ရန်ကုန်၊ တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရာအိမ်မှူး ဦးဆန်းလွင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ရှိနေစဉ် သေနတ်သမားတချို့ ရောက်လာပြီး ပစ်ခတ်သွားသည်။
ဧပြီ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိုပစ်ခတ်မှုတွင် ဦးဆန်းလွင် ဦးခေါင်းကျည်သင့်သေဆုံးပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရသွားသည်။
ပစ်ခတ်ခံရသူများတွင် ပစ္စတိုကဲ့သို့သော လက်နက်ငယ်များဆောင်ထားသည်ဟု ဆိုသော်လည်း ခုခံနိုင်ခြင်းမရှိဟု သိရကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
‘’သူတို့ကို လာမသတ်အောင် ခြောက်တာလားတော့ မသိဘူး။ သေနတ်ရှိတယ်၊ လာလုပ်ရင် ပစ်မှာလို့ သူတို့ပါးစပ်က ပြောနေတာပဲ’’ ဟု အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
‘’သေနတ်ရှိတယ်သာ ပြောတယ်။ ပြန်တောင် မပစ်နိုင်ရှာဘူး’’
ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုနှင့် ရင်ဆိုင်ရနိုင်သော်လည်း အဂတိလိုက်စားမှုမှ ငွေအမြောက်အမြားရရှိနိုင်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် လုပ်ကိုင်သူအများအပြား ရှိနေသလို စစ်ကောင်စီကလည်း အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်စေရန် အာဏာသိမ်းမှုထောက်ခံသူများကို ရွေးချယ်ပြီး အလုပ်ခန့်ထားသည်။
နယ်မြေကျွမ်းကျင်မှု
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို လက်နက်ကိုင်တော်လှန်သူများနှင့် လက်နက်မဲ့ ဆန္ဒပြသပိတ်သမားများက အုပ်ချုပ်၍ လုံးဝမရစေရဟု ကြုံးဝါးထားသည်။
တော်လှန်သူတို့က နည်းမျိုးစုံ ဆန့်ကျင်နေသဖြင့် ဗိုလ်ချုပ်ကြီးများသည် အာဏာသိမ်းယူပြီး တစ်နှစ်ခွဲနီးပါး ကြာမြင့်လာချိန်အထိ အုပ်ချုပ်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။
စစ်တပ်သည် ယခင်ကတည်းက မိတ်ဖက်ဖြစ်ခဲ့သည့် တရုတ်နှင့် ရုရှားကဲ့သို့ ကုလသမဂ္ဂတွင် ဗီတိုအာဏာရရှိထားသော ကန့်လန့်တိုက်နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေနေသော်လည်း နိုင်ငံတကာသံတမန်အရေးတွင် အရေးနိမ့်နေသလို ပြည်တွင်းရှိ အောက်ခြေအဆင့် အုပ်ချုပ်ရေးကဏ္ဍများတွင်ပါ ရုန်းကန်နေရသည်။
စစ်သားများ သဲအိတ်အရံအတားတည်ဆောက်ပြီး စခန်းချသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၏ တံခါးများသာ ရုံးချိန်တွင် ဖွင့်လှစ်ထားသည်ကို မြင်တွေ့နိုင်ပြီး လုံခြုံရေးမရှိသည့် ရုံးအများစုမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် တံခါးများပင် ရေညှိတက်နေသည်။
