အတွေးအမြင်

မင်းအောင်လှိုင် အသက်ရှူပေါက်ရနေသော ကိုယ်ကျိုးစီးပွားကြည့် ပိတ်ဆို့အရေးယူမှု 

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သော လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများကို အနောက်နိုင်ငံများက တစ်ကျော့ပြန် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုလာသည်မှာ တစ်နှစ်ခွဲကျော်ပြီ ဖြစ်သည်။ 

ပိတ်ဆို့အရေးယူမှုများ မည်မျှထိရောက်မှုရှိသည်ကို သက်ဆိုင်ရာနိုင်ငံများက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် မြန်မာပြည်သူများလည်း တိတိကျကျ မသိရပေ။

ပြည်သူတို့ကမူ ထိရောက်မှု ရှိမရှိ ဆိုသည်ထက် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အရေးယူသည့်သတင်း ကြားရရုံမျှဖြင့် ကျေနပ်အားရကြပြီး၊ နိုင်ငံတကာက ပြည်သူများနှင့်အတူ ရပ်တည်နေသည်ဟူသော သိစိတ်က နွေဦးတော်လှန်ရေးအတွက် ကြီးမားသော အားဆေးတစ်ခွက် ဖြစ်ခဲ့သည်။

ပမာနှိုင်းရလျှင် မြင်မြင်ရာ ဖျက်ဆီးနေသော ဆင်ရိုင်းတစ်ကောင်၏ အင်အားကို မယှဉ်နိုင်သော်ငြားလည်း ထိုဆင်ရိုင်း၏ နှာမောင်းအတွင်းထိ ဝင်ရောက်ပြီး အသားနုကို ခဲလိုက်မည်ဆိုသည့် ခါချဉ်ကောင်ငယ်၏ စိတ်ဓာတ်မျိုးဖြင့် တော်လှန်နေကြသော ပြည်သူများသည် နိုင်ငံတကာမှ မည်သည့် ထောက်ခံမှုမျိုးကိုမဆို အကျိုးအပြစ် ဝေဖန်ဆန်းစစ်ခြင်းထက် ဝမ်းသာအားရ လက်ခံကြိုဆိုခဲ့ခြင်းက ပိုပါသည်။  

သို့သော် အနောက်နိုင်ငံများ၏ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများသည် တော်လှန်ရေး တစ်နှစ်ခွဲကျော်လာချိန်တွင် မည်မျှထိရောက်မှု ရှိခဲ့သနည်း ဆိုသည့်အချက်ကို ယခုအချိန်တွင် ဆန်းစစ်လေ့လာရန် လိုအပ်လာပါသည်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ၏ ဦးတည်ချက်များ

စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု အဓိကပြုလုပ်သည့်နိုင်ငံများမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများ ဖြစ်ပြီး၊ ယေဘုယျအားဖြင့် ဦးတည်ချက် သုံးရပ်ဖြင့် ပိတ်ဆို့အရေးယူလေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ 

ပထမဦးတည်ချက်မှာ မြန်မာပြည်သူများ၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး ရုန်းကန်ကြိုးပမ်းမှုကို ကျင့်ဝတ်သိက္ခာအရ ထောက်ခံကြောင်း (Moral Support) ပြသလိုခြင်း ဖြစ်သည်။ ထိုဦးတည်ချက်အတွက် မေးခွန်းထုတ်စရာ ဝိရောဓိ မဖြစ်ပါ။

ဒုတိယဦးတည်ချက်မှာ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံ မပြုလုပ်ရန် သက်ဆိုင်ရာနိုင်ငံအစိုးရများက စီးပွားရေးလုပ်ငန်းများကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ဤဦးတည်ချက်သည် စစ်ကောင်စီကို လတ်တလော မည်သည့်ဖိအားမျိုးမှ သက်ရောက်ခြင်းမရှိပါ။ သို့သော် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းသစ်များ မရရှိရန် တားဆီးခြင်းဖြစ်၍ ဝိရောဓိ မဖြစ်ပါ။  

