
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အခြေစိုက်စခန်းကို စစ်တပ်က ယခုလ ၁၂ ရက်တွင် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ခြေနှင့် ကျွန်းချောင်းဒေသနှစ်ခုပေါင်း PDF အဖွဲ့၏စခန်းကို စစ်တပ်က အင်အား ၂၅၀ ခန့်ဖြင့် မွန်းလွဲပိုင်းတွင် စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။
စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်စီးချိန်တွင် အင်အားချင်းမမျှသဖြင့် စခန်းကို စွန့်ခွာခဲ့ရကြောင်း မြစ်ခြေ-ကျွန်းချောင်း PDF အဖွဲ့တာဝန်ခံ ဦးနဂါးကြီးဆိုသူက ပြောသည်။
“သူတို့က ပုရွက်ဆိတ်အုံလို တက်လာတာ။ ကျွန်တော်တို့က ပြောက်ကျားပဲလေ။ လာရင် မိုင်းဆွဲမယ်။ ဘေးက ပစ်ကူပေးမယ်။ အဲဒီလောက် အများကြီးကျ အော်တိုသေနတ်က အဲဒီလောက် မရှိဘူးလေ။ မိုင်းတွေ အကုန် ဆုံး(ရှုံး) သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
အခြေစိုက်စခန်း ဆုံးရှုံးသည့်ပြင် နေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောင်ငယ် ၂၀၊ လက်လုပ်သေနတ် ၁၀ လက်ကျော်၊ လက်လုပ်လက်နက်ကြီး ၆ ခု၊ မိုင်းပီပါ ငါးလုံး၊ စက်ပစ္စည်းများနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ အပါအဝင် ဖောကား ၅ စီးလည်း သိမ်းဆည်းခံရသည်ဟု သိရသည်။
ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဘက်ကမ်း တန့်ကြည်တောင်ဒေသရှိ ဆိက္ခဝရွာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ပျောက်ဆုံးပြီးနောက် စစ်တပ်က ကျေးရွာများကို လိုက်လံစီးနင်းရင်း PDF စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးမှာ ဇူလိုင် ၇ ရက်က ပခုက္ကူမြို့နယ်၊ ရှားဒူကျေးရွာအနီး ရောက်ရှိလာစဉ် PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည်။
နောက်တစ်ရက်တွင် အင်အား ၁၀၀ ခန့်ရှိ စစ်သားနှင့် ပျူစောထီးများ ရောက်လာပြီး ရှားဒူရွာနှင့် ကပ်လျက်ရှိ စိုင်ဖြူကျေးရွာကို မီးရှို့ခဲ့သည်ဟု ဦးနဂါးကြီးက ပြောသည်။
စစ်ကောင်စီတပ်မှ သုံးပွင့်အဆင့်ရှိ ဗိုလ်တစ်ဦးအပါအဝင် ၅ ဦး ပျောက်ဆုံးနေသည်ဟု ကြားရသော်လည်း ၎င်းတို့ ဖမ်းဆီးထားသည်မှာ တပ်ကြပ်တစ်ဦးတည်းသာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်တပ်က ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းကာ စညောင်ကျေးရွာမှ ဖမ်းဆီးထားသည့် ရွာသားနှစ်ဦးကို လမ်းပြခိုင်းကာ PDF စခန်းကို စီးနင်းခြင်းဖြစ်သည်ဟုလည်း သိရသည်။
“စညောင်းက ရွာသားနှစ်ယောက်က မပြေးနိုင်တော့ မိသွားတယ်။ သူတို့ကို လိုက်ပြခိုင်းတာ။ သေနတ်ထောက်ထားတော့လည်း ပြရတာပေါ့” ဟု ဦးနဂါးကြီးက ပြောသည်။
“စခန်းကတော့ ပြာပဲကျန်တော့တယ်။ ကျွန်တော်တို့ကတော့ လူရှိနေသမျှတော့ တော်လှန်နေမှာပဲ။ တစ်ယောက်တည်း ကျန်ရင်ကို တော်လှန်နေမှာပဲ။ အခက်အခဲတော့ ဖြစ်သွားတာပေါ့”
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ထိုစခန်းကို စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ဓာတ်ပုံများဖြင့် ယနေ့ ထုတ်ပြန်ထားသည်။ ဓာတ်ပုံများတွင် ဆိုလာပြားများ၊ သိမ်းဆည်းရမိ စားနပ်ရိက္ခာများ၊ ယူနီဖောင်းများ၊ လက်နက်များအပြင် သေဆုံးထားသော PDF နှစ်ဦး အုတ်ဂူများ တွေ့ရသည်။
မြစ်ခြေမြို့နှင့် ကျွန်းချောင်းမြို့အခြေစိုက် PDF အဖွဲ့သည် ပြီးခဲ့သည့်လများက တန့်ကြည်တောင်ဒေသ၌ စခန်းချထားသော စစ်ကောင်စီတပ်များကို လမ်းတွင် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)