ဆက်လက်ဖွင့်ထားသော ရုံးတချို့တွင် ဒလန်ဟု ခေါ်ဆိုကြသည့် စစ်ကောင်စီထောက်ခံသူအများအပြားက တုတ်၊ ဓားများဆောင်ထားပြီး ရုံးထိုင်ကြသည်။ ရုံးရှေ့ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများ ဖြတ်သန်းသွားလာခွင့် မပေးဘဲ ရုံးအရှေ့တွင် သဲအိတ်များ အခိုင်အမာချကာ စစ်ကောင်စီအတွက် အမှုထမ်းနေကြခြင်းမျိုးလည်း ရှိနေသည်။
ပြည်သူလူထုနှင့် အနီးကပ်ရင်ဆိုင်ရသည့် အောက်ခြေယန္တရားဖြစ်သော အုပ်ချုပ်ရေးမှူးရုံးများ ဆက်လက်လည်ပတ်နိုင်ရေးမှာ ယခုမှ ခက်ခဲခြင်း မဟုတ်ပေ။
စစ်တပ်အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်ခဲ့ကြသည်။ အကြမ်းမဖက်သည့် အာဏာဖီဆန်မှုဖြစ်သည့် CDM လှုပ်ရှားမှု အသံကျယ်လောင်လာသည့် လူထုဆန္ဒပြမှု အားကောင်းသည့် ကာလတွင်လည်း အုပ်ချုပ်ရေးမှူးများ အများအပြားနုတ်ထွက်ကြပြန်သည်။
အောက်ခြေအုပ်ချုပ်ရေးနှင့် ပြည်သူများကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ တွင် NLD အစိုးရလက်ထက် ရွေးကောက်ခံအုပ်ချုပ်ရေးမှူးများနေရာတွင် စစ်တပ်လိုလားသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ စစ်တပ်ထောက်ခံသူများနှင့် အစားထိုးကာ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းနိုင်ရန် ကြိုးစားခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ အဖမ်းအဆီးမှာ နေ့စဉ်ရှိနေသည်။ နောက်ပိုင်းတွင် သတ်ဖြတ်မှုက နေ့စဉ်ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားသေဆုံးမှုမှာ ၂၀၇၇ ဦးထက်မနည်း ရှိလာသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဇူလိုင် ၁၂ တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားတို့၏ အဖမ်းအဆီးကို ဟန့်တားရန် ရန်ကုန်တွင် နေထိုင်သူတို့က လမ်းအမည်ဆိုင်းဘုတ်များ၊ အိမ်နံပါတ်များကို ဖယ်ရှားကြသည်။
ဤအခြေအနေတွင် စစ်ကောင်စီတပ်သားတို့က ၎င်းတို့ ဖမ်းဆီးလိုသူထံ ရောက်ရှိရန် ဒေသအကြောင်းသိသော အုပ်ကြီး ခေါ် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကို အားကိုးရလေ့ရှိသည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ထောက်ပြသည်။
“ရပ်ကွက်ထဲမှာ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူက လူစိမ်းဆိုတာ အုပ်ကြီးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပဲ သိတာ။ အာဏာသိမ်းမှ ရောက်လာတဲ့ စစ်တပ်ကကောင်တွေက မသိဘူး’’ ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
“အုပ်ကြီးတွေ အလုပ်မလုပ်မှ လူတွေ အဖမ်းမခံရမှာ၊ အသတ်မခံရမှာ”
ဓမ္မာရုံဆိုတာ သူတို့ခံတပ်ဗျ။ PDF တွေ လာဗုံးဖောက်ရင်လည်း ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်နေပါတယ် ဝါဒကဖြန့်ဦးမှာ။ ဓမ္မာရုံကနေပဲ ဧည့်စာရင်းကိစ္စ ဆက်လုပ်နေကြတာ’’