တတိယဦးတည်ချက်မှာ စစ်အာဏာသိမ်းချိန်တွင် မြန်မာနိုင်ငံ၌ ရောက်ရှိနေပြီးသား ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားများ မဆုံးရှုံးစေရန် အကာအကွယ်ပေးသော ပိတ်ဆို့အရေးယူခြင်းမျိုး ဖြစ်သည်။ ဤအချက်ကို လက်ရှိအချိန်ထိ အနောက်နိုင်ငံများ၏ ပစ်မှတ်ထား အရေးယူမှုများတွင် ထင်ထင်ရှားရှား တွေ့မြင်နေရပြီး၊ ထိုနိုင်ငံများ၏ မြန်မာ့အရေး ရပ်တည်ချက် ဝိရောဓိများက အလေးထား ဆင်ခြင်သင့်သော အချက်ဖြစ်သည်။ 

အမှန်အားဖြင့် မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများမှာ အာရှတိုက်မှ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများက အဓိက ဖြစ် သည်။

အနောက်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု သိပ်မရှိလှသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍကဲ့သို့ စီးပွားရေးနယ်ပယ်များတွင် ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရမည် ဖြစ်သည်။ 

ထို့ကြောင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏အကျိုးစီးပွားများကို ကာကွယ်ရေးအခြေခံဖြင့် လုပ်ဆောင်ခဲ့သော ပိတ်ဆို့အရေးယူမှုသည် စစ်ကောင်စီကို မထိခိုက်ရုံမျှမက ပို၍ စီးပွားရေးအကျိုးအမြတ်များ ရရှိသွားခဲ့သည်ကို တွေ့မြင်လာရသည်။  

ထိုအချက်ကို အကြောင်းမဲ့ ပြောဆိုခြင်းမဟုတ်ပါ။ စစ်ကောင်စီကို နိုင်ငံခြားငွေ အလုံးအရင်းရှာဖွေပေးလျက်ရှိသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ရန် “သွေး စွန်းငွေ” (Blood Money) ပိတ်ဆို့ရေး လှုပ်ရှားမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိသည်။

ထိုလှုပ်ရှားမှု၏ အဓိကပစ်မှတ်ထားခြင်းခံရသော မြန်မာ့ကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့သိုက်နှင့် ပိုက်လိုင်းတွင် ရင်းနှီးမြုပ်နှံထားသည့် ပြင်သစ်အခြေစိုက် တိုတယ်လ် (TotalEnergies) ရေနံကုမ္ပဏီကြီးသည် နောက်ဆုံးတွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲက တစ်ခုတည်းသော ရေနံကုမ္ပဏီကြီး ထွက်ခွာရန် ဆုံးဖြတ်ပြီးမှ ဥရောပကောင်စီ (European Council) က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ အရေးယူမှု စတင်လုပ်ဆောင်ခဲ့သည်။ 

ထိုဖြစ်စဉ်နှစ်ခု၏ ဆက်စပ်မှုကို လေ့လာခဲ့ရာ ဥရောပကောင်စီ၏ ပိတ်ဆို့အရေးယူမှုကြောင့် MOGE သည် နိုင်ငံခြားငွေရရှိမှု ထိခိုက်သွားရမည့်အစား ပို၍ရရှိသွားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းဖြစ်ရပ်သည် အလွန်ဆိုးရွားသော လွဲချော်မှုကြီး ဖြစ်သွားခဲ့သည်။ 

ထိုသို့ဖြစ်ခဲ့သော အဓိကအကြောင်းရင်းမှာ ဥရောပကောင်စီသည် တိုတယ်လ်၏ အကျိုးစီးပွား မထိခိုက်ရေး အခြေခံပေါ်ကနေ MOGE ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

မတ် ၁ ရက်တွင် Thantlang Placement Affairs Committee က ထုတ်ပြန်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မြင်ကွင်း။ ဓာတ်ပုံ – TPAC

ဥရောပကောင်စီ၏ တိုတယ်လ်ကို ဥပဒေအကာအကွယ်ပေးခြင်းမှ MOGE အမြတ်ထွက်  

၂၀၂၂ ဇန်နဝါရီ ၂၁ တွင် TotalEnergies သည် ရတနာဓာတ်ငွေ့သိုက်နှင့် ပိုက်လိုင်းလုပ်ငန်းများ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ နောက်တစ်လတိတိအကြာ ဖေဖော်ဝါရီ ၂၁ တွင် မြန်မာစစ်တပ်ကို ၄ ကြိမ်မြောက် ပစ်မှတ်ထား အရေးယူမှု ပြုလုပ်ခဲ့ရာ MOGE ကိုပါ ထည့်သွင်းအရေးယူခဲ့သည်။

