
အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်၊ အာဇာနည်ဗိမာန်တွင် ဦးစီးကျင်းပသည့် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အစ်ကိုဖြစ်သူ ဦးဘဝင်း၏ မိသားစုဝင်များ လုံးဝတက်ရောက်ခြင်း မရှိသလို ကျန်အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများလည်း အစုံအလင်တက်ရောက်လာခြင်း မရှိသည်ကို တွေ့ရသည်။
ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ အာဇာနည်ကုန်းတွင် ယနေ့ (ဇူလိုင် ၁၉) နံနက်ပိုင်းက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားသို့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မအများအပြားဖြင့် တရားစွဲဆိုထားသည့်ပြင် မူလလျှို့ဝှက်ထိန်းသိမ်းထားသည့်နေရာမှ နေပြည်တော်အချုပ်ထောင်သို့ ပြီးခဲ့သည့်လအတွင်း ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးသည်လည်း ယနေ့ အာဇာနည်နေ့အခမ်းအနား တက်ရောက်လာခြင်း မရှိပေ။ ဦးအောင်ဆန်းဦးကိုယ်စား အခမ်းအနားကျင်းပရေးဆပ်ကော်မတီဝင်တစ်ဦးက လွမ်းသူ့ပန်းခွေချသည်ဟု စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သည်။
ဦးအောင်ဆန်းဦးသည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ် အမွေရလိုမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသူဖြစ်သည်။
အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုအရင်း ဦးဘဝင်း၏ မိသားစုဝင်များလည်း ယနေ့အခမ်းအနား တက်ရောက်လာခြင်း မရှိပေ။ ဦးဘဝင်း၏ မိသားစုဝင်များကိုယ်စား စစ်ကောင်စီ၏ ဆပ်ကော်မတီဝင်တစ်ဦးကပင် လွမ်းသူ့ပန်းခွေချသည်။
စစ်ကောင်စီ ကြီးမှူးကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို ကျန်အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များတက်ရောက်သော်လည်း ယခင်နှစ်များကဲ့သို့ အစုံအလင်မဟုတ်သည်ကို တွေ့ရသည်။
သခင်မြ၏သား ဦးရဲမြင့်နှင့် ဒီးဒုတ်ဦးဘချို၏မြေးဖြစ်သူတို့ မိသားစုဝင်အနည်းငယ်နှင့် တက်ရောက်ပြီး ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုအချို့လည်း တက်ရောက်သည်ကို တွေ့ရသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း အဘက်ဘက်မှ အခြေအနေဆိုးနေသော်လည်း စစ်ကောင်စီက ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဟန်မပျက်ကျင်းပခဲ့သည်။
အစဉ်အလာကြီးမားသည့် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ Jeng Phang နော်ထောင်နှင့် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များက မည်သို့ဘဘောထားရှိသည်ကို မသိရပေ။
အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်မြ၏သား ဦးရဲမြင့်အောင်ကို ဘီဘီစီသတင်းဌာနက ဆက်သွယ်မေးမြန်းထားရာတွင် မေ့ပျောက်ခံချင်သော လူများရှိနိုင်သော်လည်း မြန်မာနိုင်ငံရှိနေသရွေ့ အာဇာနည်နေ့ရှိနေမည်ဖြစ်ကြောင်း ဆိုသည်။
သို့သော် အာဇာနည်ခေါင်းဆောင် ကျဆုံးခဲ့ရသည့် အဖြစ်အပျက်မျိုး နောက်ထပ်မကြုံစေချင်တော့ကြောင်း ၎င်းက ပြောသည်။
“နောက်ထပ်အာဇာနည်နေ့တော့ ထပ်မပေါ်စေချင်တော့ဘူး။ ထပ်မဖြစ်ချင်တော့ဘူး။ ဒီလောက်နဲ့ပဲ မြန်မာပြည်တော်သင့်ပါပြီ။ ဒီတစ်ခုနဲ့တင် ကျွန်တော်တို့ နာနာကြည်းကြည်းနဲ့ နောင်တကြီးစွာ ရခဲ့ရပြီးပါပြီ” ဟု အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်မြ၏သား ဦးရဲမြင့်အောင်က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတို့ကို အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်နေသဖြင့် ဒေသအများအပြားတွင် လက်နက်ကိုင် ခုခံမှုများ ဖြစ်ပေါ်နေရာ ရန်ကုန်နှင့် မြို့အများအပြားရှိ လမ်းမများပေါ်တွင် စစ်ကောင်စီတပ်သားတို့ ရှိနေသည်မှာ ၁ နှစ် ကျော်လာပြီ ဖြစ်သည်။
ပြောက်ကျားဆန္ဒပြမှု ရှိနေသည့် ရန်ကုန်တွင် ယနေ့ နံနက်ပိုင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် North Dagon Oppressed People’s Strike Colition တို့ ပူးပေါင်း၍ “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” ကြွေးကြော်သံနှင့် ဆန္ဒပြခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)