သတင်း

ရန်ကုန်၊ ရေဖြူတို့တွင် ၃ နေရာ တိုက်ခိုက်ခဲ့ဟု နန်းထိုက်အောင်အဖွဲ့ ပြော

ဇူလိုင် ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် စစ်ရေးပစ်မှတ် ၃ ခုကို တိုက်ခိုက်ခဲ့သည်ဟု နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများဖြစ်သည့် ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမပေါ်ရှိ ရဲထောက်ပံ့ရေးဌာန၊ သာကေတမြို့နယ် အမှတ် ၁ ရဲစခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ ဖြစ်သည်ဟု နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး၊ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောသည်။ 

ယမန်နေ့ (ဇူလိုင် ၁၄) နံနက်က မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန၊ ရဲကင်းဘန်ကာတစ်ခုကို ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

“သာကေတကတော့ သေသေချာချာမသိရသေးဘူး။ မြောက်ဒဂုံကတော့ ရဲ ၂ ဦးသေ၊ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး” ဟု ဆိုသည်။ 

ထို့ပြင် ဇူလိုင် ၁၃ ညပိုင်းက တနင်္သာရီတိုင်း၊ ရေဖြူစရဖရုံးကိုလည်း ဖောက်ခွဲခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

“မြို့ပြပြောက်ကျားတွေကတော့ အချိန်ရှိသရွေ့ လှုပ်ရှားနေတာပါပဲ၊ တစ်ခါတလေ အခက်အခဲတချို့ကြောင့် ငြိမ်နေရတာမျိုးကလွဲရင် အမြဲတမ်း လှုပ်ရှားနေမှာပါ” ဟု ၎င်းက ပြောသည်။ 

၂၀၂၁ စက်တင်ဘာ ၇ မှ ၂၀၂၂ ဧပြီ ၇ အထိ စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည့် “ပျံလွှားအောင်” စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ပြီးနောက် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ နေအိမ်အနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နန်းထိုက်အောင်စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအကြာ ဧပြီ ၁၀ တွင် တိုက်ခိုက်ခဲ့သည်။  

စစ်ဆင်ရေးကာလ ၃ လ အတွင်း  ပစ်မှတ် ၉၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀  ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ဆင်ရေးတာဝန်ခံက ပြောသည်။ 

ထိုအချက်အလက်များအပေါ် Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။

ဤအတောအတွင်း စစ်ကောင်စီက ခုခံသူများနှင့် ဆက်စပ်သည်ဟု ၎င်းတို့သံသယရှိသူကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များ သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခြင်း နည်းလမ်းများဖြင့် တုံ့ပြန်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button