မေးမြန်းခန်း

“ပြည်သူ မထိစေမည့် တော်လှန်ရေး မဟာဗျူဟာချရန်လိုအပ်”- KNDF နိုင်ငံရေးမှူး

မတူကွဲပြားသည့် အင်အားစုများအကြား ကျစ်လျစ်သည့် စုဖွဲ့မှုနှင့် လုပ်ငန်းစဉ်များ တူညီစေရန် ညှိနှိုင်းနိုင်ရေးမှာ တော်လှန်ရေးအတွက် အလွန်အရေးကြီးသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုနိုင်ငံရေးဌာနမှူး Khun AT က ပြောသည်။

KNDF သည် ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီကို အင်နှင့်အားနှင့် တော်လှန်နေသည့် အဖွဲ့များအနက် တစ်ခုဖြစ်သည်။ အာဏာသိမ်းပြီးနောက်မှ ပေါ်လာသည့် KNDF က ထူထောင်ပြီး တစ်နှစ်ကျော်ကြာချိန်တွင် တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုများ၊ အနိုင်အထက်ပြုကျင့်မှုများရှိလျှင် ပြည်သူတို့ တိုင်ကြားနိုင်ရန် လမ်းဖွင့်ပေးထားသည်။

ဗဟိုနိုင်ငံရေးဌာန၏ ကြီးကြပ်မှုဖြင့် ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ (Investigation Task Force – ITF) ကို ဖွဲ့စည်းကြောင်း KNDF က ဩဂုတ် ၂၈ တွင် ထုတ်ပြန်သည်။ 

ITF ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ တော်လှန်ရေး၏ အလားအလာတို့နှင့် ပတ်သက်၍ သိရှိနိုင်ရန် KNDF ဗဟိုနိုင်ငံရေး ဌာနမှူး Khun AT ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ITF ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးရှင်းပြပေးပါ။

ဖြေ – ITF စပြီး ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်က လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က သူ့မူလတာဝန်တွေကိုပဲ အပြည့်အဝထမ်းဆောင်သင့်တာဖြစ်ပြီးတော့ ပြည်သူလူထုအပေါ်မှာ မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတာမျိုးနဲ့ ရာဇဝတ်မှုကျူးလွန်တာမျိုးတွေ၊ စစ်သည်တော်ကျင့်ဝတ်ထက် ကျော်လွန်ပြီးတော့မှ ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ မလုပ်မိအောင် ထိန်းကျောင်းဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ KNDF တပ်ဖွဲ့တွေကို အကောင်းဆုံးထိန်းကျောင်းနိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။

နံပါတ်နှစ်ကတော့ မြေပြင်မှာ တချို့သော အမှုအခင်းတွေ၊  ပြည်သူတွေအပေါ်မှာ အနိုင်အထက်ပြုမှုတွေ အချို့ရှိပါတယ်။ အဲဒီအမှုအခင်းတွေကို အမြဲတမ်း တာဝန်ခံမှုအပြည့်နဲ့ စုံစမ်းစစ်ဆေးပြီးတော့မှ ပြည်သူတွေရဲ့ တိုင်ကြားမှုကို တရားဝင်လက်ခံတဲ့ Channel (လမ်းကြောင်း) တစ်ခု လိုတယ်လို့ ကျွန်တော်တို့ ဒီလိုယူဆတဲ့အတွက် ITF ကို ဖွဲ့စည်းတာဖြစ်တယ်။ …

KNDF တပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေသာ ဖြစ်ခဲ့ရင်တော့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ဖြစ်ပါတယ်၊ အဓိကကတော့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ရယ် ကျွန်တော်တို့တပ်ဖွဲ့က မူလရည်မှန်းချက် ကိုယ့်ရဲ့ တော်လှန်ရေးတာဝန်ကို အပြည့်အဝထမ်းဆောင်ဖို့ဖြစ်ပြီး မလိုလားအပ်တဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဖြစ်ပါတယ်။ 

မေး – ITF မှာ ပါဝင်သူတွေက KNDF ထဲကပဲလား၊ တခြားရော ပြင်ပအဖွဲ့အစည်းက ဘယ်သူတွေပါသလဲ။