၎င်းဆိုခဲ့သလို စစ်တပ်၏ မတရားဖမ်းဆီးမှုများတွင် အောက်ခြေအုပ်ချုပ်ရေးအမှုထမ်းများ၏ အရေးပါမှုက အတိုင်းအတာတစ်ခုအထိ ရှိခဲ့သည်။ အာဏာသိမ်းခါစ ရပ်ကွက်အသီးသီးရှိ သပိတ်အင်အားစုများ၏ ခေါင်းဆောင်များ၊ အရေးပါသူများကို ဖမ်းဆီးရာတွင် စစ်ကောင်စီခန့် အုပ်ကြီးများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများက တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သည်။ စစ်ကောင်စီခန့်အုပ်ကြီးက အမြင်မကြည်လင်သည့် NLD ပါတီဝင်များ၊ NLD ထောက်ခံသူများ၊ အုပ်ကြီးဟောင်းများပါ ဖမ်းဆီးစေသဖြင့် အများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
လုပ်ငန်းခွင်နေရာပြောင်းခြင်း
အုပ်ကြီးများ၊ ၎င်းတို့၏လက်ထောက်များ၊ အလိုတော်ရိများ၏သတင်းပေးမှု၊ ဦးဆောင်လမ်းပြမှုကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ များပြားလာသဖြင့် လက်နက်ကိုင်တော်လှန်သူတို့ကလည်း ၎င်းတို့ကို လုပ်ကြံမှု တိုးမြင့်လာရာ စစ်ကောင်စီက လုံခြုံရေးမယူပေးနိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများမှာ ပိတ်ခဲ့ရသည်။ အုပ်ချုပ်ရေးယန္တရားမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဓမ္မာရုံ၊ ဆွမ်းလောင်းအသင်းကဲ့သို့ ဘာသာရေးဆိုင်ရာနေရာများတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရုံးထိုင်ကြသည့် ရပ်ကွက်များ ရှိလာသည်။
ထိုနေရာများမှာ ၎င်းတို့အတွက် လုံခြုံရေးကောင်းသည်ဟု ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်နေထိုင်တစ်ဦးက ဆိုသည်။
“ဓမ္မာရုံဆိုတာ သူတို့ခံတပ်ဗျ။ PDF တွေ လာဗုံးဖောက်ရင်လည်း ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်နေပါတယ် ဝါဒကဖြန့်ဦးမှာ။ ဓမ္မာရုံကနေပဲ ဧည့်စာရင်းကိစ္စ ဆက်လုပ်နေကြတာ’’ ဟု ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်နေထိုင်တစ်ဦးက ဆိုသည်။
NLD အစိုးရလက်ထက်က ဖျက်သိမ်းခဲ့သော ဧည့်စာရင်းဥပဒေကို စစ်တပ်က အာဏာသိမ်းယူပြီး နှစ်ပတ်အကြာတွင် ပြန်လည်အသက်သွင်းခဲ့သည်။
၁၉၈၈ အာဏာသိမ်းယူစဉ် အုပ်ကြီး၊ ရဲနှင့် စစ်သားများ အဟန့်အတားမရှိ အန္တရာယ်ကင်းစွာလှုပ်ရှားနိုင်ခဲ့ရာ ရန်ကုန်ကို ပိုက်စိပ်တိုက် စစ်ခဲ့သည်ဟု အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။
‘’အိမ်တွေစစ်ရင် ခြင်ထောင်ကအစ လှန်စစ်တာ။ အခုခေတ်ကျ ရန်ကုန်ရဲ့ လူဦးရေနဲ့ အိမ်တွေက အများကြီးတိုးလာတာလည်းပါမယ်။ နေရာတိုင်း မစစ်နိုင်ဘူး၊ ဒလန်သတင်းပေးတဲ့ အိမ်လောက်ပဲ ဝင်စစ်တာမျိုး တွေ့ရတယ်” ဟု ၎င်းကဆိုသည်။
အာဏာသိမ်းစစ်တပ်က ပြန်လည်အသက်သွင်းခဲ့သည့် ဧည့်စာရင်းဥပဒေတွင် ဧည့်စာရင်းမတိုင်ကြားပါက ကျပ်တစ်သောင်းထက်မပိုသည့် ဒဏ်ငွေဖြစ်စေ၊ ၇ ရက်ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။
