သတင်း

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဒီးမော့ဆိုသို့ စစ်ချီလာနေ

အတွဲလိုက်ပစ်ဒုံးများ၊ တင့်ကားများ အင်အားဖြည့်တင်းထားသည့် ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးဗြဲနှင့် လွိုင်ကော်ဘက်မှ စစ်အင်အား ၅၀၀ ကိုပါ စစ်ကောင်စီက ပို့လွှတ်လိုက်သည်ဟု တော်လှန်ရေးအဖွဲ့များထံမှသိရသည်။

ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့နယ်ဘက်မှ အင်အား ၃၀၀ ခန့်၊ မြို့တော်လွိုင်ကော်ဘက်မှ ၂၀၀ ခန့် ဩဂုတ်လဆန်းပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်း ရောက်လာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ဒီးမော့ဆို PDF အဖွဲ့တို့က ဆိုသည်။

မိုးဗြဲမြို့ဘက်မှလာသည့် စစ်ကြောင်းမှာ ဒီးမော့ဆိုမြို့နယ်အရှေ့မြောက်ဘက်ရှိ နန်းမယ်ခုံနှင့်  မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းရှိ သေးဆူလဲ၊ ပူဖား၊ ကုန်းသာ ကျေးရွာများ၌ တပ်ဖြန့်နေရာယူထားသည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လွိုင်ကော်မြို့မှ တောင်ဘက်သို့ ဆင်းလာသည့် တပ်ဖွဲ့မှာ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါပိုးစီ၊ စံပြ ၆ မိုင် ကျေးရွာများဘက်တွင် စစ်ရေးလှုပ်ရှားနေသည်ဟု ၎င်းထံမှ သိရသည်။

“အရင်လည်း သူတို့ (စစ်ကြောင်း) ထိုးတယ်။ ဒါပေမဲ့ အခုတစ်ခေါက်ကျတော့ အင်အားပိုများတာပေါ့နော်။ နောက်ပြီး မြို့နယ်နှစ်ခုသုံးခုမှာ ခပ်စိပ်စိပ်လုပ်တဲ့ပုံစံမျိုး ကျွန်တော်တို့ တွေ့ရတယ်” ဟု အထက်ပါ KNDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ တပ်အချို့တွင် တင့်ကားများ ဖြည့်တင်းထားကြောင်း၊ အတွဲလိုက်ပစ်သည့် ဒုံးများကို ငွေတောင်ဆည်အနီးရှိ အမှတ် ၁၀၂ ခြေလျင်တပ်ရင်းနှင့် ဒီးမော့ဆိုလမ်းဆုံတွင် စစ်ကောင်စီက နေရာချထားကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဒီးမော့ဆိုမြို့ပေါ်ရှိ အမှတ် ၄၂၇ ခြေမြန်တပ်ရင်းသည်လည်း မြို့နယ်အတွင်း ဖြန့်ကြက် လှုပ်ရှားနေကြောင်း၊ တောင်ဘက် ၁၀ မိုင်ဝန်းကျင်အကွာမှ စစ်ကောင်စီတပ်များမှာလည်း ဒီးမော့ဆိုသို့ သွားရာလမ်းတွင်ရှိသည့် ဆိုလျားကူးကျေးရွာသို့ ရောက်လာကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီးမော့ဆိုတစ်မြို့နယ်လုံးကို ထိန်းချင်တဲ့သဘောရှိတယ်။ အခုက စစ်ရေးမှာလည်း အင်အားတော်တော်များများ ပြင်ဆင်ထားတာ တွေ့ရတယ်” ဟု ဒီးမော့ဆို PDF ပြောခွင့်ရသူက ဆိုသည်။ 

ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းရှိ ဆိုလျားကူးကျေးရွာသို့ ရောက်လာသည့် တပ်နှင့် ဩဂုတ် ၉ ရက်မှ ၁၃ ရက်နေ့အတွင်း တိုက်ပွဲဖြစ်ခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ စစ်ကြောင်းများ၏ အချက်အလက် အသေးစိတ် မသိရသေးပေ။

“အဓိကတော့ သူတို့ မြို့နယ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ တပ်အင်အားဖြည့်တင်းတာတွေ ရိက္ခာပို့တာတွေ ထောက်ပို့လုပ်တာတွေအတွက်ကြောင့် နယ်မြေတွေကို သူတို့ထိန်းနိုင်အောင် ကြိုးစားပြီးတော့ စစ်ကြောင်းထိုးတဲ့ပုံစံမျိုးလို့ ကျွန်တော်တို့ သုံးသပ်ရတာပေါ့နော်” ဟု KNDF တာဝန်ရှိသူက ပြောသည်။

ထိုသို့ စစ်အင်အားဖြည့်တင်းထားသည့်အပြင် ဒီးမော့ဆိုမြို့မရဲစခန်းအပါအဝင် မြို့ပေါ်နေရာအချို့တွင် စစ်ကောင်စီက ဘန်ကာအခိုင်အမာတည်ဆောက်တပ်စွဲထားကြောင်း ဒီးမော့ဆို PDF တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ အင်အားနဲ့ သွားဝင်တိုက်ဖို့ဆိုတာ တော်တော်လေးခက်ခဲသေးတဲ့ အနေအထားမှာရှိတယ်။ ဒီတိုင်းပဲ ပြောက်ကျားစနစ်နဲ့ သွားပစ်တာလည်းရှိတယ်။ သွားပစ်ရင်းနဲ့ ထိသွားတာ ကျသွားတာရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ အကြိမ် ၄၂၀ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၃၀၆ ဦး၊ တော်လှန်ရေးတပ်များဘက်က ၁၄၉ ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယမန်နေ့ (ဩဂုတ် ၁၇) က  သတင်းထုတ်ပြန်သည်။ 

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ စွမ်းဆောင်ရည်မှာ ထင်ရှားသည်။

ယခုနှစ်ဆန်းပိုင်း၌ စစ်ကောင်စီ ရုံစိုက်ရာ မြို့တော် လွိုင်ကော်အထိ တော်လှန်ရေးအင်အားစုများက ခြိမ်းခြောက်နိုင်ပြီးနောက်တွင် ဖုန်း၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ဖြတ်တောက်ကာ လေကြောင်းပါသုံး၍ စစ်ကောင်စီက တောက်လျှောက်စစ်ဆင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button