ဖြေ – လောလောဆယ်မှာတော့ ITF မှာ KNDF ရဲ့ ဗဟိုကော်မတီဝင်တွေ ပြီးတော့ ဗဟိုအဆင့်ဌာနဦးစီးတချို့ ပြီးတော့ KNDF နဲ့ ဆက်စပ်တဲ့ တပ်ဖွဲ့ဝင်တော့မဟုတ်ဘူး ရဲဘော်မဟုတ်ဘူးပေါ့နော် KNDF နဲ့ ဆက်စပ်တဲ့ သာမန်အရပ်သားအချို့ ပါပါတယ်။ အပြင်ကလူတွေကတော့ လောလောဆယ် မပါသေးဘူး။ KNDF ရဲ့ အဝန်းအဝိုင်းထဲကပဲလို့ ပြောလို့ရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဝင်များ။ ဓာတ်ပုံ-KNDF

မေး – စစ်ဘက်ဆိုင်ရာ အက်ဥပဒေ ရေးဆွဲထားပြီလို့ သိရတယ်။ ဘယ်တော့ ပြဋ္ဌာန်းမလဲ။ 

ဖြေ – စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဗဟိုကော်မတီအဆင့်သုံးသပ်ချက်တွေ ပြင်ဆင်ချက်တွေကတော့ ပြီးသွားပါပြီ။ အဲဒါ တပ်မှူးတွေ အစုံအလင်နဲ့ သူတို့အကြံပြုချက်တွေ အခြေအနေတွေကို ထပ်မံဖြည့်စွက်ပြီးရင်တော့ ဒီအက်ဥပဒေကို အတည်ပြုပြီးမှ ပြဋ္ဌာန်းကျင့်သုံးဖို့ ဖြစ်ပါတယ်။ ရက်ကတော့ မကြာတော့ပါဘူး။ ကျွန်တော်ထင်တယ် ရက်သတ္တပတ်ပဲ စောင့်ရပါတော့မယ်။ လပိုင်းလောက်တောင် ကြာတော့မှာ မဟုတ်ပါဘူး။ 

မေး – ဒီအက်ဥပဒေကရော ဘယ်လိုစံနှုန်းတွေနဲ့ ရေးဆွဲထားသလဲ။ ဘယ်သူတွေ ပါဝင်ရေးဆွဲထားတာလဲ။

ဖြေ – KNDF ရဲ့ Military Act ကတော့ နိုင်ငံတကာက တချို့သော စစ်ဥပဒေတွေကို ကျွန်တော်တို့ ကိုးကားတယ်။ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့မှာ ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေရှိတယ်၊ တချို့လည်း စစ်ဥပဒေတွေရှိတယ်၊ သူတို့ဆီက ကောင်းမွန်တဲ့ အချက်အလက်တွေလည်း ကျွန်တော်တို့ ကိုးကားတယ်။ အဲဒီဟာတွေ အခြေခံပြီးတော့မှ ကရင်နီပြည်ရဲ့ အခြေအနေနဲ့လည်း ကိုက်ညီတဲ့ ပြီးတော့ KNDF ရဲ့ ဖွဲ့စည်းပုံ၊ တပ်တည်ဆောက်ပုံတွေနဲ့ ကိုက်ညီပြီးတော့မှ ကျွန်တော်တို့ ပြည်သူတွေရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မယ့် အခြေအနေတွေပေါင်းစပ်ပြီးမှ ဒီလိုစံနှုန်းတွေနဲ့ ကျွန်တော်တို့ ရေးဆွဲထားပါတယ်။ ရေးဆွဲတာကတော့ KNDF ရဲ့ ဗဟိုနိုင်ငံရေးဌာနက အဓိကဦးဆောင် ရေးဆွဲခဲ့တာဖြစ်ပါတယ်။ 

မေး – ITF က ကရင်နီပြည် ဘယ်မြို့နယ်တွေကို လွှမ်းခြုံနိုင်မလဲ။ 

ဖြေ – ITF က ကရင်နီပြည်တစ်ခုအတွက်ပဲ လွှမ်းခြုံနိုင်ဦးမယ်လို့ ပြောနိုင်ပါတယ်။ အဓိကတော့ KNDF တပ်ဖွဲ့ဝင်တွေ တပ်တည်တဲ့နေရာတွေ တပ်ကျင်လည်နေတဲ့ နေရာတွေပဲ လွှမ်းခြုံနိုင်မယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ ကရင်နီပြည်လို့ ပြောတဲ့နေရာမှာ လက်ရှိ ကယားပြည်နယ်ရဲ့ ၇ မြို့နယ်ပေါ့နော်။ လွိုင်ကော်၊ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲနဲ့ မယ်စဲ့ ၇ မြို့နယ်အပြင် ကျွန်တော်တို့ KNDF တွေရှိနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ပေါ့။ တကယ်တမ်းတော့ ဖယ်ခုံမြို့နယ်ကလည်း ကရင်နီပြည်ရဲ့ အစိတ်အပိုင်းပဲလို့ သမိုင်းကြောင်းအရ ဆက်စပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၈ မြို့နယ်လောက်အထိကို လွှမ်းခြုံမယ်လို့ ယူဆတယ်။ သို့သော် KNDF တပ်ဖွဲ့ဝင်တွေက အခြားသော ဒေသတွေမှာ သွားရောက်ပြီး ကျူးလွန်တာဖြစ်ခဲ့ရင်လည်း ITF ကတော့ KNDF တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ရင် တာဝန်ယူမှာဖြစ်ပါတယ်။ 

