ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး (ရွာမ) တွင် တပ်စွဲထားသည့် စစ်ကောင်စီက စစ်ရှောင် ၅၀ ထက်မနည်းကို ဓားစာခံအဖြစ် ဖမ်းထားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင် ၁၆ တွင် ထိုသို့ ဖမ်းဆီးခံရသူတို့မှာ တိုက်ပွဲများကြောင့် တောတိုက် (လယ်တဲ၊ ယာတဲ) နှင့် ဘုန်းကြီးကျောင်းအချို့တို့တွင် ခိုလှုံနေသည့် သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများဖြစ်သည်ဟု သိရသည်။
ယင်းမာပင်မြို့ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ ဘန့်ဘွေး (ရွာမ) ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ဖမ်းဆီးခံထားရသူများအနက် မသန်စွမ်း နှစ်ဦးပါဝင်ပြီး ထိုသူတို့ အသက်အန္တရာယ်ရှိနိုင်သည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။
“ဖမ်းခံထားရတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီးတော့ လတ်တလောကတော့ စိုးရိမ်ရတဲ့အနေအထားပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်က ရေဦးက မုံတိုင်ပင်ရွာမှာ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်တွေ အသတ်ခံရတဲ့အနေအထားရှိတာပေါ့။ ကျွန်တော်တို့လည်း အရမ်းစိုးရိမ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူအရေအတွက် အတိအကျနှင့် အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
တပ်စွဲထားသည့် နေရာတွင် ဒေသခံများ ဓားစာခံအဖြစ် ရှိနေသောကြောင့် ထိုနေရာကို ဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ထိုရွာတွင် မတ်လကတည်းက စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီး၊ ရဲ၊ စစ်သား ၃၀ ခန့် တပ်စွဲထားကြောင်း ၎င်းတို့ထံမှ သိရသည်။
“သူတို့က အဲဒီမှာ တပ်စွဲပြီးတည်းက လက်နက်အင်အားတောင့်ရင် အနီးအနားက ရွာတွေကို ဝင်မွှေတာတွေ၊ မီးရှို့တာတွေ လုပ်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ဝန်းကျင်လောက်ထိ လုပ်တယ်။ နောက်ပိုင်း သူတို့ အပြင်ထွက်ရင် မိုင်းဆွဲတာမိတော့ အပြင်မထွက်တော့ဘူး ဖြစ်ကုန်တာ” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
မုံရွာ- ယာကြီး – ကလေးဝ လမ်းမပေါ်ရှိ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ တစ်ထောင်ဝန်းကျင်ရှိသည့် ဘန့်ဘွေး (ရွာမ) တွင် စစ်ကောင်စီ တပ်စွဲချိန်မှစ၍ ဒေသခံအများစုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ဘန့်ဘွေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ထံ ရိက္ခာလာပို့သည့် မော်တော်ယာဉ် ၁ စီးကို ယမန်နေ့ (ဇူလိုင် ၂၀) တွင် ကြားဖြတ်၍ ၂ ကြိမ်တိုက်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကွေ့ချောင်းရွာအနီး နံနက် ၈ နာရီဝန်းကျင် မိုင်းဆွဲခံရချိန်တွင် စစ်တပ်က ရမ်းသန်းပစ်၍ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိ၍ သေသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အဝေးပစ်က သူတို့ဘက်ကပဲ ပတ်ခွာရမ်း (ပတ်ချာလည် ရမ်းသန်း) ပြီး ပစ်နေတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဘက်က ဝင်ရောက်တိုက်ခိုက်တာ မရှိသေးဘူး။ မိုင်းတွေပဲ ခွဲနေတာ။ … အဝေးပစ်တွေနဲ့ လှမ်းထုတယ်။ စက်ကလေးတွေ၊ G 3 တွေနဲ့ လှည့်ပတ်ရမ်းတာ” ဟု သူက ပြောသည်။
ထိုသို့ မိုင်းခွဲပြီးနောက် ဆက်လက်ထွက်ခွာသွားသည့် စစ်ကားကို ဘန့်ဘွေးရွာအဝင်တွင် နာရီဝက်နီးပါးကြာ ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ ၅ ဦးထက်မနည်း ထိခိုက်နိုင်ကာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃ မှ ရဲဘော်တစ်ဦး လက်နက်ကြီးကြောင့် သေဆုံးကြောင်း အထက်ပါ PDF တာဝန်ခံထံမှ သိရသည်။
ယင်းမာပင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့သည့် ဒေသဖြစ်သည်။
တော်လှန်ရေး တစ်နှစ်ကျော်လာချိန်တွင် မုံရွာ-ယာကြီး-ကလေးဝ လမ်းတစ်လျှောက် နေရာအများစုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ပြောသည်။
ထိုလမ်းပေါ်တွင် စစ်ကောင်စီတပ်စွဲထားပြီး ဂိတ်ဖွင့် ငွေကြေးကောက်ခံနေသည့် ဘန့်ဘွေးရွာကိုမူ ခရီးသွားများ ရှောင်ကွင်းသွားလာနေရကြောင်း ၎င်းတို့က ဆိုသည်။
ဘန့်ဘွေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပါ။
ယခုကဲ့သို့ ဒေသခံများကို ဓားစာခံ ဖမ်းဆီးသည့် ဖြစ်စဉ်မျိုးမှာ ယင်းမာပင်မြို့နယ်အတွင်း ထင်ထင်ရှားရှားပေါ်ပေါက်ခဲ့ဖူးသည်။ ဘန့်ဘွေးရွာ၏ အနောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ ချင်းပုန်းရွာတွင် ဖေဖော်ဝါရီလအတွင်း၌ ကလေး ၁၀၀ ကျော် အဖမ်းခံရဖူးသည်။
ချင်းပုန်းရွာမှ စစ်တပ် ပြန်ထွက်သွားချိန်တွင် နှိပ်စက်သတ်ဖြတ်ခံထားရသူ ၉ ဦး၏ ရုပ်အလောင်းများရှာတွေ့ပြီး ထိုအထဲတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းလည်း ပါဝင်သည်။
ဒေသကာကွယ်ရေးအဖွဲ့များရှိနေသည့် ချင်းပုန်းရွာကို ဝင်ရောက်စီးနင်းသည်ဟု စစ်ကောင်စီက အတည်ပြုသည်။ သို့သော် ကလေးငယ်များကို ဖမ်းဆီးမှု၊ လူသေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)