အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ခြိမ်းခြောက်မှုကြောင့် တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်ဟု AA ပြော

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်၏ အပြုအမူကြောင့် စစ်ပွဲလမ်းကြောင်းပေါ် အချိန်မရွေးပြန်ရောက်သွားနိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးလိုက်သည်။ 

ယခုရက်ပိုင်းအတွင်း သံတွဲ၊ တောင်ကုတ်၊ မောင်တော စသည့် မြို့နယ်များ၌ တစ်ရွာဝင်၊ တစ်ရွာထွက်ပြီး စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်နေသည်ဟု ယနေ့ (ဖေဖော်ဝါရီ ၂၇) ပြုလုပ်သည့် “အာရက္ခပြည်သူ့အစိုးရ” ဟု ခေါင်းစဉ်တပ်ထားသော သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

“မြန်မာစစ်တပ်က တစ်ရွာဝင်၊ တစ်ရွာထွက်သွားပြီး ULA/AA နဲ့ မပတ်သက်ဖို့၊ အဆက်အသွယ်မလုပ်ဖို့၊ ကူညီထောက်ပံ့မှုမပေးဖို့နဲ့ ULA/AA ဟာ တရားမဝင်အဖွဲ့အစည်းဆိုပြီး ပြောဆိုနေတာလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အထူးသတိထား စောင့်ကြည့်နေပါတယ်။ ဒီလိုလုပ်ရပ် အပြုအမူတွေကို ဆက်လို့ ဆိုးဆိုးဝါးဝါးလုပ်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့အကြား ၂၀၂၂ သြဂုတ်လမှ စတင်ဖြစ်ပွားသည့် တစ်ကျော့ပြန်တိုက်ပွဲများသည် နိုဝင်ဘာ ၂၆ တွင် “လူသားချင်းစာနာမှုဆိုင်ရာ” ခေါင်းစဉ်ဖြင့် ယာယီရပ်စဲသွားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်က ဆေးဝါး၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဒေသတွင်းသို့ သယ်ယူခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“(အပစ်ရပ်ထားပေမဲ့) အာရက္ခပြည်သူတို့ရဲ့ နေ့စဉ်လူမှုဘဝ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှုအတွက် နဂို ပုံမှန်လုပ်ဆောင်ခွင့်တွေမှာ ဟန့်တား၊ တားဆီးပိတ်ပင်မှုတွေ ဆက်လက်ရှိနေတုန်းဆိုတာကို ပကတိအခြေအနေမှန်ကို ပြည်သူတို့ကိုယ်တိုင် သိပြီးသားဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်မှာ သေနတ်သံတွေ တိတ်နေတယ်ဆိုပေမဲ့ အာမခံချက်အပြည့်အဝရှိတဲ့ တည်ငြိမ်မှုလို့ ပြောလို့မရသေးပါ” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် နည်းဗျူဟာအရ တစ်ဖက်မှာ အပစ်ရပ်ထားသော်လည်း အခြားတစ်ဖက်မှာ စစ်ရေးအရ လူ၊ လက်နက်၊ ရိက္ခာအင်အားဖြည့်တင်းနေမှုကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီဘက်က ဒီကြားထဲမှာ လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်း ဖြည့်တင်းနေတာတော့ ရှိပါတယ်။ ကျွန်တော်တို့ သိရမြင်ရသလောက်ကတော့ လက်နက်၊ ရိက္ခာ တခြားထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာစစ်တပ်ဘက်က တောက်လျှောက် ရွှေ့ပြောင်းနေတာတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင်လည်း နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကလည်း ရခိုင်မှာ နောက်ထပ်တိုက်ပွဲတွေ ပြန်ဖြစ်လာရင် အရင်တစ်ကြိမ်တုန်းကလို အထိနာတာတွေ၊ နယ်မြေဆုံးရှုံးတာတွေ၊ စခန်းတွေ ထပ်ကျတာတွေ မဖြစ်ရအောင် ကြပ်ကြပ်မတ်မတ်နဲ့ ညွှန်ကြား ပြင်ဆင်နေတဲ့ အနေအထားရှိတယ်လို့ သိထားပါတယ်”

ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် ယာယီအပစ်ရပ်စဲသည့်ကာလက ကတိပေးထားခဲ့သည့် အကျဉ်းသားလွှတ်ပေးရေးအစီအစဉ်လည်း အကောင်အထည်မပေါ်ခဲ့ကြောင်း သူက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလ အတောအတွင်းမှာ စစ်ကောင်စီဘက်က မတရားအသင်းပုဒ်မ၊ နောက်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ ကျွန်တော်တို့ အပြစ်မဲ့ အာရက္ခပြည်သူ၊ပြည်သားတွေကို အရင်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်။ အဲဒါကိုတောင်မှ စစ်ကောင်စီဘက်က အချိန်ဆွဲထားပြီးတော့ အခုထိ မလွှတ်ပေးသေး။ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စက ဒီနှစ်ဆန်းပိုင်းကပင် ပြီးပြတ်နေရမယ့်ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း အခုထိ ကျွန်တော်တို့ ပြည်သူတွေ လွတ်မြောက်လာတာ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။  

၂၀၁၈ နှစ်ကုန်မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ ဒေသခံ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်၊ ဆက်လက် အကျဉ်းကျနေသူ ၂၀၃ ဦး ကျန်ရှိနေကြောင်း AA ၏ စာရင်းများအရ သိရသည်။

“တိုက်ပွဲစဖြစ်ချိန်ကပင် တစ်ကျော့ပြန်တိုက်ပွဲကာလအထိ မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေဟာ အခုထိ ပြန်မလွတ်လာသေးဘဲ ဆက်လက်ပြီးတော့ မတရားဖမ်းဆီးခံထားရလို့ရှိနေဆဲပါ။ မြန်မာစစ်တပ်ဟာ အဲဒီအထဲက တချို့ကို စီရင်ချက်ချပြီး ထောင်ထဲထည့်ထားသလို အကြောင်းအမျိုးမျိုးပြပြီး တချို့ကို ရုံးချိန်း အကြိမ်ကြိမ်ရွှေ့ပြီး အချိန်ဆွဲချုပ်နှောင်ထားပြီး တချို့ကိုတော့ ပုဒ်မတွေ ထပ်တိုးတရားစွဲထားတာလည်း ရှိနေပါသေးတယ်” ဟု ဦးခိုင်သုခက ပြောသည်။

သို့ရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် နှစ်ဖက် သုံ့ပန်းလဲလှယ်မှုများ ပြုလုပ်ခဲ့ကြသေးသည်။ 

အပစ်ရပ်စဲထားချိန် AA က တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ကောင်စီက မနှစ်မြို့ပေ။

ထိုအခြေအနေတွင် ရခိုင်ဒေသတိုက်ပွဲရပ်တန့်ရေး စေ့စပ်ညှိနှိုင်းသူတစ်ဦးဖြစ်သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါ ဖေဖော်ဝါရီ ၄ တွင် စစ်တွေမြို့သို့ ရောက်ရှိလာကာ AA ၏ နိုင်ငံရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခဲ့ပြီး တိုက်ပွဲဆက်လက်ရပ်စဲထားရန် မှာကြားခဲ့ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button