မေး – KNDF မဟုတ်ဘဲ တခြားတပ်ဖွဲ့တွေက ကျူးလွန်တဲ့ ပြစ်မှုမျိုးဆိုရင်ရော ITF က စုံစမ်းအရေးယူလို့ရလား။ 

ဖြေ – KNDF မဟုတ်တဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်တဲ့ အမှုမျိုးဆိုရင်တော့ ကျွန်တော်တို့ ITF က စုံစမ်းပြီးမှ တစ်စုံတရာ အရေးယူနိုင်မယ့် အနေအထားမရှိပါဘူး။ သို့သော် ပြည်သူတွေက အမှုအခင်းတစ်စုံတစ်ရာ ကြုံတွေ့တဲ့အခါမှာ ဘယ်အဖွဲ့အစည်းက ဖြစ်ပါတယ်ဆိုတာ များသောအားဖြင့် မသိရပါဘူး။ သူတို့ကို အဖွဲ့နာမည် လွှဲပြီးပြောတာ၊ တချို့က ဘက်တံဆိပ်တွေ အဖွဲ့နာမည်တွေ မပေါ်လွင်အောင်ပေါ့နော် ထိမ်ချန်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဘယ်အဖွဲ့မှန်း မရှင်းလင်းတာက အများစုဖြစ်ပါတယ်။ အဲလိုမျိုး မရှင်းလင်းတဲ့ အမှုအခင်းတွေ ကြုံရတဲ့အခါမှာ KNDF ရဲ့ ITF ကို ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်ဖို့ ကျွန်တော်တို့ကတော့ ဖိတ်ခေါ်ချင်တယ်။ တိုင်ကြားတဲ့အခါမှာ ITF ရဲ့ စုံစမ်းလေ့လာမှုအရ KNDF ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲလိုဖြစ်လာရင်တော့ အရေးယူဆောင်ရွက်မှုတွေက ရှင်းရှင်းလင်းလင်း ဖြစ်မှာ ဖြစ်ပါတယ်။ တကယ်လို့ KNDF မဟုတ်ဘဲ တခြားအဖွဲ့အစည်းတစ်ခုခုရဲ့ ဆောင်ရွက်မှုတွေ ဖြစ်နေပါတယ်ဆိုတဲ့ တွေ့ရှိချက်မျိုး တွေ့ခဲ့ရင်လည်း ကာယကံရှင်ပြည်သူတွေကို ကျွန်တော်တို့က … သြော် … ဒီအမှုကတော့ KNDF နဲ့ မဟုတ်ဘဲနဲ့ ဘယ်သူဘယ်ဝါနဲ့ ဆက်စပ်နေပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကို ပြန်ပြီး ပြောပြနိုင်မှာဖြစ်ပါတယ်။

တွေ့ရှိချက်ကို ပြောပြတဲ့အခါမှာ ကြုံတွေ့ရတဲ့ ပြည်သူကိုယ်၌က နစ်နာချက်တွေကို တိုင်ကြားနိုင်မယ်။ ဒီလိုမျိုး အခွင့်အလမ်းတစ်ခုလည်း ဖြစ်သွားနိုင်တယ်လို့ ကျွန်တော်တို့ ဒီလိုယူဆပါတယ်။ …

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)က လူနှင့်ယာဉ်များကို စစ်ကောင်စီက မီးပုံရှို့ခဲ့သည်။ ဓာတ်ပုံ − KNDF

မေး – အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုမျိုးတင်မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်တဲ့ ပြဿနာတွေဆိုရင်ရော ITF နဲ့ သက်ဆိုင်ပါသလား။ 

