သတင်း

ဖယ်ခုံတိုက်ပွဲတွင် ကရင်နီတပ်များဘက်မှ အသေအပျောက်များ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မြောက်ဘက်ရှိ စစ်ကောင်စီအခြေစိုက်စခန်းနှစ်ခုကို ယမန်နေ့ (ဇူလိုင် ၄) က ကရင်နီပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ အသေအပျောက်များခဲ့ကြောင်း သိရသည်။ 

ဖယ်ခုံမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ကာသဲတောင်နှင့် လွယ်ပတာတောင်များတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရှမ်းပြည်နယ်တော်လှန်ရေးလူငယ်များအင်အားစု (SSRY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၅ နာရီမှစ၍ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး စခန်းသိမ်းမိခါနီးအချိန်တွင် စစ်ကောင်စီဘက်က စစ်ကူရောက်လာသည့်ပြင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း တိုက်ပွဲမှာ ပါဝင်ခဲ့သည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

လွယ်ပသာတောင်နှင့် ကာသဲတောင်တို့မှာ စခန်းတစ်ခုနှင့် တစ်ခု မီတာ ၅၀၀ ခန့် ကွာဝေးပြီး အလယ်တွင် ကွင်းပြင်တစ်ခုသာ ခြားကြောင်း၊ လွယ်ပသာစခန်းကို အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးလေးဦးခန့်သာ ကျန်တော့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စခန်းကုန်းနှစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့် တပ်စွဲထားသည်ဟု ၎င်းထံမှ သိရသည်။​

“သူတို့ သုံးယောက်လေးယောက်ပဲ ကျန်တဲ့အချိန်မှာ သူတို့ စစ်ကူထပ်ရောက်လာတော့ လက်နက်ကြီး အလုံးအရင်းရောက်လာတော့ ကျွန်တော်တို့လည်း ပြန်ဆုတ်ရတော့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာပေါ့” ဟု ထို KNDF တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲတွင် KNDF နှင့် KA တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း၊ ဖယ်ခုံ PDF နှင့် SSRY တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁) မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီးက သုံးလုံးဆက်တိုက် အဲဒီစခန်းမှာ ကျပြီးတော့ ကိုယ့်ရဲဘော်တွေလည်း ထိကုန်တာပေါ့။ ဘာမှ မရလိုက်တော့ဘူး။ ကိုယ့်သေနတ်ပဲ ကိုယ်ပြန်သယ်ရတာပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိ မသိရသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

မိုးဗြဲမြို့နယ်၊ ဝါရီဆူပလိုင်ရွာ (စာသင်ကျောင်းနား) တိုက်ပွဲအပြီး မီးလောင်ထားသော နေအိမ်တစ်လုံးအား ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- PDF Pekon)

ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ဦးကမူ စစ်ကောင်စီဘက်မှ သေဆုံးရုပ်အလောင်း ငါးလောင်းနှင့် ဒဏ်ရာအပြင်းအထန်ရသူ သုံးဦးကို ပို့ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးနှင့် ဒဏ်ရာရ စစ်သားများကို ဆေးရုံပို့ရန် စစ်တပ်က ကားရှိသည့် ရွာသားများကို အတင်းအဓမ္မစေခိုင်းခဲ့ကြောင်း ဆိုသည်။ 

ဖယ်ခုံမြို့ပေါ်ရှိ စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးများဖြင့် ညနေ ၆ နာရီအထိ ပစ်ခတ်ခဲ့ပြီး ယနေ့တွင် ထိုစခန်းကုန်းများကို စစ်တပ်က နေရာပြန်ယူထားပြီဟု သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးမှာ ဆင့်ပွားပေါက်ကွဲသည့်အမျိုးအစားဖြစ်သည်ဟု အထက်ပါဖယ်ခုံ PDF တပ်ဖွဲ့ဝင်က ဆိုသည်။

“လက်နက်ကြီးက တစ်ခါပစ်ရင် နှစ်လုံးကျတယ်။ နီးနီးပဲကျတယ်။ ပေ ၁၀၀ ပတ်လည်မှာ ကျတဲ့ဟာမျိုးပေါ့။ အရင်တုန်းက လက်နက်ကြီးသံစတွေ ထွက်တဲ့ဟာမျိုးက အပေါ်ပဲ စင်တယ်။ အခုဟာက ဖြန့်ပြီး သွားတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့နံနက်တွင် ဖယ်ခုံမြို့မြောက်ဘက်ရှိ ကုံးဆုံကျေးရွာနေ ကိုချစ်ထွေးကို စစ်တပ်က ဖမ်းဆီးကာ နေအိမ်ကိုလည်း မီးရှို့ခဲ့ကြောင်း၊ ထိုရွာမှ အခြားအမျိုးသားနှစ်ဦးကိုလည်း သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး မရှိတဲ့အတွက်ကြောင့် လက်နက်မမျှတဲ့အတွက် ဒီလိုမျိုး ထိခိုက်ရခြင်းဖြစ်တယ်။ အဲဒါလည်း လူထုအားလုံးလည်း ဒီအရေးတော်ပုံမှာ အားမလျှော့ဘဲနဲ့ ဆက်လက်ပံ့ပိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု အထက်ပါ KNDF တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် KNDF တွင် တပ်ဖွဲ့ဝင်အင်အား ၈၀၀၀ ခန့်ရှိသည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ကရင်နီ (ကယား) ပြည်နယ် နယ်မြေများဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဘောလခဲအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များတွင်ပါ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button