မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးက ကျေးရွာတစ်ခုမှာ အခွန်မကောက်ဖို့ ကန့်ကွက်တောင်းဆိုခဲ့တဲ့ ဒေသခံပြည်သူ ၈ ဉီးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ က ဖမ်းဆီးထားတာ တစ်လကျော် ကြာနေပြီဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ထဲက ဖမ်းဆီးခံထားရတာဖြစ်ပြီး တစ်လကျော်လာတဲ့အထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။
ပခုက္ကူမြို့ ၊ စက်မှုဇုန် ၁ ပကဖ အဖွဲ့က ပြီးခဲ့တဲ့ဇွန်လအတွင်းက မြစ်ခြေမြို့ရဲ့ အရှေ့တောင်ဘက် ၃မိုင်ကျော်အကွာက အင်ဝိုင်းရွာမှာ အထိုင်ချပြီး ဒေသခံတွေဆီကနေ ကုန်ပစ္စည်းအခွန်ကောက်ခံခဲ့တာပါ။ ဒါကို မကျေနပ်တဲ့ ဒေသခံတွေက ကန့်ကွက်ရာကနေ နှစ်ဖက်တင်းမာမှု ဖြစ်ခဲ့ပါတယ်။
ကန့်ကွက်ခဲ့တဲ့ ဒေသခံ ၁၀ဦးကို စက်မှုဇုန် ၁ ပကဖ အဖွဲ့ရုံးထဲ ခေါ်ယူတွေ့ဆုံပြီး ရိုက်နှက်၊ ဖမ်းဆီးလိုက်တာလို့ ဒီအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
၂ဦးကိုသာ ပြန်လွှတ်ပေးပြီး၊ အမျိုးသမီး ၆ဦးနဲ့ အမျိုးသား ၂ဦးကို ဆက်လက်ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
အခြေအနေ အသေးစိတ်ကို သိရဖို့ စက်မှုဇုန် ၁ ပကဖ အဖွဲ့နဲ့ Myanmar Now က အဆက်အသွယ် မရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြလာတာ၊ တိုင်ကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို သတင်းမီဒီယာမှာ တွေ့ရတာကြောင့် မေးမြန်း၊ စုံစမ်းပြီး ပြန်တင်ပြဖို့ ပကဖအဖွဲ့ကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
ကိုလှိုင်း/ Myanmar Now