MOGE ကို ပိတ်ဆို့အရေးယူရသည့် အကြောင်းရင်းကို ဖော်ပြရာတွင် စစ်ကောင်စီသည် ယခုအခါ “MOGE ကို အပြည့်အဝထိန်းချုပ်ထားခြင်းနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အကျိုးအမြတ်များ ခံစားရရှိနေပြီး၊ နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီရှင်သန်မှုကို ဖျက်ဆီးနေသောကြောင့်” ဟု European Council’s Regulation တွင် ဖော်ပြထားပါသည်။

မြန်မာစစ်တပ်၏ နေ့စဉ်နှင့်အမျှ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အမြောက်အမြားသုံးပြီး ပြည်သူအပေါ် စစ်ပွဲဆင်နွှဲနေသော ကုန်ကျစရိတ်အတွက် နိုင်ငံခြားငွေ အလုံးအရင်းရှာဖွေ ကျားကန်ပေးနေသည်မှာ MOGE ဖြစ်ပါသည်။ MOGE ကို နိုင်ငံခြားငွေရှာဖွေပေးနေသော ကုမ္ပဏီများထဲတွင် တိုတယ်လ်အပြင် အမေရိကန်အခြေစိုက် Chervon ရေနံကုမ္ပဏီကြီးလည်း ပါဝင်နေသည်။  

အဆိုပါ နိုင်ငံခြားငွေများ ရရှိနေမှုကို ပိတ်ဆို့တားဆီးနိုင်မည်ဆိုလျှင် စစ်မိစ္ဆာတို့၏ အဖျက်စွမ်းအားကို ထိရောက်စွာ ကန့်သတ်ရာရောက်ပြီး၊ ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးမှုများကို ကာကွယ်ရာရောက်ပါသည်။ 

ထို့ကြောင့် MOGE နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော ပြင်သစ်အခြေစိုက် တိုတယ်လ်နှင့် အမေရိကန်အခြေစိုက် Chevron ရေနံကုမ္ပဏီကြီးတို့ကို MOGE ထံ သွေးစွန်းငွေများ မစီးဆင်းရေးနှင့် သက်ဆိုင်ရာအစိုးရများက အရေးယူပိတ်ဆို့ရေး မြန်မာပြည်သူများ မျှော်လင့်တကြီး တောင်းဆိုနေခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

ယခု ဥရောပကောင်စီက MOGE ကို ပိတ်ဆို့အရေးယူလိုက်သဖြင့် မြန်မာစစ်ခေါင်းဆောင်များထံ ရောက်ရှိမည့် နိုင်ငံခြားငွေများ မရောက်ရှိစေရန် ၎င်းတို့၏ ကြိုးပမ်းမှုများ အရာထင်ခဲ့ပြီဟု အစပိုင်းတွင် မြန်မာပြည်သူများ အားတက်ဝမ်းသာခဲ့ကြသည်။ 

သို့သော် ဥရောပကောင်စီ၏ ပိတ်ဆို့အရေးယူမှုသည် MOGE ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း မရှိသည့်အပြင် တိုတယ်လ် မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန် စာချုပ်စည်းကမ်းများအရ မြန်မာနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရမည် ဟူသော အကြောင်းပြချက်ဖြင့် MOGE ကို ငွေပေးချေမှုများ အပါအဝင် အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းတို့ကို ခြွင်းချက်ထား ခွင့်ပြုခဲ့သည်။ 

ထို့ကြောင့် ဥရောပကောင်စီသည် MOGE ကို ပိတ်ဆို့အရေးယူခြင်းထက် တိုတယ်လ်အတွက် လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အပံ့ပေးခြင်းအား လုပ်ဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ရလဒ်အနေဖြင့် MOGE သည် ပို၍ပင် အကျိုးအမြတ် ရရှိသွားခဲ့သည်။

