့် တောင်ကုတ်ဒေသခံ ၆ ဦး ထောင် ၄ နှစ်စီ ချခံရ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦး ယမန်နေ့ (ဇူလိုင် ၁၁) က ထောင် ၄ နှစ်စီ ချခံရသည်။

၂၀၂၀ ပြည့်နှစ် အစောပိုင်းကတည်းက ဖမ်းဆီးခံထားရသော အဆိုပါ ၆ ဦး မြို့နယ်ရဲစခန်း၌ ၃ နှစ်ခန့် ချုပ်နှောင်ခံရပြီးနောက် ပုဒ်မ ၅၀ (စျ) ဖြင့် ခရိုင်တရားရုံးက ထိုသို့ အပြီးသတ်အမိန့်ချခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ်ချခံရသူများမှာ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ဖောက်ကျေးရွာမှ ဦးကျော်တင်အောင်၊ ဦးထွေးမောင်၊ ကိုနေရဲဝင်း၊ မအီမြို့မှ ဦးမောင်ကြီး၊ ဦးမောင်ငယ်တို့ဖြစ်ကြသည်။

“စစ်သားအင်အား ၈၀ လောက်နဲ့ အိမ်ကို လာပြီးတော့ မေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတာပါ။ ဗျူဟာမှူးက မေးစရာရှိလို့ ခဏလိုက်ခဲ့ပါလို့ ခေါ်ယူသွားတာ” ကိုသန်းနိုင်၏ အစ်မဖြစ်သူ ဒေါ်သန်းသန်းဆင့်က Myanmar Now ကို ပြောသည်။

“အမိန့်ချဖို့ဆိုပြီး ချိန်းတာ ၆ လလောက်ရှိပါတယ်။ အမိန့်ကို တစ်ခါမှ မချဘဲ ရုံးချိန်းကို ဒီအတိုင်း သွားနေတာ။ အမှုတစ်ခုကို သူတို့ဥပဒေအတိုင်းသွားမယ်ဆိုရင် သွားပေါ့။ အခုမှ အမိန့်ချတယ်ဆိုတော့ မိသားစုအနေနဲ့ ခံပြင်းတာပေါ့။ ဘာလို့လဲဆိုတော့ ဥပဒေဟာ ဒီလိုပဲ ရေးဆွဲလားလို့။ ကိုသန်းနိုင်ဟာ ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း နဂိုကတည်းက ထောင်ချလို့ရတယ်လေ။ ဟိုဆွဲလိုက်၊ ဒီဆွဲလိုက်နဲ့ အချိန်က သိပ်ကြန့်ကြာသွားတယ်။ အဲဒါမှာ ထောင်က ၄ နှစ် ချလိုက်တော့ ကျေနပ်မှုတော့ မရှိဘူး” ဟု ဒေါ်သန်းသန်းဆင့်က ပြောသည်။

ဦးကျော်တင်အောင်၏ ဇနီးကလည်း ခင်ပွန်းအတွက် ရုံးချိန်း အကြိမ်ကြိမ်သွားရ၍ ငွေကြေးများစွာ ကုန်ကျသွားသဖြင့် အမိန့်ချသည့် ရုံးချိန်းသို့လည်း ငွေကြေးမတတ်နိုင်၍ မသွားရောက်နိုင်ခဲ့ကြောင်း ပြောသည်။

“သူ့ကို ဖမ်းသွားတာကတော့ ဘုန်းကြီးကျောင်းကို တစ်ချက်လိုက်ပြဆိုပြီး ခေါ်သွားတာ၊ ပြန်မလွတ်လာတော့ဘူး။ ကျွန်မတို့ယောက်ျားက AA လည်း မဟုတ်ပါ။ အိမ်မှာနေတယ်။ လယ်လုပ်တယ်။ ဒါပေမဲ့ သူတို့က စွပ်စွဲချင်လည်း စွပ်စွဲကြမှာပေါ့” ဟု ဒေါ်ခင်မိုးမြင့်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့က ယမန်နှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က အပစ်အခတ်ယာယီရပ်စဲမည်ဟု ကြေညာခဲ့ကြသည်။

အပစ်ရပ်သဘောတူရာတွင် AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ကတိကဝတ်ပါဝင်သည်ဟု ဖေဖော်ဝါရီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောထားသည်။

“စစ်ကောင်စီဘက်က အချိန်ဆွဲထားပြီးတော့ အခုထိ မလွှတ်ပေးသေး။ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စက ဒီနှစ်ဆန်းပိုင်းကပင် ပြီးပြတ်နေရမဲ့ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း အခုထိ ကျွန်တော်တို့ ပြည်သူတွေ လွတ်မြောက်လာတာ မရှိသေးဘူး” ဟု ဦးခိုင်သုခက ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

၂၀၁၈ နှစ်ကုန်မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုအထဲမှ ၂၀၃ ဦး ဆက်လက်အကျဉ်းကျနေကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်က တုံ့ပြန်ခြင်း မရှိပေ။

AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ မဖြစ်သော်လည်း ဒေသတွင်းစစ်ရေးအခြေအနေ တင်းမာနေကာ စစ်ကောင်စီကလည်း ၎င်းတို့အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံအနှံ့မှ လက်နက်ကိုင်တော်လှန်မှုများကြောင့် နေရာအများအပြားတွင် စစ်မျက်နှာဖွင့်ထားရသည်။

AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်ညီနောင် ၃ ဖွဲ့သည် တရုတ်ကြားဝင်မှုဖြင့် ဇွန်လဆန်းက ရှမ်းပြည်နယ်၊ မိုင်းလားမြို့တွင် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲကို သတ်မှတ်ရက်မတိုင်ခင် အဆုံးသတ်လိုက်ကြသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button