သတင်း

စစ်တပ်က ယုတ်မာရက်စက်သော နည်းလမ်းအသုံးပြုနေဟု Amnesty International ထုတ်ပြန် 

မြန်မာစစ်တပ်က ဆန့်ကျင်သူများကိုနှိမ်နင်းရန် ယုတ်မာရက်စက်သော နည်းလမ်းများ အသုံးပြုနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ယနေ့ (ဩဂုတ် ၂) ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် စစ်တပ်က လူပေါင်း ၁၄,၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ၊ ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ယုတ်ယုတ်မာမာ ရက်ရက်စက်စက် ဆက်ဆံနေတဲ့အတွက် မြန်မာဟာ မမျှော်မှန်းနိုင်လောက်အောင် နိမ့်ကျသွားတယ်။ ဒါက ဆန့်ကျင်တော်လှန်မှုကို လက်မြှောက်အရှုံးပေးစေဖို့ ဆန့်ကျင်သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးဖျက်ဖို့ အသုံးပြုနေတဲ့ ဗျူဟာတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” ဟု Amnesty International ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Agnes Callamard က ပြောသည်။

သတင်းများ၊ ထောင်မှပြန်လွတ်လာသူများ၊ ထိန်းသိမ်းခံနေရသူတို့၏ ရှေ့နေများ၊ ကျွမ်းကျင်သူများကို ပြီးခဲ့သည့် မတ်လအတွင်း ဆက်သွယ်မေးမြန်းချက်များအရ အကျဉ်းသားတို့သည် စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များတွင် ၁၅ ရက်ကာလသည် ၁၅ နှစ်အလား ခံစားရလေ့ရှိသည်။​

စစ်ကောင်စီတပ်က ဖမ်းဝရမ်းမပါဘဲ စိတ်တိုင်းကျ ဝင်ရောက်ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ကာ ဝန်ခံခိုင်းခြင်း၊ ဓားစာခံဖမ်းဆီးခြင်းများ၊ မိသားစုဝင်များနှင့် ဥပဒေအကျိုးဆောင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း စသည့် ဥပဒေကို မထီမဲ့မြင် ကျူးလွန်နေမှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူနှင့် လွှတ်တော်အမတ်ဟောင်းအပါအဝင် အကျဉ်းသားလေးဦးကို ဥပဒေမဲ့ ကွပ်မျက်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

“အရေးတကြီးကိစ္စရပ်အနေဖြင့် မြန်မာစစ်တပ်သည် ထောင်နှင့်ချီ ဖမ်းဆီးထားသူများကို လွှတ်ပေးရမည်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးခြင်းဖြင့် မြန်မာစစ်တပ်ကို ထပ်ဖိအားပေးရမည်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ပင်မှုနှင့် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူများလည်း ဆောင်ရွက်ရမည်” ဟု တောင်းဆိုထားသည်။

ထိုသို့ ရက်စက်ယုတ်မာသော ဖိနှိပ်မှုများရှိသော်လည်း မြန်မာပြည်သူများက အရှုံးပေးခြင်း မရှိကြောင်းလည်း Amnesty International က ထည့်သွင်းဖော်ပြသည်။​

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်တွင်း နည်းမျိုးစုံ ညှဉ်းပန်းမှုများအကြောင်းလည်း အသေးစိတ်ဖော်ပြထားသည်။

စစ်ကောင်စီကမူ ၎င်းတို့ ဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု ပြောလေ့ ရှိသည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်လုပ်ဗုံးနှင့် ဖောက်ခွဲတိုက်ခိုက်မှု၊ သတ်ဖြတ်ခံရမှုနှင့် မီးရှို့ခံရမှု အကြိမ်ပေါင်း ၁၄,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ယမန်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၃၁ တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ နောက်ဆုံးအကြိမ် ခြောက်လ သက်တမ်းတိုးခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button