သတင်း

ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ

ရန်ကုန် – နမ္မတီးချောင်း မကြာခဏရေကြီးမှုနှင့် အခြားအခက်အခဲများကြောင့် ကချင်ပြည်နယ် နမ္မတီးမြို့နယ်ရှိ AG ခရစ်ယာန် ဘုရားကျောင်း စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်တို့သည် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရှိ ယာယီစစ်ရှောင်စခန်းသို့ ပြီးခဲ့သည့်လကုန်က ပြောင်းရွှေ့ခဲ့ကြရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သတင်းရရှိသည်။

စခန်းသစ်သို့ ဩဂုတ်လ ၂၂ ရက်နေ့က ပြောင်းရွှေ့လာခဲ့ကြသည့် အဆိုပါစစ်ဘေးရှောင်တို့သည် နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာ ခါနန်ကျေးရွာမှဖြစ်ပြီး ယခုနှစ် ဧပြီလက တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ ဖြစ်သည့် တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြခြင်းဖြစ်သည်။

လီဆူတိုင်းရင်းသား အများစုဖြစ်သည့် အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၈ စု လူဦးရေ ၁၄၂ ယောက်ရှိပြီး အသက်အရွယ်ကြီးသူများနှင့် ကျောင်းသူကျောင်းသား အယောက် ၄၀ ခန့်ရှိသည်ဟု ထိုစခန်းတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“အထောက်အပံ့က ဆန်တစ်မျိုးပဲ ရသေးတယ်။ အစိုးရအဖွဲ့တွေ (ပြည်နယ်) လာကြည့်ပေမဲ့ ထောက်ပံ့ပေးတာတော့ မရှိသေးဘူး” ဟု စခန်းတာဝန်ခံ ဦးအားဖီက ပြောသည်။ ယခု အဓိက အရေးပေါ် လိုအပ်သည်မှာ သောက်ရေ ဖြစ်သည်ဟု ဆိုသည်။

စခန်းဟောင်းတွင်ရှိစဉ်က မေတ္တာဖောင်ဒေးရှင်း၊ ကချင်နှစ်ခြင်းအသင်းတော် (KBC) စသည့် ပြည်တွင်း လူမှုရေးနှင့်ဘာသာရေး အဖွဲ့အစည်းများ လာရောက်ထောက်ပံ့သော်လည်း စခန်းသစ်ရောက်ပြီးနောက် ယနေ့အထိ အထောက်အပံ့ များ ရောက်မလာသေး ဟု ၎င်းက ပြောသည်။

စခန်းကို ယာယီသာ တည်ဆောက်ထားရပြီး သီတင်းနှစ်ပတ်ကျော်ကြာသည်အထိ အထောက်အပံ့ အနည်းငယ်သာ ရရှိကြောင်း၊ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ဆန်အနည်းငယ် လာလှူသလို မြစ်ကြီးနားမှ ဆရာဝန်မတစ်ဦးက ကျန်းမာရေး လာကြည့်ပေးကြောင်း အဆိုပါ စခန်းတာဝန်ခံက ပြောသည်။

မြေစိုက်ကွပ်ပျစ်ပေါ်တွင် ရွက်ဖျင်တဲ တည်ဆောက်ပြီး နေထိုင်ရသည်မှာ အဆင်မပြေကြောင်း အဆိုပါစခန်းမှ အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် မမောနီက ပြောသည်။

“အဝတ်အစားလဲရတာက အစ အဆင်မပြေဘူး။ အစ်ကိုတွေ၊ မောင်တွေနဲ့ ဆိုတော့ မျက်နှာပူတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ရှောင်စခန်းကို ထောက်ပံ့ကူညီသွားရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအပါအဝင် အခြား ပြည်တွင်း ပြည်ပ လူမှုအဖွဲ့များထံမှ အကူအညီတောင်းခံထားသည်ဟု စစ်ရှောင်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည့် ကချင်ပြည်နယ် အစိုးရမှ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန်က Myanmar Now ကို ပြောသည်။

“လတ်တလော သူတို့ စားရေးသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေက အရေးကြီးတော့ အဲဒါတွေအတွက် အကူအညီတောင်းထားတယ်၊ နေထိုင်ရေးအတွက်ကတော့ နောက်တစ်ဆင့်ပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်စပြီး တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသနှစ်ခုပေါင်းတွင် အိုးပစ် အိမ်ပစ်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပေါင်း ၁၀၆,၀၀၀ ခန့်ရှိသည်ဟု ဥရောပ ကော်မရှင် က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပအလှူရှင်များ၏ အထောက်အပံ့ပေါ်တွင်သာ အဓိက မှီခိုနေရသည်။

Show More

Related Articles

Back to top button