ကိုချီ၊ အိန္ဒိယ၊ ဩဂုတ် ၄ (ရိုက်တာ) — နှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွှေတင်ပို့မှုကို ယခုနှစ်အတွင်း ခွင့်ပြုခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ရွှေတန်ချိန် တန် ၂၀ အထိ တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း ရွှေလုပ်ငန်း ရှင်တစ်ဦးက စနေနေ့တွင် ပြောကြားသည်။
တရားဝင် ရွှေတင်ပို့မှု မြင့်တက်လာသည်နှင့် အမျှ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တရားမဝင် ရွှေခိုးထုတ်မှု လျော့ကျလာမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရွှေတူးဖော်ခြင်း၊ သန့်စင်ခြင်းတို့မှ ဝင်ငွေများ ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာရွှေလုပ်ငန်းရှင်များအသင်း၏ အခွဲတစ်ခုဖြစ်သော မြန်မာရွှေဖွံ့ဖြိုးရေးအများပိုင် ကုမ္ပဏီလီမိတက်၏ အကြီးတန်းအတိုင်ပင်ခံ မားကတ် လို့ခ်က ပြောကြားသည်။
အားလုံးအဆင်ပြေပါက မြန်မာနိုင်ငံသည် နောက်နှစ်အတွင်း ရွှေတန်ချိန်ပေါင်း ၁၀ တန် မှ တန် ၂၀ အထိ ပြည်ပသို့ တင်ပို့နိုင်မည်ဟု လို့ခ် က အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုချီမြို့တွင် ကျင်းပသော အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ရွှေအစည်း အဝေးတွင် ပြောကြားသည်။
ယခုနှစ်အစောပိုင်းမှစ၍ မြန်မာအစိုးရက ရွှေတင်ပို့မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး ဖြစ်သော်လည်း၊ တင်ပို့သူများအနေဖြင့် မြန်မာ့ရွှေ အရည်အသွေး ပြည့်မီကြောင်း အသိအမှတ်ပြု ဓာတ်ခွဲခန်းလက်မှတ်များ ရရှိရန် ခက်ခဲနေသောကြောင့် မြန်မာနိုင်ငံမှ ပြင်ပသို့ရွှေတင်ပို့မှုမှာ တရုတ်နိုင်ငံသို့သာ ရွှေကီလိုဂရမ် အနည်းငယ် တင်ပို့ခဲ့နိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေဝယ်ယူမှု အများဆုံး နိုင်ငံဖြစ်ပြီး၊ ရွှေဝယ်ယူမှု ဒုတိယအများဆုံးနိုင်ငံသည် အိန္ဒိယ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွှေတူးဖော်နေသည်မှာ ရာစုနှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပြီး အသေးစားရွှေထုတ်လုပ်သည့် လုပ်ငန်းများစွာရှိကြောင်း၊ သို့သော် ထိုလုပ်ငန်းများသည် စံချိန်စံညွှန်းပြည့်မီမှု မရှိသောကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေကြောင်း လို့ခ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးစေရန် စီးပွားရေးကဏ္ဍကို ဖွင့်လှစ်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မတူးဖော်ရသေးသည့် ရွှေသတ္တုရိုင်းများမှာ တန်ချိန်ပေါင်း ၁ ဒသမ ၃ ဘီလျံအထိရှိပြီး၊ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်သာ တူးဖော်ရရှိပြီး ဖြစ်ကြောင်း လို့ခ်က ပြောသည်။