ယနေ့ (ဇွန် ၁၈) နံနက် ၁၀ နာရီကျော်ခန့်တွင် လေတပ်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကံဆိပ်တောင်ကျေးရွာကို ဗုံးကြဲသဖြင့် အမျိုးသမီး ၃ ဦး သေဆုံး၊ ဒေသခံ ၇ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား ယနေ့ တိုက်ပွဲမရှိခဲ့သော်လည်း ထိုတိုက်ခိုက်မှု ပေါ်ပေါက်လာသည်၊ အရပ်သားများ ပစ်မှတ်ဖြစ်ခဲ့သည်ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
“ပေါက်ကွဲသံကိုတော့ မြို့ထဲကတောင် ကြားပါတယ်။ ပေါင် ၅၀၀ ဗုံးဖြစ်မယ်ထင်တယ်။ နှစ်ချက်ကြားလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူများထဲတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ထားသူ လူငယ်တစ်ဦး၊ အသက် ၇၀ အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒဏ်ရာရသူ ၇ ဦးအနက် ဆေးကုသမှုခံယူရန် လိုအပ်သည်၊ အပြင်းအထန်ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။
“ဗုံးက နေအိမ်နား တည့်တည့်ကိုကျတာဖြစ်လို့ ဒဏ်ရာများတဲ့သူက များပါတယ်။ တချို့ ပွန်းပဲ့ဒဏ်ရာရသွားတဲ့သူတွေလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။
တောင်ကုတ်မြို့အနီးတွင် ဇွန်လ ၁၅ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်၊ ဒရုန်းပျံသန်းခြင်းများ ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် မြို့ပေါ်ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ခွာသွားကြပြီးဖြစ်ပြီး ကျန်ရှိသည့်ဒေသခံများမှာ စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကို ရင်ဆိုင်နေရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“မြို့ကနေ ဘယ်ကိုမှထွက်လို့မရတဲ့ အနေအထားပါ။ ဘာလို့လဲဆိုတော့ သံတွဲလမ်းကြောင်းမှာလည်း တိုက်ပွဲဖြစ်နေတော့ သံတွဲဘက်ကလည်း ထွက်လို့အဆင်မပြေပါ “ဟု ၎င်းက ပြောသည်။
ပြည်မနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ရှားပါးလာကာ ကြက်ဥတစ်လုံး ကျပ် ၁၅၀၀ နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၁၆၀၀၀ ဖြစ်သည်အထိ စျေးနှုန်းမြင့်တက်နေသည်။
ရန်ကုန်၊ နေပြည်တော်တို့ထက် ၄ ဆမှ ၆ ဆအထိ များပြားသော စျေးနှုန်းများ ဖြစ်သည်။
တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် စကခ (၅) အခြေစိုက်ကာ လက်အောက်ခံ ခမရ၊ ခလရ တပ်ရင်း ၁၀ ရင်းရှိကာ တောင်ကုတ်မြို့တွင် ခမရ ၃၄၆၊ ၅၄၄၊ အမ်းတွင် ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃၊ ကျောက်ဖြူတွင် ခမရ ၅၄၂၊ ၅၄၃၊ ဂွမြို့တွင် ခမရ ၅၆၂၊ ၅၆၃၊ သံတွဲတွင် ခမရ ၅၆၆ တို့ ရှိကြသည်။
AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။
မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ အသက်အန္တရာယ်ကျရောက်နိုင်သဖြင့် ဒေသခံများ ဇွန် ၁၆ ညပိုင်းမှစတင် ထွက်ခွာရန် AA က အသိပေးထားသည်။