သတင်း

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးကို လူ ၄၀ ခန့် ပါဝင်ဆန္ဒဖော်ထုတ်

ရန်ကုန်အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းနေခြင်းကို ကြိုဆိုထောက်ခံကြောင်း ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ပြည်သူ၄၀ ခန့်က ယနေ့မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်ကြသည်။

ဒီမိုကရေစီနည်းကျပြီး ပြည်သူများ၏ရပိုင်ခွင့်အခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာစေရန် နည်းမျိုးစုံဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူများက ကြိုဆိုထောက်ခံခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ကိုနောင်နောင်က ဆိုသည်။

ဒီမိုကရေစီနည်းအတိုင်းဆောင်ရွက်နေသော လုပ်ငန်းကိစ္စများအား လေးလေးနက်နက် ထောက်ခံသည်” ၊ နိုင်ငံသားများ၏ရပိုင်ခွင့်အခွင့်အရေး အပြည့်အဝရရှိရေး ဒို့အရေး ဒို့အရေး” ၊ “၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး/အသစ်ရေးဆွဲရေးကို ပြည်သူများမှ ကြိုဆိုပါတယ်” ၊ “၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေးကို ဆန့်ကျင်သူ ပြည်သူ့ရန်သူစသည့် စာသားပါ ပိုစတာများ ကိုင်ဆောင်ကာ ၎င်းမြို့နယ် ၅၆ရပ်ကွက် လမ်းဆုံမီးပွိုင့်တွင် အထိုင်နေကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

တပ်မတော် ပြည်သူတွေနဲ့ တစ်သားတည်းသွားပေးပါ” ၊ “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်တော်တို့ပြည်သူတွေရဲ့ တန်းတူအခွင့်အရေးဆိုတာ မရှိဘူးလို့ ဆန္ဒထုတ်ဖော်သူများက ဆိုပါတယ်။

အာဏာရအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဝင်စဉ်ကတည်းက ကတိကဝတ် ပေးခဲ့သည့် အစိုးရဖြစ်သည်။

အစိုးရသက်တမ်း သုံးနှစ်နီးပါးအကြာ ယခုလ အစောပိုင်းတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုတင်ခဲ့ပြီး ထိုအဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်အများအပြားက ထောက်ခံခဲ့ကြသော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ပုံသည် လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။

လွှတ်တော်အတွင်း အနည်းငယ် တင်းမာမှုဖြစ်ခဲ့သော်လည်း နောက်ပိုင်း မဲခွဲဆုံးဖြတ်ရာ ကော်မတီဖွဲ့ရေးအဆိုကို ထောက်ခံသည့်ဘက်က အပြတ်အသတ် အနိုင်ရခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ၄၅ဦး ပါဝင်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်က လွှတ်တော်တွင်း ကိုယ်စားလှယ် ဦးရေ အနည်းအများအလိုက် အချိုးကျစနစ်ဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီတွင်တပ်မတော်သားကိုယ်စားလှယ် နေရာ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က နှစ်နေရာ ရရှိမည်ဖြစ်သည်။ ယင်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည့် ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ရန် လေ့လာသုံးသပ်ရမည့် ကော်မတီ ဖြစ်သည်။

ယခုအခါ မြန်မာပြည်အနှံ့အပြားဒေသများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာသလို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်နေကြသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကန့်ကွက်ခြင်းမဟုတ်ဘဲ ပြင်ဆင်ရေးအတွက် လုပ်ပုံကိုင်ပုံနည်းလမ်းသည် ဥပဒေနှင့်မညီသောကြောင့်သာ ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ပြောသည်။

လက်ရှိ အစိုးရလက်ထက်တွင် ဥပဒေကိုကျော်လွန်ကာ လုပ်ဆောင်မှုများ ရှိကြောင်း၊ အထင်ရှားဆုံး သာဓကမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေ ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲဦးဆောင်သည့် တပ်မတော်အရာရှိများက ပြောကြားခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းမှ လုပ်ပုံကိုင်ပုံများကို တပ်မတော်က ဆက်လက် စောင့်ကြည့်နေပြီး ဥပဒေနှင့်မညီသည့် ဆောင်ရွက်ချက်များအပေါ် အပြင်းအထန် ကန့်ကွက်မည်ဟုလည်း ပြောသည်။

Show More

Related Articles

Back to top button