ဖြေ – ITF ကတော့ အထူးသဖြင့် KNDF တပ်ဖွဲ့ဝင်တွေက ပြည်သူတွေပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူမှာ ဖြစ်သလို KNDF တပ်ဖွဲ့တွင်းမှာ တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်သားအချင်းချင်းကြားမှာဖြစ်စေ၊ တပ်မှူးတွေက တပ်သားတွေအပေါ်မှာ အနိုင်အထက်ပြုရင်ဖြစ်စေ၊ အပြန်အလှန် မကျေလည်ခဲ့ရင်ဖြစ်စေ တပ်တွင်းမှာတော့  အဆင့်ဆင့်နဲ့ တိုင်ကြားတဲ့ procedure (လုပ်ငန်းစဉ်) တွေ ရှိထားပါတယ်။

သို့သော် ဒီ ITF ကိုလည်း သူတို့တွေ တိုင်ကြားနိုင်ဖို့ အသိပေးထားပြီး ဖြစ်ပါတယ်။ ITF ကို တိုင်ကြားတဲ့နေရာမှာ ရာထူးတွေ၊ နာမည်တွေ ထိမ်ချန်ပြီးမှ တိုင်ကြားနိုင်တာဖြစ်တဲ့အတွက် အရာရှိ (သို့မဟုတ်) အထက်လူကြီးတွေကို ကြောက်ရွံ့ရတဲ့ တပ်သားတွေဖြစ်ခဲ့ရင် ITF ကို တိုင်ကြားခြင်းအားဖြင့် သူတို့အတွက် ပိုပြီးတော့ လုံခြုံတဲ့ တိုင်ကြားရေး Channel တစ်ခု ဖြစ်ကောင်းလည်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဓိကတော့ အရပ်သားအပေါ်မှာ ကျူးလွန်တဲ့ပြစ်မှုသာမကဘဲနဲ့ တပ်ဖွဲ့အတွင်း အချင်းချင်းကြားမှာဖြစ်တဲ့ ဖြစ်စဉ်တွေပါ တပ်သားတွေအနေနဲ့ ITF ကို တိုင်ကြားနိုင်ဖို့ အသိပေးထားပြီးသားဖြစ်ပါတယ်။

မေး – လက်ရှိ ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေအပေါ် အနိုင်အထက်ပြုကျင့်တဲ့အမှုတွေ ဘယ်လိုအခြေအနေရှိပါသလဲ။ အမှုဘယ်နှခုလောက်ရှိပါသလဲ။ 

ဖြေ – အနိုင်အထက်ပြုမှုက အရေအတွက်အတိအကျ မပြောတတ်ပေမဲ့ ရှိတာတော့ ရှိတယ်လို့ ဝန်ခံရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အခွန်ကောက်ခံတာ၊ ရိက္ခာတောင်းယူတာ၊ ဂိတ်တွေဖွင့်လှစ်ပြီးမှ စစ်ဆေးတဲ့အခါ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံတာ ပုံစံအမျိုးမျိုးနဲ့ပေါ့နော်၊ လူထုတွေ မလိုလားဘဲ ထိခိုက်နစ်နာတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ကျူးလွန်တာကတော့ အဖွဲ့တွေအစုံပေါ့နော်၊ ဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးဆိုတော့ အဖွဲ့အစုံရဲ့ အမှုအခင်းတွေ ရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး – ကရင်နီပြည်မှာ ကရင်နီပြည်ရဲဌာန (KSP) ဆိုတာလည်း ရှိတယ်ပေါ့နော်။ KSP နဲ့ ITF လုပ်ငန်းစဉ်တွေက ဘာကွာလဲ။

ဖြေ – မြင်သာအောင်ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ၊ ပြည်နယ်တစ်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့က ဆောင်ရွက်တယ်၊ သာမန်ရာဇဝတ်မှုတွေ အမှုအခင်းတွေကို ဆောင်ရွက်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင်တော့ ကရင်နီပြည် ဒီတော်လှန်ရေးကာလမှာကတော့ KSP လို့ခေါ်တဲ့ ကရင်နီပြည်ရဲက တာဝန်ယူမှာဖြစ်တယ်။ သူနဲ့ အဓိက သက်ဆိုင်တာဖြစ်ပါတယ်။