ဥရောပကောင်စီ၏ လုပ်ရပ်သည် တစ်နည်းဆိုရလျှင် မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးနှင့် လူသားလုံခြုံမှု ခြိမ်းခြောက်ခံနေရခြင်းကို တုန့်ပြန်ဆောင်ရွက်ခြင်းထက် ကုမ္ပဏီတစ်ခု၏ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးရန် ပို၍ဦးစားပေးခဲ့သောကြောင့် ဖြစ်သည်။  

တိုတယ်လ်နေရာတွင် PTTEP အစားထိုး တာဝန်ယူခဲ့ခြင်း 

တိုတယ်လ်သည် ရတနာသဘာဝဓာတ်ငွေ့သိုက်နှင့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (Moattama Gas Transportation Company) နှစ်ခုစလုံးမှ နုတ်ထွက်သွားရာ ၎င်းပိုင်ဆိုင်သော အစုရှယ်ယာ ၃၁.၂၄ ရာခိုင်နှုန်းကို ထိုစီမံကိန်းတွင် ပါဝင်သော Chevron ၏ ကုမ္ပဏီခွဲဖြစ်သည့် UNOCAL Offshore Co. Ltd,  PTTEPနှင့် MOGE တို့က အသီးသီးခွဲဝေရယူခဲ့ကြသည်။

Source: PTTEP

တိုတယ်လ်သည် ရတနာစီမံကိန်းမှ နုတ်ထွက်သွားသော်လည်း မြန်မာနိုင်ငံ၏ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အပြီးတိုင် ထွက်ခွာသွားခြင်းမဟုတ်ကြောင်း သတိချပ်သင့်သည်။ 

မုတ္တမပင်လယ်ကွေ့တွင် နောက်ထပ် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်သော Block MD-7 တွင် PTTEP နှင့် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ထည့်ဝင်လျက် သဘာဝဓာတ်ငွေ့ရှာဖွေရေးကို ဆက်လက်လုပ်ကိုင်လျက် ရှိနေသေးသည်။ ထိုအစုရှယ်ယာများကို တိုတယ်လ်အနေဖြင့် ရောင်းချထားခြင်းမရှိသလို PTTEP ၏ တရားဝင်အင်တာနက်စာမျက်နှာတွင် တိုတယ်လ်ကို Block MD-7 ၏ ရှယ်ယာရှင်အဖြစ် ဖော်ပြထားဆဲ ဖြစ်သည်။

ဤနေရာတွင် သတိပြုသင့်သည့် အချက်တစ်ခုမှာ တိုတယ်လ် မြန်မာနိုင်ငံမှ ထွက်ခွာမည့်အကြောင်း ကြေညာသည့် ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တစ်နေ့တည်းမှာ Chevron ကလည်း မြန်မာနိုင်ငံက ထွက်ခွာမည့်အကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစပြီး Chevron သည် မြန်မာနိုင်ငံက ထွက်ခွာရန် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပဲ ပြန်လည်ငြိမ်သက်သွားခဲ့သည်။ 

Chevron  ထွက်ခွာမည်ဆိုလျှင် တိုတယ်လ်ကဲ့သို့ စာချုပ်စည်းကမ်း သတ်မှတ်ချက်အတိုင်း ရှယ်ယာရှင်များကို ၆ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် တိုတယ်လ်၏ အစုရှယ်ယာအများစုကိုပင် ထပ်မံရယူ ပိုင်ဆိုင်ခဲ့ရာ ရှယ်ယာပိုင်ဆိုင်မှု ၄၁.၁၀၁၆ ရာခိုင်နှုန်းဖြင့် ရတနာဓာတ်ငွေ့စီမံကိန်းကို အများဆုံး ပိုင်ဆိုင်ထားသည်။

မကြာသေးခင်က မြန်မာနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော် လက်မှတ်ရေးထိုး ပြီး သဘာဝဓာတ်ငွေ့မှ ဝင်ငွေများ စစ်ကောင်စီထံ မရောက်ရှိရေး MOGE ကို ပိတ်ဆို့အရေးယူရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ စာပေးပို့ တောင်းဆိုခဲ့သည်ကို တွေ့ရှိရသည်။

