သတင်း

လူနာတစ်ဦး ပယောဂကုရင်း သေဆုံးသဖြင့် လူနှစ်ဦးကို အမှုဖွင့်ကာ ဖမ်းဆီးထား

ရန်ကုန် –  ပယောဂဆရာဖြင့် ကုသမှုခံယူနေစဉ်အတွင်း လူနာတစ်ဦး အသက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်းတွင် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သဖြင့် ပယောဂဆရာနှင့် ၎င်း၏တပည့်ရင်းတို့ကို သေဆုံးသူ၏မိသားစုက ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပိုက်တန်းကျေးရွာနေ အသက် ၂၃ နှစ် အရွယ် မောင်ဝေမင်းဦး(ခ) ယာဆင် ဖြစ်ကာ ၎င်းကို ပယောဂလက်ခံကုသသည်ဟုဆိုသည့် ကျုံမငေးမြို့နယ် ငမြင်းချောင်း ကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းကို ကုသသည့် ပယောဂဆရာဟုဆိုသူရော၊ ၎င်းကို လက်ခံကုသပေးသည့် အိမ်ရှင်ကိုရော ကျုံမငေးမြို့မရဲစခန်းတွင် ချုပ်ထားပြီး ဝါးခယ်မမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ ရမန်ယူထားသည်။

မောင်ဝေမင်းဦးသည် ညဘက်တွင် အမှောင့်ပူးသကဲ့သို့ မူမမှန်ဖြစ်ကာ ထထအော်တတ်သည့် အမူအရာမျိုး ဖြစ်လာကြောင်း၊ ထိုအချိန်တွင် ကျုံမငေးအပိုင် ငမြင်းချောင်းကျေးရွာနေ ဦးဝင်းရွှေ (ခေါ်) မူချီးများ ဆိုသူက ၎င်း၏ ဆရာ ပယောဂဆရာဖြင့် ကုသလျှင် ကျိန်းသေပျောက်မည်ဟု အာမခံသဖြင့် လပွတ္တာမြို့နယ်နေ ပယောဂဆရာ အသက် ၃၀ ဝန်းကျင်ရှိ ဦးအောင်အောင်ထွန်း (ခေါ်) အီဗရာဟင်နှင့် ကုသစေခဲ့ကြောင်း သေဆုံးသူ၏အဘိုးတော်စပ်သူ ဦးစိန်လှဝင်းက Myanmar Now ကို ပြောသည်။

“ဝင်းရွှေပြောစကားယုံပြီး သူ့အဖေနဲ့အမေက ကုလိုက်တာ။ သူတို့က ‘ပျောက်ပါမယ်၊ အာမခံပါတယ်’ပြောတော့ ကလေးကိုထည့်လိုက်တာ”ဟု အဘိုးတော်သူ ဦးစိန်လှဝင်းက ဖုန်းဖြင့်ပြောသည်။

အစပိုင်းတွင် ပယောဂဆရာက ပိုက်တန်းကျေးရွာ အိမ်သို့လာကုကြောင်း၊ နောက်ပိုင်းတွင် ခရီးသွားလာရေး အဆင်မပြေသဖြင့် ငမြင်းချောင်း ကျေးရွာရှိ တပည့်ရင်း ဦးဝင်းရွှေ အိမ်၌ပင်ခေါ်ထားကာ ကုသကြောင်း၊ ထိုအိမ်သို့ရောက်ပြီး ၂၂ ရက်အကြာ ဇူလိုင်လ ၇ ရက်နေ့တွင် သေဆုံးရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ငမြင်းချောင်းကျေးရွာနှင့် ကာယကံရှင်မိသားစုနေထိုင်သည့် ရွာမှာ ရေလမ်းခရီးဖြင့် သွားရောက်ရပြီး ခရီးဝေးခြင်းကြောင့် ကုသစဉ်အတွင်း မိသားစုဝင်များ မသွားရောက်နိုင်ခဲ့ဘဲ မောင်ဝေမင်းဦး ဆုံးကြောင်း ဦးဝင်းရွှေက လာပြောမှ မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ငမြင်းချောင်း ကျေးရွာသို့ လိုက်သွားသည့်အခါ မောင်ဝေမင်းဦး သေဆုံးနေသည်ကိုတွေ့ရကြောင်း၊ ဒဏ်ရာများလည်း တွေ့ရှိရကြောင်း မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် ပိုက်တန်းကျေးရွာအုပ်စု ရာအိမ်မှူးက ပြောသည်။

