သတင်း

တန့်ဆည်တွင် လူသားဒိုင်း ဓားစာခံ ၆၀ ကျော် ပြန်လည်လွတ်မြောက် 

စစ်ကိုင်းတိုင်း အလယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော ဒေသခံ ၆၀ ကျော် ယမန်နေ့ (ဩဂုတ် ၂၃) တွင် ပြန်လည်လွတ်မြောက်လာသည်။ 

ယခုလဆန်းပိုင်းက ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်ခဲ့သည့် စစ်ကြောင်းက ချီတက်ရာ လမ်းတစ်လျှောက် အရာတော်၊ ရေဦး၊ တန့်ဆည်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၇ ရွာမှ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီး၍ သုံးပတ်နီးပါးကြာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

ယမန်နေ့ (ဩဂုတ် ၂၃) တွင် ထိုစစ်ကြောင်း တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာရွာမှ ရဟတ်ယာဉ်နှင့် ထွက်ခွာစဉ် ဓားစာခံများကို ထားခဲ့ခြင်း ဖြစ်သည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းစဉ် ဓားစာခံ ၆၇ ဦးကို အောင်ချမ်းသာရွာ ဘုန်းကြီးကျောင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။

အသက် ၃၀ ဝန်းကျင်မှ ၅၀ ကြား အမျိုးသားများနှင့် ၁၈ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တို့က တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် အရပ်သားများကို ဓားစာခံလုပ်ထားခြင်း ဖြစ်သည်ဟု  တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မြို့နယ်ထဲမှာ ဓားစာခံပါတာ အများဆုံးက ဒီစစ်ကြောင်းက ဓားစာခံအများဆုံးပဲ။ ပြည်သူတွေက ၆၀ လောက်ပါတော့။ စစ်ကြောင်းက အင်အား ၇၀ လောက်ပဲပါတယ်။ ၇၀ လောက် ဆိုရင်တော့ အချိန်မရွေး တိုက်ခိုက်ခံရနိုင်တာကြောင့် ပြည်သူတွေကို ဓားစာခံလုပ်ပြီးတော့ အင်အားများအောင်လို့ စစ်ကြောင်းထဲ ထည့်တယ်လို့ သုံးသပ်လို့ရတယ်” ဟု တန့်ဆည်စွန်ရဲဟု အမည်ခံထားသည့် အမျိုးသားက ပြောသည်။

စစ်သားတို့က ဓားစာခံများကို ၎င်းတို့နှင့် ဆင်တူစေရန် ဘောင်းဘီတို၊ ဘောင်းဘီရှည်များ ဝတ်ဆင် စေကြောင်း၊ ခြင်းကြားနှင့် ထည့်ထားသည့်  ကျည်ဆန်၊ ရိက္ခာများကို ထမ်းပိုးခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။ 

“ဗုံးသီးတွေ၊ ကျည်ဆန်တွေ၊ အထုပ်အပိုးတွေ သယ်ခိုင်းတယ်။ ဘောင်းဘီရှည်တွေ၊ အင်္ကျီတွေ အကုန်တွေ သယ်ခိုင်းတယ်။ သူတို့က စစ်ဝတ်စုံဝတ်ထားတာ နည်းနည်းပဲပါတယ်။ စစ်ကြောင်းရဲ့ အလယ်ကနေ လိုက်ခိုင်းတယ်။ တစ်ဖွဲ့စီထားတာ နေရာအနှံ့ပဲ” ဟု ပြန်လည်လွတ်မြောက်လာသည့် ဒီပဲယင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လဆန်းပိုင်းက  ရွာသို့ စစ်တပ်ဝင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ထိုအမျိုးသားက ပြောသည်။

ဓားစာခံ ဆယ်ကျော်သက်မိန်းကလေးမှာ  ဒီပဲယင်းမြို့နယ်မှဖြစ်ပြီး လေကြောင်းမှ ရုတ်တရက် ရောက်လာသော စစ်ကောင်စီတပ်သားများ၏ရန်မှ ထွက်ပြေးစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

“မူးဘောင်ပေါ်ကို တက်လာရင်းနဲ့ မိသွားတာ။ လူကို စောင့်ဖမ်းချင်လို့ သူတို့က ဘေးမှာပုန်းနေတာ။ လမ်းပေါ် တက်လာပြီးတော့ ဆိုင်ကယ်ကိုရပ်ခိုင်းပြီးတော့ ဒူးထောက်ခိုင်းပြီးတော့ ဖမ်းသွားတာ။ အဲဒီကနေ ကိုင်းကံမှာ ညအိပ်ပြီးတော့ စစ်ကြောင်းက ထိုးရင်းက တန့်ဆည်နယ်ထိ ရောက်လာတာ” ဟု ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးငယ်က ပြောသည်။ 

ဓားစာခံအများစုကို  ရိုက်နှက်နှိပ်စက်ပြီး လက်နက်ကိုင်ပြန်ခုခံသူတို့အကြောင်း မေးမြန်းသည်ဟု ၎င်းက ဆက်ပြောသည်။ 

