မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လုပ်ကြံခံရသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့သည့် အာဇာနည်နေ့ဆိုလျှင် သည်းသည်းလှုပ် ဂုဏ်ပြုလေ့ရှိသော ရန်ကုန်လူထုသည် စစ်ကောင်စီက ယနေ့ ကျင်းပသည့် ၇၅ နှစ်မြောက် အာဇာနည်နေ့အစီအစဉ်နှင့် မဆိုင်သလိုပင် ရှိနေသည်။
ယခင်က ဇူလိုင် ၁၉ ဆိုလျှင် ရန်ကုန်လူထုမှာ ရွှေတိဂုံဘုရားခြေရင်းရှိ အာဇာနည်ကုန်းသို့ ဝင်ရောက် ဂါရဝပြုနိုင်ရန် ကြိတ်ကြိတ်တိုး တန်းစီတတ်ကြသည်။
ယခုနှစ်တွင်မူ လက်ဖက်ရည်ဆိုင်များ၌ ဖွင့်လှစ် ပြသနေသည့် ရုပ်ရှင်၊ ဘောလုံးပွဲ၊ နပန်းပွဲများကို ကြည့်ရှုရင်း အေးအေးလူလူ ဖြတ်သန်းနေသည်။
အာဇာနည်ကုန်းသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သော၊ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်သူအများအပြားက အမေဟု ခေါ်ကြသော ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါရဝပြု၊ လွမ်းသူ့ပန်းခွေချသည့် မြင်ကွင်းများကို ရုပ်သံမှ တကူးတက အချိန်ပေး စောင့်ကြည့်တတ်သူများကလည်း ယခုနှစ်တွင် စစ်ကောင်စီက တိုက်ရိုက်ထုတ်လွှင့်နေသည့်တိုင် စိတ်ဝင်စားဟန် မပြကြ။
ရုပ်သံသတင်းများတွင် စစ်ဗိုလ်ချုပ်တို့၏ လှုပ်ရှားမှုများသာ ပါဝင်တတ်သည်ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။
“မနှစ်ကမှ အမေများ တက်ခွင့်ရဦးမလားဆိုတဲ့ စိတ်နဲ့ ….. တွေကို သည်းခံကြည့်ဖြစ်သေးတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက လက်ဖက်ရည်ဆိုင်တွင် မနက်စာစားရင်း၊ နပန်းပွဲကြည့်ရင်း စစ်ဗိုလ်ချုပ်များကို ဆဲဆိုကာ ပြောသည်။
“ဒီနှစ်ကတော့ (ဒေါ်အောင်ဆန်းစုကြည်ကို) ပေးတက်မှာလည်း မဟုတ်တော့ ကြည့်မနေတော့ဘူးလေ”
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ အမှု ၁၉ ခုဖွင့်၊ ယင်းတို့အနက် အချို့အတွက် ထောင် ၁၁ နှစ် သတ်မှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုနှစ်တွင်လည်း ထိုအခမ်းအနားသို့ တက်ခွင့်မရပါ။
အာဏာသိမ်းစစ်တပ်၏ ဒုတိယအမြင့်ဆုံးခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်သည့် ထိုအခမ်းအနားကျင်းပရာနေရာသို့ အာဇာနည်ခေါင်းဆောင် ၉ ဦး၏ မိသားစုဝင်များ စုံလင်စွာ တက်ရောက်ခဲ့ခြင်းမရှိပါ။
ထို့အတူ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာမသိမ်းမီ ဆယ်စုနှစ်တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်၊ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံ သတ်ဖြတ်ခံရသည့် အတွင်းဝန်များရုံး စသည့် နေရာများတွင် တိုးဝှေ့ကာ သွားရောက်လည်ပတ်သည့် လူငယ်များကိုလည်း ယခုနှစ်တွင် မတွေ့ရ။