“(ဇူလိုင်လ ၇ ရက်နေ့) ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ကလေးက တောင့်နေပြီ။ ပတ်ဝန်းကျင် ပြောစကားအရ မသေခင် သူ့ကို ရေနွေးအိုးနဲ့ ကပ်တယ်။ ဖနောင့်နဲ့ကန်တယ်။ ခါးပတ်နဲ့ရိုက်တယ် ပြောတယ်။ စခန်းမှူးနဲ့ ကျွန်တော်တို့ စစ်တဲ့အခါလည်း ရိုက်နှက်တဲ့ဒဏ်ရာတွေ တွေ့တယ်။ လည်ပင်း၊ နဖူးနဲ့ရင်ဘတ်တွေမှာ စုတ်ပြဲဒဏ်ရာတွေ ရှိနေတယ်”ဟု သြဂုတ်လ ၅ ရက်နေ့က Myanmar Now ကိုဖုန်းဖြင့်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရသူများဘက်က ဩဂုတ်လ ၅ ရက်နေ့ တွင် ရန်ကုန်သို့ လာရောက်ကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သေဆုံးသူ မောင်ဝေမင်းဦးမှာ ပယောဂဆရာ၏ ကုသမှုကြောင့် သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ထိုဒေသတွင် လိုက်လံဆေးထိုးကုသနေသည့် လူတစ်ဦးကို မောင်ဝေမင်းဦးတို့ဘက်က ခေါ်ယူ ဆေးထိုးစေခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ရှင်းလင်းပွဲတွင် ပြောသည်။

ဦးဝင်းရွှေနှင့် ထိုပယောဂဆရာတို့မှာ ဆရာတပည့်များဖြစ်ကြောင်း၊ ဦးဝင်းရွှေ၏မိသားစုဝင်များအားလုံး နီးပါးကို ထိုဆရာက ကုသပေးခဲ့သဖြင့် ယုံကြည်မှုရကာ လက်တွဲခဲ့သည်မှာကြာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ မောင်ဝေမင်းဦး ရရှိသည့်ဒဏ်ရာများမှာ ပယောဂဆရာနှင့်မဆိုင်ဘဲ ရေနွေးပူလောင်သည့် ဒဏ်ရာများဖြစ်သည် ဟုလည်း ပြောသည်။

“ဆရာ (ဦးအောင်အောင်ထွန်း (ခ) အီဗရာဟင်) က ကျွန်မတို့ရွာနီးချုပ်စပ်မှာ ကုသတယ်။ ထိရောက်တယ်။ အောင်မြင်တယ်။ သူကုတာတွေ အားလုံးကောင်းတယ်။ အဲဒီနေ့ကဖြစ်တာက အားလုံးအိပ်နေချိန် (ဝေမင်းဦး) သူဟာသူ ယောင်ယမ်းပြီး အော်ဟစ်ရင်းနဲ့ ရေနွေးဓာတ်ဘူးမှောက်ပြီး လောင်တာ”ဟု ပူးပေါင်းကြံစည်မှုဖြင့် အမှုဖွင့်ခံထားရသည့် ဦးဝင်းရွှေ (ခ) မူချီးများ၏ ဇနီး ဒေါ်စန်းစန်းထွေးက Myanmar Now ကို ရှင်းလင်းပွဲအပြီးတွင် ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ညနေတွင် မောင်ဝေမင်းဦး၏မိဘများ ရောက်လာသည့်အခါ အရပ်ထဲတွင် လိုက်လံ ဆေးထိုးကုသသည့် စပ်ဆေးထိုးသူတစ်ဦးကို ခေါ်ယူကာ ထိုလူက မောင်ဝေမင်းဦး၏ ပေါင်၊ လက်မောင်းတို့ကို ဆေး ခုနစ်လုံးထိုး ကုသခဲ့ပြီး မကြာမီမှာပင်သေဆုံးခဲ့သည်ဟု ဒေါ်စန်စန်းထွေးက ဆက်ပြောသည်။

မောင်ဝေမင်းဦး အလောင်းကို မြင်ခဲ့ရသည့် ပိုက်တန်းကျေးရွာအုပ်စု ရာအိမ်မှူး ဦးသိန်းတန်ကမူ ၎င်း၏ မျက်မြင်ဒဏ်ရာများမှာ ရေနွေးပူလောင်ခြင်း မဖြစ်နိုင်ဟု Myanmar Now ကိုပြောသည်။
 
ဆေးစာမရသေးသဖြင့် မောင်ဝေမင်းဦးသေဆုံးရသည့် အကြောင်းရင်းကို တရားဝင် မသိရသေးသလို ဆေးထိုးပေးခဲ့သည်ဟု ဆိုသော အဆိုပါ လူကို ရဲက ဖမ်းဆီး ထားမထားဆိုသည့်အချက်မှာလည်း ကျုံမငေးမြို့မ ရဲစခန်းက Myanmar Now က ဆယ်ကြိမ်ထက်မနည်း ဖုန်းဖြင့်ဆက်သွယ်မှုကို ပြန်လည် မဖြေကြားသဖြင့် မသိရသေးပေ။ လောလောဆယ်တွင် အဆိုပါ စပ်ဆေးထိုးသည့်ဆရာကိုနှင့် အဆက်အသွယ်မရသေးဟု ရာအိမ်မှူးကပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးအောင်အောင်ထွန်း(ခ) အီဗရာဟင် သည် ရန်ကုန်၊ လပွတ္တာ၊ ကျုံမငေး၊ အိမ်မဲရှိ ကျေးရွာများတွင် ပယောဂ လိုက်လံကုသနေသူဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဝါးခယ်မမြို့နယ်တရားရုံးတွင် ရမန်ကြီးတစ်ပတ်ယူထားပြီး လာမည့် ၈ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံချိန်းဆိုထားသည်။

Show More

Related Articles

Back to top button