အကယ်၍ Chevron သည် ၎င်းကိုယ်တိုင် ဇန်နဝါရီလက ကြေညာထားသည့်အတိုင်း ထွက်ခွာမည်ဆိုလျှင် တိုတယ်လ် ထွက်ခွာသည့်နည်းလမ်းအတိုင်း အမေရိကန်အစိုးရ၏ ဥပဒေအကာအကွယ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ၎င်း၏ အစုရှယ်ယာများကို ပြန်လည်ရောင်းချတွင် ဝယ်ယူမည့်သူများမှာ PTTEP နှင့် MOGE သာ ကျန်ရှိမည်ဖြစ်သည်။ 

တိုတယ်လ်နှင့် ဥရောပကောင်စီအကြား လက်ဝါးချင်းရိုက် လုပ်ဆောင်သကဲ့သို့၊ Chervon နှင့် ဘိုင်ဒင်အစိုးရအကြား Chervon အကျိုးစီးပွားကာကွယ်ရေး လက်ဝါးချင်းရိုက် ဆောင်ရွက်လာပါက MOGE အတွက် နောက်ထပ် အကျိုးအမြတ် ထပ်မံရရှိသွားမည့် အမှားမျိုး ဒုတိယအကြိမ် မကျူးလွန်မိစေရန် အလေးထားလုပ်ဆောင်ရန် လိုအပ်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးကျေးရွာကို စစ်ကောင်စီတပ် ဝင်ပြီးနောက် ပျက်စီးမှုများကို ၂၀၂၂ ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

စစ်ကောင်စီထံ သွေးစွန်းငွေ မစီးဆင်းရေး နည်းလမ်းမရှိတော့ပြီလော

ယခုနှစ် ဇန်နဝါရီလက Human Rights Watch သည် တိုတယ်လ်ကို စာပေးပို့၍ သဘာဝဓာတ်ငွေ့ရောင်းချရငွေများကို စစ်ကောင်စီအား လွှဲပြောင်းမပေးဘဲ သီးခြားဘဏ်စာရင်း (Escrow account) ဖွင့်လှစ်ပြီး ထိန်းသိမ်းထားရန် တောင်းဆိုခဲ့ဖူးသည်။

HRW ၏ပေးစာကို တုန့်ပြန်ရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် MOGE ကို တိုက်ရိုက်ငွေပေးချေမှု မရှိဘဲ၊ သဘာဝဓာတ်ငွေ့ဝယ်ယူသော ထိုင်းအစိုးရပိုင် PTT ကသာ တာဝန်ယူ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် HRW က တောင်းဆိုသကဲ့သို့ သီးခြား ဘဏ်စာရင်းတစ်ခုဖြင့် ထိန်းသိမ်းထားရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း တုန့်ပြန်ခဲ့သည်။

တိုတယ်လ်သည် ရတနာဓာတ်ငွေ့စီမံကိန်း၏ အော်ပရေတာဖြစ်ပြီး၊ လုပ်ငန်းတစ်ခုလုံး၏ ငွေကြေးစီးဆင်းမှုတွင် အဓိကတာဝန်ရှိသော်လည်း။ ၎င်းသည် မည်သို့မျှတာဝန်မရှိပဲ PTT တွင်သာ တာဝန်ရှိကြောင်း ငြင်းဆိုချက်က ကျေနပ်ဖွယ် မရှိလှပါ။ 

ယခုအခါ ထိုင်းအစိုးရပိုင် PTT ၏ နိုင်ငံတကာကုမ္ပဏီခွဲဖြစ်သော PTTEP သည် ရတနာစီမံကိန်း၏ အော်ပရေတာနေရာကို ရယူခဲ့ရာ ထိုင်းနှင့် မြန်မာစစ်ကောင်စီတို့အကြား နီးစပ်မှုကြောင့် MOGE ထံ သွေးစွန်းငွေစီးဆင်းရေးမှာ ပို၍ပင် ခက်ခဲသွားသည့် အနေအထားရှိနိုင်ပါသည်။ 

PTT ကုမ္ပဏီသည် ရတနာ၊ ရဲတခွန်နှင့် ဇောတိက သဘာဝဓာတ်ငွေ့သိုက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်း ၃ လိုင်းဖြင့် တစ်ဦးတည်းဝယ်လျက်ရှိသည်။ 

ထိုင်းအစိုးရ အကောက်ခွန်ဌာနစာရင်းများအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး ၂၀၂၂  ဇူလိုင်အထိ ၁၈ လအတွင်း မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှု တန်ဖိုးမှာ လစဉ် တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရှိရသည်။