ITF ကတော့ တပ်ဖွဲ့ပေါ့နော်။ ပြည်နယ်ကာကွယ်ရေးတပ်ဖြစ်တဲ့ KNDF ရဲ့ တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ပြစ်မှုများရှိခဲ့ရင် တိတိကျကျ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူဆောင်ရွက်နိုင်ဖို့ ပိုပြီးတော့မှ ရည်ညွှန်းတာဖြစ်ပါတယ်။ KSP ကတော့ အရပ်ဘက် ဥပဒေစိုးမိုးရေးကဏ္ဍဖြစ်ပြီးမှ ITF ကတော့ KNDF တပ်ဖွဲ့အတွင်း စုံစမ်းစစ်ဆေးအရေးယူနိုင်တဲ့ ယန္တရားတစ်ခုဖြစ်မယ်လို့ ပြောရမယ်ထင်ပါတယ်။ 

မေး – ဒီနွေဦးတော်လှန်ရေးအတွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတချို့က ပြည်သူတွေကို မှားယွင်းသတ်ဖြတ်တဲ့ ဖြစ်စဉ်မျိုးရှိသလို လက်နက်ကိုင်အချင်းချင်း သတ်ဖြတ်တဲ့ သတင်းတွေလည်း ကြားသိနေရပါတယ်။ ဒီအခြေအနေတွေ ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားပါသလဲ။

ဖြေ – အဓိကတော့ အန္တရာယ်အရှိဆုံးက အရမ်းသွေးဆူတဲ့ ခံစားချက်အပေါ် အခြေခံပြီးတော့မှ ပြန်ပြီးတော်လှန်ပါတယ် ဆိုတာ တစ်ခုတည်းနဲ့ လက်နက်ကိုင်ရင်တော့ ဒီလိုအခြေအနေတွေ ဖြစ်တတ်တာ ပိုများမယ်လို့ ယေဘုယျအားဖြင့် ယုံကြည်တယ်။ တော်လှန်ရေးက ခံယူချက်အပေါ်မှာ အခြေခံရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အင်အားစုတစ်ခု၊ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက နိုင်ငံရေးအခြေခံ ရှင်းရှင်းလင်းလင်းနဲ့ ခိုင်ခိုင်မာမာရှိဖို့လိုတယ်။ …

ဒီလို မဟုတ်ဘဲနဲ့ နိုင်ငံရေးမူဝါဒတွေ မခိုင်မာတဲ့အခါမှာ၊ လုပ်ငန်းစဉ်တွေ မရှင်းလင်းတဲ့ အခါမှာ သံသယ နည်းနည်းရှိရင်တောင်မှ ဒလန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းလင်းကြတာမျိုး၊ တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်တွေ့တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်ကြတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဒီလို ယေဘုယျအားဖြင့် ယူဆတယ်။ …

တစ်ခါတရံမှာကတော့ သူတို့ရဲ့ နောက်ခံပေါ့နော် ဥပမာ ကိုယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တယ်၊ သူကတော့ ဘာအဖွဲ့ဖြစ်တယ် စသဖြင့်ပေါ့ အစွဲတွေလည်း ရှိတတ်တယ်။ ဒီလိုအစွဲပေါ်မှာ အခြေပြုပြီးတော့မှ ကိုယ်နဲ့မတူရင်၊ အဖြူမဟုတ်ရင် အမဲပဲဆိုတဲ့ ဒီလိုမျိုး စွပ်စွဲမှုတွေ၊ ရှုမြင်မှုတွေက အန္တရာယ်ကြီးတယ်လို့ မြင်တယ်။ အထူးသဖြင့်ကတော့ ဒီလိုမဖြစ်ဖို့ဆိုရင်တော့ COC (Chain of command) တစ်ခုတည်း သို့တည်းမဟုတ် ဒေသတစ်ခုမှာဆိုရင် ကျစ်လျစ်တဲ့ စုဖွဲ့မှုနဲ့ လုပ်ငန်းစဉ်တွေ တူညီအောင် ညှိနှိုင်းဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။

ဒီလိုမရှိဘူးဆိုရင် တော်လှန်ရေးကို နှောင့်နှေးစေတာအပြင် ပြည်သူလူထုကို ပိုပြီးမှ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတစ်ခုသာဖြစ်ပါလိမ့်မယ်။ အောင်မြင်မှုနဲ့ နီးစပ်တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ဖို့ဆိုရင်တော့ ပြည်သူကို မထိခိုက်အောင်နဲ့ တကယ့်စစ်ရေးပစ်မှတ်တွေကို ထိထိမိမိ ချေမှုန်းတိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့လိုတယ်။ အဲဒီလို မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ရှင်းလင်းတဲ့ နိုင်ငံရေးမူဝါဒတွေ နိုင်ငံရေးလမ်းစဉ်တွေကို ချမှတ်ထားဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button