ဖြတ်သန်းရာ လမ်းတလျှောက်တွင် ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသဖြင့် စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရ သေဆုံးမှု ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

ဓားစာခံများထဲတွင်မူ  တိုက်ပွဲကြောင့် ဒဏ်ရာရသူမရှိကြောင်း လွတ်မြောက်လာသူတို့က ဆိုသည်။

စစ်ကြောင်း ရွာအတွင်းဝင်သည်နှင့် နေအိမ်များကို ဝင်ရောက်စီးနင်း၍ အဖိုးတန်ပစ္စည်းများကို ရှာဖွေ ခိုးယူကာ အိမ်များကို ဖျက်ဆီး၊ မီးရှို့ကြသည်ဟု ဓားစာခံများက ပြောကြသည်။ 

“ငွေတွေ့လည်း ယူတယ်၊ ရွှေတွေ့လည်းယူတယ်၊ ကျောက်တွေ့လည်းယူတယ်။ သူတို့ ပြောတာတွေ ကြားရတယ်။ ထုတ်ကြည့်တာတွေ တွေ့ရတယ်။ သူတို့က ကိုယ်ရ၊ ကိုယ်ယူပဲ။ အောက်လက်ငယ်သားတွေက လုပ်ချင်တာ လုပ်နေတာ။ စည်းကမ်းတင်းကျပ်တာလည်း မရှိဘူး။ ရွာထဲမှာ ရှာဖွေရင်းနဲ့ တိရစ္ဆာန်တွေ ယူလာပြီး ချက်ခိုင်းတာ” ဟု ထိုအမျိုးသမီးငယ်က ဆိုသည်။

အချို့ရွာများကို ဝင်ရောက်စီးနင်းစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများရှိပါက နှစ်ရက်၊ သုံးရက်ကြာ တပ်စွဲပြီး အချို့ရွာများတွင် တစ်ညသာ တပ်စွဲကြောင်း၊ ထွက်ပြေးပါက ကျန်သည့် ဓားစာခံများကိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်အတွက် အများစုက ထွက်ပြေးရန် မကြိုးစားကြကြောင်း လွတ်မြောက်လာသူများက ဆိုသည်။

“သူတို့နဲ့ပါလာတော့ (ပြန်လွတ်ဖို့) မျှော်လင့်ချက်က မရှိတော့ဘူးလို့ထင်တာ။ သူတို့က လယ်ကြိုလယ်ကြားက သွားတာ။ ကြာတော့ မိန်းကလေးဆိုတော့ မလျှောက်နိုင်တော့ဘူး။ အားတောင် မရှိတော့ဘူး။ ညတွေလည်း အိပ်မပျော်ဘူး” ဟု  ထိုအမျိုးသမီးငယ်က ပြောပြသည်။

စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်နှင့် ပတ်သက်ပြီး ဖြစ်ရပ်အများစုကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

တန့်ဆည်မြို့နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ကန့်ဘလူမြို့နယ်တွင် ယမန်နေ့က စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်ပြီးနောက် အောင်ချမ်းသာရွာတွင် ရောက်ရှိနေသည့် ထိုစစ်ကြောင်း  နေရာပြောင်းရွှေ့ရန် ရဟတ်ယာဉ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ 

ပြန်လည်လွတ်မြောက်လာသူများအား ဒေသခံကာကွယ်ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ပေးထားပြီး သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ်ကာ နေရပ်ပြန်ရောက်ရေး ကူညီမည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံက ဆိုသည်။

ကြားဖြတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် စစ်တပ်သည် ခုခံမှုအားကောင်းရာနယ်မြေများတွင် စစ်ကြောင်းထိုးချိန် ဒေသခံများကို ဖမ်းဆီး အနိုင်ကျင့်ပြီး လူသားဒိုင်းသဖွယ် အသုံးပြုလေ့ရှိသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် အမျိုးသား ၂၃ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည့်အနက် ၃ ဦးသာ ပြန်လွတ်လာပြီး ကျန်အယောက် ၂၀ နှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟု ရင်ပေါင်တိုင်ဒေသခံများက ဆိုသည်။ 

ရင်ပေါင်တိုင်မှ ထွက်လာသည့် စစ်ကြောင်းသည် ပုလဲ၊ ကနီဘက်မှ ကျေးရွာများကို ယနေ့ (ဩဂုတ် ၂၄) ရက်နေ့အထိ စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တိုင်းရင်းသားဒေသများသာမက လူများစုဗမာများနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတို့တွင်လည်း လက်နက်ကိုင်ခုခံမှုများ ပြင်းထန်လာသည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးရုံး (UNOCHA) ၏ ဩဂုတ် ၈ ရက်နေ့အထိ စာရင်းများအရ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ရသူ ၉ သိန်းကျော် အပါအဝင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button