ရုပ်သံသတင်း

စစ်အာဏာရှင်စနစ်ကို ကားဟွန်းသံဖြင့် တော်လှန်သည့် “၇၇ နှစ်မြောက် အာဇာနည်နေ့”

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” ကြောင့် ရှမ်းမြောက်နှင့် မြန်မာပြည်အလယ်ပိုင်းတွင် နယ်မြေအမြောက်အမြား ဆုံးရှုံးနေသည့် စစ်ကောင်စီတပ်က ယခုနှစ် ၇၇ နှစ်မြောက် အာဇာနည်နေ့ကို ယခင်နှစ်များထက်ပင် လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်။ ထိုသို့ လုံခြုံရေး တင်းကျပ်ထားသည့် ကြားကပင် ဇူလိုင် ၁၈ ညက စတင်ပြီး ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် စာသားများ၊ ဗီနိုင်းများကို ချိတ်ဆွဲထားပြီး အာဏာသိမ်း စစ်တပ်ကို ခုခံတော်လှန်နေကြသည်။ ဇူလိုင် ၁၉ နံနက် အာဇာနည်ခေါင်းဆောင်များလုပ်ကြံခံရသည့် ၁၀ နာရီ မိနစ် ၃၇ တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်၊ လမ်းသွားလမ်းလာများ အားလုံး ရပ်တန့်သွားကြပြီး ကားဟွန်း သံရှည်တီးကာ အာဇာနည်ခေါင်ဆောင်များကို အလေးပြုကြသည်။ ရန်ကုန်မြို့တွင် နေထိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စည်ရုံးရေးနှင့် ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် သပိတ်ကော်မတီဝင်များထဲတွင် ရန်ကုန်မြေပြင်သပိတ်ခေါင်းဆောင် ကိုနန်းလင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ စစ်အာဏာသိမ်းထားသည်မှာ ၃ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ပြည်တွင်းနေပြည်သူများမှာ စစ်တပ်၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖိနှိပ်မှုမျိုးစုံ အကျပ်အတည်မျိုးစုံဖြင့် ရှင်သန်နေရသော်လည်း အာဇာနည်နေ့ကို မေ့လျော့ခြင်းမရှိကြဘဲ စစ်အာဏာရှင်စနစ်ကိုလည်း ဆန့်ကျင်တော်လှန်နေဆဲဖြစ်သည်ဟု ရန်ကုန်မြေပြင်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနန်းလင်းက ပြောသည်။

Show More

Related Articles

Back to top button