သတင်း

ယင်းမာပင်၊ ပုလဲ၊ ကနီ တစ်ကြောတွင် တိုက်ပွဲဆက်နေ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ မြို့နယ်တစ်ဝိုက်တွင် နှစ်ပတ်ကျော်ကြာ လှုပ်ရှားနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေသည်။

အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဖြတ်လမ်း၏ အစိတ်အပိုင်းဖြစ်ပြီး ကနီမြို့နယ်အတွင်းရှိသည့် မုံရွာ – ယာကြီး-ကလေးဝလမ်း မိုင်တိုင် ၃၂ အနီး အင်းပေါ်ဒေသတွင် ဩဂုတ် ၂၃ ရက်မှစကာ ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှုများ နေ့စဉ်ဖြစ်နေသည်။

ယနေ့ (ဩဂုတ် ၂၅) နံနက်တွင် ထိုလမ်းပေါ်ရှိ မိုင်တိုင် ၂၁ အနီးတွင် အဆိုပါ စစ်ကြောင်းကို မိုင်းဖြင့် နှစ်ကြိမ် တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီဘက်မှ အသေအပျောက်များနိုင်သည်ဟု ကနီမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဩဂုတ် ၁၁ ရက်နေ့က အင်အား ၁၀၀ နီးပါးပါ ထိုစစ်ကြောင်းကို သယ်ဆောင်လာသည့် ရဟတ်ယာဉ်များက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို ပစ်ခတ်သဖြင့် ရွာသား အများအပြား သေဆုံးသည်။

ထိုရွာတွင် ကား၊ ဆိုင်ကယ်၊ ဝပ်ရှော့နှင့် ဆံသဆိုင်များ မီးရှို့ခံရကာ ထိုစစ်ကြောင်း သုံးရက်ကြာ တပ်စွဲပြီး ပြန်ထွက်သွားချိန် ဩဂုတ် ၁၄ရက်တွင် လူသေအလောင်း ၁၈ လောင်းထက်မနည်း ရှာတွေ့သည်။ အလောင်းများထဲတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးပင် ပါဝင်သည်။

စစ်ကြောင်းပြန်ထွက်ချိန်တွင် ရင်ပေါင်တိုင်ရွာမှ ဒေသခံ ၂၃ ဦးကို ဓားစာခံအဖြစ် ဖမ်းသွားပြီးနောက် ယနေ့အထိ ၃ ဦးသာ ပြန်လည်လွတ်မြောက်သေးသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

ရင်ပေါင်တိုင်မှ ထွက်လာသည့် စစ်တပ်က ကပ်လျက်ရှိ ပုလဲနယ်သို့ ထပ်ဝင်ကာ ထို့နောက်တွင် ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အနီးတစ်ဝိုက်ကျေးရွာများကို ဆက်တိုက် စီးနင်းသည်။

ထိုစစ်ကြောင်း လက်ချက်ဖြင့် ယင်းမာပင်မြို့နယ်ရှိ ကပိုင်၊ သီးကုန်းရွာများတွင် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးသည်ဟု ဒေသအတွင်း စစ်ကောင်စီကို ခုခံနေသည့် ဆရာစံတပ်ဖွဲ့ တပ်ခွဲမှူးကပြောသည်။

အရပ်သားမှာ ၆၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး စစ်ကြောင်းပြန်ထွက်ချိန်တွင် မီးရှို့ခံထားရသည့် အိမ်တစ်လုံးအတွင်း မီးကျွမ်းနေသည့် သူ၏ ရုပ်အလောင်းကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကို ခုခံရင်းသေဆုံးခဲ့ရသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များမှာ အသက် ၁၇ နှစ်မှ အသက် ၃၀ ဝန်းကျင်ရှိကြောင်း၊ နှစ်ဦးမှာ လက်နက်ကြီးကြောင့် သေဆုံးရခြင်းဖြစ်ကာ ဓားဒဏ်ရာတစ်ဦး၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူတစ်ဦးဖြစ်ကြောင်း ထိုသူ့ထံမှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ကပိုင်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် စီးနင်းခြင်းဖြစ်ကာ ယခုတစ်ကြိမ်တွင်မှ စစ်တပ်က လူသတ်၊ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ကပိုင်ရွာမှ အိမ်ခြေ ၂၀၆ လုံး၊ သီးကုန်းရွာမှ အိမ်ခြေ ၁၂ လုံးနှင့် ပေါင်းဝရွာမှ အိမ်ခြေ ၄၀ နီးပါးနှင့် သီးနှံသိုလှောင်ရုံ၊ လယ်ယာသုံးပစ္စည်း၊ ရေတင်စက်နှင့် မီးစက်များပါ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

“သူတို့ဖြတ်ခဲ့တဲ့ရွာတိုင်းမှာ နေအိမ်တွေကို မီးရှို့နေတာ။ ကျွန်တော်တို့ဆီကို ရောက်ရင် ကျွန်တော်တို့မတိုက်လည်း သူတို့ရှို့မှာပဲဆိုတော့ ကျွန်တော်တို့က တိုက်တယ်” ဟု ဆရာစံတပ်ဖွဲ့ တပ်ခွဲမှူးက ပြောသည်။

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် စစ်တပ်ဝင်စီးနေသည့် ကျေးရွာများမှာ တောင်ယာလုပ်ငန်းကို အဓိကထား၍ အသက်မွေးသူများနေထိုင်ကြပြီး လက်ရှိတွင် အိုးအိမ်၊ လယ်ယာတို့ကို ပစ်၍ တောတောင်များထဲတွင် ဖြစ်သလို တိမ်းရှောင်နေရကြောင်း ၎င်းထံမှ သိရသည်။

“မီးဘေးသင့်တဲ့သူတွေကလည်း ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းရှိတဲ့ တောတောင်တွေထဲမှာပဲ နေပြီးတော့ မီးဘေးမသင့်တဲ့အိမ်တွေကလည်း ရပ်ရွာတွေထဲမှာ မနေရဲလို့ တောတွေတောင်တွေထဲမှာ နေရတယ်” ဟု ထိုသူက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာချိန်အထိ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော စစ်ကိုင်းတိုင်းမှ ထိုဒေသများအတွင်းတွင် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေဆဲဖြစ်သည်။ စစ်ကောင်စီက လေကြောင်းပါသုံး၍အန်တုသူများ ရှိနိုင်သည့် ကျေးလက်ဒေသကို တိုက်ခိုက်နေသည်။

နေအိမ်မီးရှို့ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတကာက စစ်ကောင်စီကို ပြောဆိုနေချိန်မှာပင် ထိုအမှုများ နေ့စဉ် ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button