ဧည့်စာရင်းမတိုင်ပါက ငွေသုံးသိန်းပေးဆောင်ရမည်ဟု ရန်ကုန်မှ အုပ်ကြီးအများအပြားက အသံချဲ့စက်နှင့် လိုက်လံကြေညာခဲ့သည်။
“ပထမအုပ်ကြီး ပစ်ခံရလို့ သေပြီးတော့ နောက်အုပ်ကြီးက ရုံးဖွင့်ဖို့ ကြိုးစားသေးတယ်။ သူထိုင်မဲ့ရုံး ဗုံးထပ်ပေါက်တော့ ရပ်ကွက်ထဲမှာ မြင်ချင်လို့တောင် မမြင်ရတော့ဘူး”
ရှားရှားပါးပါး မြန်မာနိုင်ငံတွင်သာ ရှိသော ဧည့်စာရင်းစနစ်သည် ယခင်ကပင် အုပ်ကြီးများအတွက် ငွေရပေါက်ကြီးဖြစ်နေသည်ဟု သာကေတမြို့ခံတစ်ဦးက ထောက်ပြသည်။
“ဧည့်စာရင်းစစ်လို့ ဆန္ဒပြတဲ့သူလည်းမဟုတ်၊ CDM လည်းမဟုတ်၊ တော်လှန်ရေးလည်းမဟုတ်တဲ့သူတွေ မိရင်တောင် ဧည့်စာရင်းမတိုင်တာနဲ့ အနည်းဆုံး ငါးသောင်းကနေ သုံးလေးငါးသိန်းအထိ ပေးပြီး ရဲစခန်းတို့ စစ်တပ်ထိုင်တဲ့ အားကစားရုံတို့မှာ မနက်ဆိုရင် သွားပြန်ရွေးခဲ့ရတယ်။ ဒါတောင် အထုအထောင်းခံရတာက မပါသေးဘူး’’ ဟု အမည်မဖော်လိုသော အဆိုပါအမျိုးသားက ဆိုသည်။
ယခင်ဧည့်စာရင်းစစ်ရာတွင် ရပ်ကျေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် အင်အားအများအပြားနှင့် စစ်သားတချို့ ဆောင်ရွက်ခဲ့သော်လည်း ယခုအာဏာသိမ်းယူပြီးနောက်ပိုင်း ဧည့်စာရင်းစစ်မှုများသည် စစ်တပ်နှင့် ရဲအင်အားအများအပြားသုံးစွဲကာ ဧည့်စာရင်းစစ်နေရသည်။
စစ်တပ်၏ မတရားဖမ်းဆီးမှုများကို ကာကွယ်ရန်၊ စစ်တပ်အုပ်ချုပ်ရေး အသက်ဝင်လာမှု မရှိစေရန် မြေအောက်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရှင်းလင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများမှာ ယခင်ကာလများကကဲ့သို့ ဇောင့်ကြွားကြွားနေထိုင်ခွင့်မရှိတော့ပေ။
ရပ်ကွက်၏ ဧည့်စာရင်းလက်ခံမှုအပါအဝင် အုပ်ချုပ်ရေးကိစ္စရပ်များကို ရာအိမ်မှူး ဆယ်အိမ်မှူးများကိုသာ တာဝန်ပေးထားပြီး ၎င်းတို့မှာ လူမြင်ကွင်းသို့ သိသိသာသာ မထွက်ရဲကြပေ။
“ပထမအုပ်ကြီး ပစ်ခံရလို့ သေပြီးတော့ နောက်အုပ်ကြီးက ရုံးဖွင့်ဖို့ ကြိုးစားသေးတယ်။ သူထိုင်မဲ့ရုံး ဗုံးထပ်ပေါက်တော့ ရပ်ကွက်ထဲမှာ မြင်ချင်လို့တောင် မမြင်ရတော့ဘူး” ဟု ရန်ကုန်မြို့ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။
ဗမာအေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးထွန်းရီသည် ယမန်နှစ် ဇွန်လ ၃ ရက်နေ့က ရပ်ကွက်ထိပ်တွင် ကားပေါ်၌ပင် ပစ်ခတ်ခံရကာ သေဆုံးခဲ့ရသူဖြစ်သည်။
၎င်းနေရာကို ဆက်ခံသူ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူသည် စစ်တပ်၏ လုံခြုံရေးအကူအညီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖွင့်လှစ်ခဲ့သေးသော်လည်း စစ်တပ်လုံခြုံရေးမလာတော့သည့် အချိန်၌ ရုံးတွင် ဗုံးပေါက်ကွဲမှုထပ်ဖြစ်သည့်အခါ ရုံးကို အပြီးပိတ်လိုက်ရတော့သည်။