ထိုလူငယ်များထဲမှ အချို့မှာ စစ်ကောင်စီက ရက်စက်စွာနှိမ်နင်းနေသည့်ကြားမှ ရန်ကုန်မြို့ပေါ်တွင် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြနေကြသည်။
နိုင်ငံရေးအရ အရေးပါသည့် အာဇာနည်နေ့တွင် ဆန္ဒပြပွဲများနှင့် တော်လှန်ရေးတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ ရန်ကုန်မြို့ နေရာအနှံအပြားတွင် နည်းမျိုးစုံဖြင့် စောင့်ကြပ်နေသည့်ကြားမှ လူငယ်တို့က ဆန့်ကျင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ မော်တော်ယာဉ်များ ဥဒဟိုကင်းလှည့်နေသည့်ကြားကပင် လူစည်ကားရာ လှည်တန်းကုန်းကျော်တံတားနံရံတွင်လည်း အာဇာနည်မျိုး သေရိုးမရှိဆိုသည့် စာသားကို လူငယ်အချို့က မှုတ်ဆေးဖြင့် ရေးဆွဲခဲ့ကြသေးသည်။
မြို့ပြပြောက်ကျားတိုက်ခိုက်မှုကို စိုးရွံ့၍ သဲအိတ်ဘန်ကာများဖြင့် အကာအကွယ်ယူထားသည့် စစ်ကောင်စီကင်းနေရာ နှစ်ခုကြားတွင် ထိုစာတန်းကို လူငယ်တို့က ရေးသားခဲ့ကြခြင်းဖြစ်သည်။
အချို့လူငယ်များမှာ ရန်ကုန်မြို့နှင့် ဝေးရာ တိုင်းရင်းသားနယ်မြေများတွင် စစ်ကောင်စီကို တော်လှန်သည့် စစ်ပွဲများအတွင်း ပါဝင်တိုက်ခိုက်နေသည်ဟု ယုံကြည်ရသည်။
ထိုအခြေအနေတွင် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများ၌ အာဇာနည်ကုန်းတွင် စည်ကားနေသယောင် ထုတ်လွှင့်ပြသနိုင်ရန် ကျောင်းကားများဖြင့် လူအုပ်စုလိုက်ခေါ်ယူလာသည်ဟု မျက်မြင်တွေ့ရှိသူက ဓာတ်ပုံနှင့်တကွ သတင်းပေးပို့လာသည်။
“အစီး ၃၀ ကျော်မယ်။ ပြုံမလာဘူး။ လူချထားပြီး ကားပြန်ထွက်တာ။ (ဓမ္မစေတီ) တစ်လမ်းလုံး စစ်.. (စစ်သား၊ ရဲ၊ ယာဉ်ထိန်းရဲ) အကုန်လုံးစောင့်နေတယ်” ဟု နေ့လယ် ၁၂ နာရီခွဲခန့်တွင် မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
အာဇာနည်နေ့မတိုင်မီ အဝါရောင်ကား အစီး ၅၀ ဖြင့် အရပ်ဝတ်ဖြင့် စစ်သားများ ရန်ကုန်မြို့တွင်း လုံခြုံရေးယူမည်ဟု စစ်တပ်ထောက်ခံသည့် Facebook စာမျက်နှာများတွင် ရေးသားထားချက်များမှာ မှန်သကဲ့သို့ရှိသည်။ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပေ။
“စစ်တပ်က ပြည်သူတွေ မယုံမှန်းသိနေပေမဲ့ သူတို့ထောက်ခံတဲ့ ငပိန်းတွေအတွက် ဝါဒဖြန့်တာကို အရှက်မရှိလုပ်နေတာ” ဟု လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
“အာဇာနည်တွေကိုတောင် ခုတုံးလုပ် လိမ်ရဲတဲ့အထိ အရှက်မဲ့တာ အံဩမဆုံးဘူး။ သူတို့မသိတာက အာဏာသိမ်းပြီးကတည်းက အာဇာနည်ဟာ ကိုးယောက်တည်း မဟုတ်တော့ဘူး’’ ဟု ထိုသူက ဆက်ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)