ရန်ကုန် – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများကို လင်ယောက်ျားများက ဘာသာရေးအကြောင်းပြကာ အလွယ်တကူ ကွာရှင်းနေမှုများကို အဆုံးသတ်ရန်အတွက် အသက်၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးက တိုက်တွန်းလိုက်သည်။
မှတ်ပုံတင်တွင် ရှမ်း+ကရင်+ဘင်္ဂါလီ လူမျိုး/အစ္စလာမ်ဘာသာဝင်ဟု ဖော်ပြထားသည့် မအေးမြတ်သူသည် ဆန္ဒမပါဘဲ ကွာရှင်းခဲ့ရသဖြင့် တရားမျှတမှုမရှိဟု ထုတ်ဖော် ပြောဆိုလိုက်ပြီး ဘာသာရေးအကြောင်းပြ ကွာရှင်းမှုအတွက် အမျိုးသားဟောင်းနှင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများအား ပြစ်တင်ဝေဖန်ခဲ့သည်။
ကရင်ပြည်နယ် ဘားအံမြို့ဇာတိ ၎င်းသည် နှစ်ဖက်မိဘဆန္ဒအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထိမ်းမြားခဲ့ပြီးနောက် ယောက်ျားနှင့်အတူ ရန်ကုန်သို့ ပါလာခဲ့ပြီး ကလေးတစ်ဦးရပြီးချိန် ယခုနှစ်ဇူလိုင်တွင် ၎င်းဆန္ဒမပါဘဲ အစ္စလာမ် အကြင်လင်မယား ကွာရှင်းသည့်ဥပဒေကို အသုံးပြုကာ ကွာရှင်းခံခဲ့ရသည်ဟု ဆိုသည်။
“ကျွန်မရဲ့ခံစားချက်တွေထက် အစ္စလာမ့်အမျိုးသမီးထုတစ်ရပ်လုံးအတွက် ကျွန်မဒီနေရာကို ရောက်နေခြင်း ဖြစ်တယ်။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ထိခိုက်အောင်စော်ကားမှ အကြမ်းဖက်မှု မြောက်တာ မဟုတ်ဘူး” ဟု ယနေ့ (စက်တင်ဘာ၁၀) တွင် ရန်ကုန်မြို့ရှိ MJN သတင်းထောက်များရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
ကွာရှင်းခဲ့ရာတွင် ၎င်း၏ခင်ပွန်းမိသားစုမှ နေအိမ်သို့ လာရောက်ကာ သွလာက်သုံးကြိမ် (သုံးသွလာက်)ပေး ကွာရှင်းပြတ်စဲစေသည်ဟု မအေးမြတ်သူက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။
“သွလာက်” ၏အဓိပ္ပာယ်မှာ “ခင်ပွန်း၏ ဆန္ဒအရ ကွာရှင်းခြင်း” ဟု အလ်ဟာဂျ်မုဖ်သီ ဦးမြင့်သိန်း( ငြိမ်းချမ်း ရေးလုလင်) ရေးသားသည့် အစ္စလာမ့်တရားတော်အရ ကွာရှင်းပြတ်စဲခြင်းစာတမ်းတွင် ရေးသားထားသည်။
သို့ရာတွင် လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးအား တစ်နေရာတည်း၊ တစ်ချိန်တည်း၊ တစ်ကြိမ်တည်း သုံးသွလာက်ပေးမိလျှင် ယင်းသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ ထုတ်ပြန်ထားသော “အစ္စလာမ့် ဓမ္မသတ် အဆုံးအဖြတ်” စာအုပ် စာမျက်နှာ ၁၂ တွင် ဖော်ပြထားသည်။
ဘာသာရေးနှင့် သက်ဆိုင်သည့် အဆိုပါကွာရှင်းပြတ်စဲမှုကို နိုင်ငံတော်အသိအမှတ်ပြု အိုလမာ သာသနာပညာရှင်များအဖွဲ့ချုပ်ကလည်း အသိအမှတ်ပြုခဲ့သည်ဟု မအေးမြတ်သူက ပြောသည်။
ထို့အပြင် လက်ထပ်သည့်အချိန်တွင် သတို့သားဘက်က တင်တောင်းကြေးပေးခဲ့သည့် ရွှေ ၁၀ သားကိုလည်း သုံးသွလာက်ပေးသည့်အချိန်မှာ တစ်ပါတည်း ပြန်လည်ယူဆောင်သွားခဲ့သည်ဟု ၎င်းက ပြောသည်။
အိမ်ထောင်ရေးအကြောင်း ထုတ်ဖော်ပြောဆိုမှု ရှားပါးလှသည့် အစ္စလာမ်အမျိုးသမီးများအကြားတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားရခြင်းမှာ ဘာသာရေးအသုံးပြုကာ အစ္စလာမ်အမျိုးသမီးထုတစ်ရပ်လုံး အမျိုးသမီးအခွင့်အရေး ထပ်မံ မဆုံးရှုံးရအောင် ဖွင့်ဟခြင်းဖြစ်ကြောင်း မအေးမြတ်သူက ပြောသည်။
“ကျွန်မလိုမျိုးပဲ ခံစားနေရတဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် များနေပြီလဲ။ ကျွန်မတို့ရဲ့စိတ်တွေကို ဘယ်လောက်သတ်နေလဲ ဒါအကြမ်းဖက်တာပဲ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းအပေါ် ယခုကဲ့သို့ ကွာရှင်းမှုသည် တရားမျှတမှုမရှိဟု ယူဆပြီးနောက်ပိုင်းတွင် တရားစွဲရန် ပြင်ဆင်နေကြောင်းလည်း မအေးမြတ်သူက ပြောသည်။