ယခုအခါ ဗမာအေးရပ်ကွက်တွင် ဧည့်စာရင်းတိုင်လျှင် အုပ်ကြီးရုံးသို့ သွားရောက်ရခြင်း မရှိတော့ဘဲ ရာအိမ်မှူးဆယ်အိမ်မှူးများကသာ ပြုလုပ်ပေးနေသည်။
သတ်ဖြတ်ခံရမှုနှင့် ရင်ဆိုင်နိုင်ရလင့်ကစား ရရှိနိုင်သည့် အခွင့်အလမ်းများကြောင့် အသက်နှင့် လောင်းကြေးထပ်ကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတာဝန်ယူရဲသူများက ရပ်ကွက်တိုင်းတွင် ရှိနေသည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ထောက်ပြသည်။
NLD လက်ထက်မှာ အုပ်ကြီးလုပ်ခဲ့တဲ့လူက အာဏာသိမ်းပြီးတော့ ရုံးလာပြီး သူ့ကို မဖြုတ်ဘဲ ဆက်ခန့်ထားဖို့ သိန်းငါးဆယ်ပေးမယ်ဆိုပြီး ရုံးလာညှိတဲ့ အုပ်ကြီးတောင်ရှိတယ်
“အိမ်ငှားစာချုပ်ချုပ်ရင် ရပ်ကွက်အနေအထားပေါ်လိုက်ပြီး အုပ်ကြီးက ငါးထောင်ကနေ သောင်းဂဏန်းထိ ပိုက်ဆံရတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကလည်း ဝေစားမျှစားကြတယ်။ ဒီတော့ စားရမှာလည်း အဆီတဝင်းဝင်း၊ ပစ်ရမှာလည်း သဲတရှပ်ရှပ်နဲ့ ဆိုပေမဲ့ အာဏာလည်းမက်တော့ အသက်နဲ့ ရင်းလုပ်ကြတာနေမှာ” ဟု သူက သုံးသပ်သည်။
တရားဝင်လစာ ၇၀,၀၀၀၊ ရုံးစရိတ်အတွက် ၅၀,၀၀၀ ရရှိကြသည့် အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်အတွင်း အရောင်းအဝယ်စာချုပ်များ၊ အမှုအခင်းကိစ္စရပ်များ၊ လောင်းကစားဒိုင်များနှင့် ပတ်သက်သည့် တရားမဝင်ရရှိသည့် ဝင်ငွေမှာ သိန်းဆယ်ဂဏန်းခန့်ပင် ရှိနိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစာရေးလုပ်ကိုင်ဖူးသူတစ်ဦးက ဆိုသည်။
“ဧည့်စာရင်းတစ်စောင် ဘယ်လောက်ဆိုပြီးကို တောင်းတာ။ လင်မယားရန်ဖြစ်တာ၊ မူးပြီးရန်ဖြစ်တာမျိုးဆို ရဲစခန်းပို့မယ် ခြိမ်းခြောက်ပြီး ရုံးမှာ ပိုက်ဆံ နင့်နေအောင်တောင်းပြီး ခွင်ဖန်တာ၊ ချဲနှစ်လုံး၊ ဘောလုံးဒိုင်တွေဆို သူတို့ကြိုက်သလောက် လည်ပင်းညှစ်ကြတာပဲ’’ ဟု ၎င်းက ပြောသည်။
အဆိုပါ အခွင့်အရေးများကို ယခင်စစ်အစိုးရခေတ် အုပ်ချုပ်ရေးမှူးလုပ်ဖူးသူများက အရသာတွေ့နေကြပြီး NLD အစိုးရလက်ထက် သူတို့ ဆုံးရှုံးခဲ့သည့် ယင်းအခွင့်အရေးများအတွက် ယခုစစ်အာဏာသိမ်းမှုတွင် ရွှေထီးပြန်ဆောင်းနိုင်ရန် မျှော်လင့်ကာ အသက်နှင့်ရင်းပြီး လုပ်ကိုင်နေကြခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“NLD လက်ထက်မှာ အုပ်ကြီးလုပ်ခဲ့တဲ့လူက အာဏာသိမ်းပြီးတော့ ရုံးလာပြီး သူ့ကို မဖြုတ်ဘဲ ဆက်ခန့်ထားဖို့ သိန်းငါးဆယ်ပေးမယ်ဆိုပြီး ရုံးလာညှိတဲ့ အုပ်ကြီးတောင်ရှိတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးတစ်ဦးက ပြောသည်။
ထိုသူက လာဘ်ပေးရန် ကြိုးစားသော်လည်း အထမမြောက်ခဲ့ဘဲ စစ်ကောင်စီက ကြံခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးကိုသာ ရွေးချယ်ခဲ့သည်ဟု သိရသည်။
