
(ရန်ကုန်) — ရှမ်းပြည်နယ် တောင်ကြီးမြို့တော်အနီးရှိ ညောင်ရွှေအကျဉ်းထောင်တွင် မည့်သည့် ရောဂါဖြစ်ဖြစ် ဆေးတစ်မျိုးတည်းကိုသာ ပေးကြောင်း သိရှိရသဖြင့် သင့်တော်သည့် ကုသမှုပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
ကော်မရှင်က တောင်ကြီးမြို့ဝန်းကျင်ရှိ အချုပ်ခန်းများ၊ ထောင်၊ ရဲဘက်စခန်းများသို့ ပြီးခဲ့သည့် လကုန်ပိုင်းက သွားရောက် စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်စဉ် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ညောင်ရွှေထောင်တွင် သုံးနေသည့် ဆေးအမည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ညောင်ရွှေအကျဉ်းထောင်နှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသင့်သည့် အချက်ပေါင်း ၆ ချက်ထဲတွင် “နှစ်ကြီးအဆောင်တွင် ညမိလ္လာ ၂ လုံးသာ ရှိသဖြင့် လူအင်အားနှင့် မိလ္လာ မမျှတမှုကြောင့် လိုအပ်သလို ထပ်မံတည်ဆောက်ပေးသင့် ပါသည်” ဟူသော အချက်လည်း ပါဝင်သည်။
အစိုးရက ဖွဲ့စည်းထားပြီး ရန်ကုန်တွင် အခြေစိုက်သည့် ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် တောင်ကြီးဝန်းကျင်ရှိ တရားရုံးနှင့် ရဲစခန်းအသီးသီးရှိ အချုပ်ခန်းများ၊ အကျဉ်းသားတို့ အလုပ်လုပ်ကိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးစခန်း များသို့လည်း သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ခရီးစဉ်အတွင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကျဉ်းဦးစီးအရာရှိတစ်ဦးက ညောင်ရွှေထောင်အတွင်း ကုသမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အသင့် မဖြစ်သေးကြောင်း Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ အကျဉ်းဦးစီးဌာန အနေနဲ့ကတော့ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းချက်မှန်သမျှကို အမြဲ အပြည့်အဝ ဂရုစိုက်ပြီး လုပ်ဆောင်ပါတယ်။ အခု ရှမ်းပြည်ဘက်က အကျဉ်းထောင်တွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ တော့ ကျွန်တော်တို့ မမြင်ရသေးတဲ့ အတွက် အသေးစိတ် မဖြေကြားနိုင်သေးပါဘူး” ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း လေးဆယ်ကျော်ရှိသည်။