Source: https://www.customs.go.th/statistic_report.php?show_search=1&s=LMns7n2JAV0hEBSn 

ထိုသို့ တန်ဖိုးမြင့်တက်လာခြင်း၏ အကြောင်းရင်းတစ်ခုမှာ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်သလို၊ လစဉ်သဘာဝဓာတ်ငွေ့ပမာဏကို တိုးမြှင့်တင်သွင်းလာမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ဒေါ်လာ ၁၁၅ သန်းဖိုး တင်သွင်းခဲ့ရာမှ ၂၀၂၂ ဧပြီနှင့် ဇွန်လများတွင် သန်း ၂၀၀ အထိ အမြင့်ဆုံး တင်သွင်းခဲ့သည်။ ၂၀၂၁  ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ (၁၁) လအတွင်း သဘာဝဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁.၆ ဘီလီယံခန့် ရှိပါသည်။ 

၂၀၂၂ ဇန်နဝါရီမှ ဇူလိုင်အထိ (၇) လအတွင်း စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁.၃ သန်းနီးပါခန့် ရှိသဖြင့် ဒီဇင်ဘာလအထိ လက်ကျန် (၅) လအတွင်း တစ်လ ဒေါ်လာ သန်း ၂၀၀ နီးပါး ဝယ်ယူမည်ဆိုပါက တနှစ်လုံးအတွက် သဘာဝဓာတ်ငွေ့တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဘီလီယံကျော်မည်ဟု ခန့်မှန်းနိုင်ပါသည်။ အဆိုပါ တင်သွင်းမှု တန်ဖိုးထဲမှ Chervon, PTTEP နှင့် MOGE က အချိုးကျ ခွဲဝေရရှိမည် ဖြစ်သည်။ 

ယင်းပမာဏသည် ထိုင်းနိုင်ငံတစ်ခုတည်းက ဝယ်ယူတင်သွင်းမှုဖြစ်ပြီး၊ ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့သိုက်မှ တရုတ်နိုင်ငံသို့ တင်ပို့သော ပမာဏတန်ဖိုး ပါဝင်ခြင်းမရှိသေးပါ။

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်မားလာသည်နှင့်အမျှ သဘာဝဓာတ်ငွေ့ဈေးနှုန်းများလည်း မြင့်တက်လာတတ်သည့်အတွက် MOGE သည် ယခင်ကာလများထက် သဘာဝဓာတ်ငွေရောင်းချငွေ ပို၍ရရှိနေသည်ကို တွေ့ရှိရသည်။ 

အဆိုပါ အခြေအနေက ပြည်သူများကို ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်ရန် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများက စစ်လက်နက်များ ပိုမိုဝယ်ယူရန် အခွင့်အလမ်းပေးနေသကဲ့သို့ ရှိနေပါသည်။ 

ထို့ကြောင့် သွေးစွန်းငွေ ဖြတ်တောက်ရေး အမေရိကန်နှင့် မဟာမိတ်များက MOGE ကို အရေးယူ ပိတ်ဆို့မှုရန် မည်မျှအရေးကြီးကြောင်း အထက်ပါ ကိန်းဂဏန်းများက သက်သေပြလျက် ရှိသည်။

သို့သော် ဥရောပကောင်စီကဲ့သို့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပြီး ခြွင်းချက်ထား အရေးယူပိတ်ဆို့မှုမျိုး ထပ်မံ မပြုလုပ်သင့်ကြောင်းနှင့် MOGE ကို ပိုမိုကြီးထွားသွားစေမည့် အရေးယူမှု အမှားမျိုး ထပ်မံ မကျူးလွန်သင့်ကြောင်း သတိပေး သုံးသပ်တင်ပြလိုက်ရပါသည်။

ဆက်စပ်သတင်းများ

စစ်ကောင်စီ၏ စွမ်းအင်ဝင်ငွေကို အမေရိကန် ဖြတ်ပစ်တော့မည် | Myanmar NOW (myanmar-now.org)

မုတ္တမကမ်းလွန်ရှိ ရေနံသဘာဝဓာတ်ငွေ့စီမံကိန်းအားလုံး ထိုင်းကုမ္ပဏီများသိမ်းပိုက် | Myanmar NOW (myanmar-now.org)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button