တရားမဝင်ရငွေသည် အုပ်ကြီးတို့အတွက် အသက်နှင့်ရင်း လုပ်ဆောင်ရန် မက်လုံးဖြစ်နေသည်သာမက ရုံးအကူအဖြစ် လက်တိုလက်တောင်းလုပ်နေသည့် ရာအိမ်မှူး ဆယ်အိမ်မှူးများကလည်း စစ်ကောင်စီလက်အောက်တွင် လက်ဖျားငွေသီးရန် အခွင့်အရေးရှိနေသည်။
တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်နေထိုင်သူတစ်ဦးကလည်း အလားတူ ပြောသည်။
“ရဲတွေ စစ်သားတွေမပါဘဲနဲ့တောင် တုတ်တွေ ဓားတွေနဲ့ လမ်းမမှာ ဆိုင်ကယ်ဖမ်းပြီး လိုင်စင်မပါတဲ့ဆိုင်ကယ်ဆို ငါးထောင်ကနေ တစ်သောင်း၊ နှစ်သောင်းတောင်းတာ။ ဒီလို ရပ်ကွက်တွေမှာ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် (ယာဉ်မောင်းလိုင်စင်) ဘယ်သူမှ မရှိတော့ သူတို့တောင်းသမျှ ပေးနေကြရတယ်” ဟု လိုင်စင်မဲ့ဆိုင်ကယ်ကို အားထားပြီး အလုပ်လုပ်ကိုင်နေသူ အများစုနေထိုင်သည့် ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှုအောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းတွင် လုပ်ကိုင်နေသူများသည် ပြည်သူလူထုအပေါ် နည်းလမ်းပေါင်းစုံဖြင့် ငွေညှစ်နေကြပြီး ၎င်းတို့ အမြင်မကြည်လင်သည့်သူများကိုလည်း စစ်တပ်ထံ သတင်းပေးကာ ဖမ်းဆီးစေသည့် သတင်းများလည်း မကြာခဏ ထွက်ပေါ်နေသည်။
ရပ်ကွက်လူထုက ၎င်းတို့ကို အလိုမရှိသော်လည်း မတရားဖမ်းဆီးချုပ်နှောင်ခံရမှုမှ လွတ်မြောက်ရန် ဟန်ဆောင်ပြောဆိုဆက်ဆံနေကြရသည်ဟု တောင်ဒဂုံ ၂၂ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“စစ်တပ်ခန့်တဲ့ မောင်ကြီးလို့ခေါ်တဲ့ အုပ်ကြီးတစ်ယောက်ကို PDF တွေ ဝင်ပစ်တော့ မသေဘဲ လွတ်သွားပြီး ရပ်ကွက်ထဲက သူကြည့်မရတဲ့လူတွေ PDF အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်တပ်ကို လိုက်ဖမ်းခိုင်းတယ်။ ရပ်ကွက်ထဲက ဖုန်းဆိုင်ဆို ချိပ်ပါ အပိတ်ခံရတာ။ မောင်ကြီးကတော့ အပစ်ခံရပြီးကတည်းက ဓမ္မာရုံ ဘန်ကာထဲက မထွက်ရဲတော့ဘူး။ သူ အတို့အထောင်လုပ်မှာစိုးလို့ ရပ်ကွက်ထဲကလူတွေလည်း အလိုက်အထိုက်နေနေရတယ်’’ ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ဦးမောင်ကြီး အပါအဝင် ရန်ကုန်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၏ အဓိကတာဝန်တစ်ခုမှာ ရပ်ကွက်အတွင်း ထူးခြားဖြစ်စဉ်များ၊ ဆန့်ကျင်သူတို့၏လှုပ်ရှားမှုဆိုင်ရာ သတင်းများကို အထက်အဆင့်ဆင့်သို့ မဖြစ်မနေ တင်ပြ အစီရင်ခံရခြင်း ဖြစ်သည်။
ဒလန်တွေ အရှင်းခံရတယ်ဆိုရင် လူထုက မသနားဘဲ ပျော်တာ သူတို့လုပ်ရပ်ကြောင့်ပဲ။ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေဆိုတာ ဒလန်ထက်ဆိုးတဲ့ စားဖားတွေ။ သူတို့ သတင်းပေးလို့ လူတွေ အဖမ်းခံ အသတ်ခံနေရတာ
