သတင်း

မြင်းမူတွင် ကလေးများအပါအဝင် လူ ၁၀၀ ကျော် ဓားစာခံအဖြစ် အဖမ်းခံရ

ယမန်နေ့ (ဩဂုတ် ၁) က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းရွာတွင် စစ်တပ်က ကလေးငယ်များအပါအဝင် ဒေသခံ ၁၆၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု သိရသည်။

ရဟတ်ယာဉ်နှစ်စီးဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် နောက်ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သား ၅၀ ခန့် လာချကာ ရွာအတွင်း ဝင်ရောက်တပ်စွဲပြီးနောက် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။​

“ကျောင်းဖွင့်နေတဲ့အချိန်မှာ ရုတ်တရက်လာပစ်တော့ ကလေးတွေက မပြေးနိုင်ဘူး။ ကလေး ၆၀ လောက်နဲ့ ဆရာမတစ်ဦးက အဲဒီမှာ ပိတ်မိနေတာ။ ရွာထဲက‌ ပြည်သူတွေ ၁၀၀ ကျော်ကိုလည်း ဓားစာခံလုပ်ထားတယ်” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဖြစ်သော မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ တာဝန်ခံ ကိုနွေဦးက ပြောသည်။

CDSOM အဖွဲ့ အဓိကလှုပ်ရှားရာ မြောင်နှင့် မြင်းမူမှာ နယ်မြေချင်း ထိစပ်နေသည်။

စစ်တပ်က ဖမ်းဆီးထားသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ စာသင်ကျောင်းတွင် သင်ကြားပေးနေသည့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများအပြင် ရွာမှ သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရသည်။​

လက်ပံကျင်းရွာဝန်းကျင်ရှိ ကွမ်းခြံများတွင် ဆောက်လုပ်ထားသည့် လူနေတဲများကိုလည်း ယနေ့ နံနက်ပိုင်း၌ စစ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း CDSOM တာဝန်ရှိသူက ဒေသခံများကို ကိုးကား၍ ပြောသည်။

“ကွမ်းခြံတိုင်းမှာ တဲကြီးတွေ အကြီးကြီးတွေ။ ဒီ‌နေ့မနက်မှာတော့ ကွမ်းခြံတဲတွေကို သူတို့က လိုက်မီးရှို့တယ်။ (PDF) စခန်းထင်လို့ ထင်တယ်။ ရွာထဲကို စောစောပိုင်း နာရီဝက်လောက်က မီးရှို့နေတယ်လို့ လှမ်းပြောတယ်။ ဘာတွေကိုရှို့တာလဲဆိုတာတော့ မသိရသေးဘူး” ဟု ကိုနွေဦးက ပြောသည်။ 

လက်ပံကျင်းရွာမှ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇၃ ဦးကို ထိန်းသိမ်းထားသည်ဟု စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်သော်လည်း ကလေးများပါဝင်ကြောင်း မဖော်ပြပေ။

ပြီးခဲ့သည့် မေလဆန်းက ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို ဝင်ရောက်စီးနင်းစဉ် အရပ်သား ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သည့် စစ်တပ်၏လုပ်ရပ်ကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“သူတို့လက်ထဲမှာရှိရင်တော့ ဘယ်ဟာမှ စိတ်မချရတဲ့အနေအထားပဲ။ ဆုတောင်းနေဖို့ပဲ ရှိတော့တယ်။ ဘာမှ တတ်နိုင်တဲ့အနေအထား မရှိဘူး” ဟု မြင်းမူမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်ပံကျင်းရွာတွင် PDF များ အစည်းအဝေးပြုလုပ်ရန် စုဝေးရောက်ရှိနေသည်ဆိုသည့် သတင်းကြောင့် စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ PDF ၅ ဦး သေဆုံးပြီး လက်လုပ်သေနတ်အပါအဝင် လက်နက်ခဲယမ်းများ၊ ကား ၄ စီးနှင့် ဆိုင်ကယ် အစီး ၃၀  သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီက ဆိုသည်။

ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရသည်မှာ မှန်ကန်သော်လည်း PDF ဘက်မှ ထိခိုက်ဒဏ်ရာရသူ မရှိသောကြောင့် သေဆုံးသူများမှာ အရပ်သားများသာဖြစ်နိုင်ကြောင်း ကိုနွေဦးက ဆိုသည်။

“PDF တွေက တစ်ယောက်မှ အထိခိုက် မရှိဘူး။ အကုန် လူစစ်ပြီးပြီ။ တစ်ယောက်မှ မကျန်ခဲ့ဘူး။ အကုန် အဆက်အသွယ်ပြန်ရပြီ”

ယမန်နေ့က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်စဉ် ဒဏ်ရာရသည့် အမျိုးသမီးတစ်ဦးကို ကယ်ထုတ်ကာ ဆေးကုသပေးနေကြောင်းလည်း ကိုနွေဦးက ပြောသည်။ 

စစ်ကောင်စီသည် ယမန်နေ့က မြင်းမူမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြို့အရှေ့ဘက်တွင်လည်း အင်အား ၅၀ ခန့်ပါ စစ်ကြောင်းတစ်ခု ဝင်ရောက်နေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်အခြေစိုက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက စစ်ကြောင်းနှစ်ခုညှပ်ကာ ထိုးစစ်ဆင်နိုင်ခြေရှိသည်ဟုလည်း မြင်းမူ PDF က သုံးသပ်သည်။ 

“မုံရွာက မန္တလေးကိုပဲ သွားသွား စစ်ကိုင်းကိုပဲ သွားသွား၊ နမခနဲ့ တပ်မ ၃၃ နဲ့က အမြဲပူးသွားနေတာကိုး။ မြင်းမူမြို့နယ်က မိုင်းဆွဲတယ်။ သူတို့ထိုးစစ်ဆင်လာရင်လည်း ဆိုင်ပြီး တိုက်တာများတယ်။ အကုန်လုံး ခြုံကြည့်တာဆိုရင် သူတို့ဘက်က အကျအဆုံးများတယ်။ အဲဒါကြောင့် ဒီဘက်ကို စစ်ကြောင်းထိုးတယ်လို့ ထင်တယ်” ဟု မြင်းမူမြို့နယ် PDF တာဝန်ခံတစ်ဦးက ပြောသည်။

မြင်းမူမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၄၀ ခန့် ကွာဝေးပြီး၊ တပ်မ ၃၃ အခြေစိုက်ရာ စစ်ကိုင်းမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။  

မြင်းမူမြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကြောင်းရန်ကြောင့် အနောက်ခြမ်းမှ လက်ပံကျင်း၊ ပဒတ္ထိုင်း၊ ကန်ရင်း၊ သူဌေးကုန်း၊ ဝက်ကျ၊ မလဲသာနှင့် အရှေ့ခြမ်းမှ ငါးကင်း၊ ခွက်ခွင်း၊ ထီးဆောင်း၊ ဂုံညင်းဆိပ်၊ အင်းမ စသည့် ကျေးရွာ ၁၀ မှ ဒေသခံ ရာနှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button