အမြင်မကြည်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရရန် သတင်းမှားပေးသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရန် Myanmar Now က ၎င်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
သခင်အားရ ကျွန်ပါးဝ
အုပ်ချုပ်ရေးမှူးများ တရားမဝင်လုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက မျက်ကွယ်ပြုပေးထားသည့်ပြင် ယခုနှစ် လွတ်လပ်ရေးနေ့က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ကြောင်း ကြေညာခဲ့သည်။
ထုတ်ပြန်သည့် စာရင်းထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၃၇ ဦး၊ ကျေးရွာတာဝန်ခံ ၁၄ ဦး၊ ရာအိမ်မှူး ၁၃၆ ဦး ၊ ဆယ်အိမ်မှူး ၂၂ ဦးတို့ ရဲသူရနှင့် ရဲဗလဘွဲ့များ ရကြသည်။ ထိုအထဲတွင် ပစ်သတ်ခံရသူများလည်း ပါဝင်သည်။
သခင်အားရ ကျွန်ပါးဝဆိုသည့် စကားအတိုင်း အုပ်ကြီးအများအပြားကလည်း လိုအပ်သည်ထက် အာဏာပိုပြနိုင်ရန်၊ အာဏာရှင် စစ်တပ်ထံမှ မျက်နှာကောင်းရစေရန် ကြိုးစားနေသည်။
ဆဲဗင်းဇူလိုင်ဟု လူသိများသည့် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း စစ်တပ်၏အကြမ်းဖက်မှုကြောင့် ကျောင်းသားများ သေဆုံးသည့် နှစ် ၆၀ ပြည့်နေ့တွင် ဆန္ဒပြမည့်သူများကို နှိပ်ကွပ်ရန် စစ်တပ်က အုပ်ချုပ်ရေးမှူးများကို အသုံးချခဲ့သည်။
ရန်ကုန်လူငယ်များ ဆန္ဒပြလေ့ရှိသည့် နေရာများတွင် ဇူလိုင် ၇ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလိုတော်ရိများ ရှိနေသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်ကွက်သစ်ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဆန္ဒပြပွဲဖြစ်လာမည့် အရိပ်အယောင်ကို စောင့်ကြည့်နေသည့် ရာအိမ်မှုး ရဲထွဋ်နှင့် အကူဖြစ်သူ ဇော်ထွန်းတို့ကို သေနတ်သမားတို့က ထိုနေ့တွင်ပင် ပစ်သတ်ခဲ့ကြသည်။
ထိုနေ့က ဆန္ဒပြပွဲမှာ ရန်ကုန်-အင်းစိန်လမ်းမ လှိုင်သုခမှတ်တိုင်အနီး လျှပ်တစ်ပြက် ပြုလုပ်ခဲ့ကြရာ စစ်ကောင်စီတပ်က ချက်ချင်းသိသွားပြီး ပြေးလွှားဆန္ဒပြနေသူတို့ကို ကားနှင့် ဝင်တိုက်ခဲ့သည်။
ထိုနေရာတွင် ဖမ်းဆီးခံရသူ မရှိသော်လည်း ဒဏ်ရာအပြင်းအထန်ရသွားသူတစ်ဦး အနည်းဆုံးရှိသည်။
စစ်ကောင်စီတပ်ကို သတင်းပေးသူမှာ အနီးရှိ လမ်းဘေးလက်ဖက်ရည်ဆိုင်မှ ထိုင်ကာ စောင့်ကြည့်နေသည့် လှိုင် ၁၀ ရပ်ကွက် အုပ်ကြီးနှင့် အပေါင်းအပါများ ဖြစ်သည်ဟု ဆန္ဒပြကျောင်းသားလူငယ်များက Myanmar Now ကို ပြောသည်။
“ဒလန်တွေ အရှင်းခံရတယ်ဆိုရင် လူထုက မသနားဘဲ ပျော်တာ သူတို့လုပ်ရပ်ကြောင့်ပဲ။ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေဆိုတာ ဒလန်ထက်ဆိုးတဲ့ စားဖားတွေ။ သူတို့ သတင်းပေးလို့ လူတွေ အဖမ်းခံ အသတ်ခံနေရတာ” ဟု အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားလူငယ်တစ်ဦးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)