သတင်း

အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အလုပ်ထုတ်ခံရဟု YBS ဝန်ထမ်းဟောင်းများပြော

(ရန်ကုန်) — တစ်ရက်တွင် ၁၄ နာရီ အလုပ်လုပ်ရသော်လည်း အချိန်ပိုခံစားခွင့် မပေးသဖြင့် အလုပ်ရှင်ထံ တောင်းဆိုသောအခါ အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်ခံခဲ့ရသည်ဟု ဘက်စုံမြင်ကွင်း (Omni Focus) ကုမ္ပဏီ လက်အောက်ရှိ YBS ၂၀ နှင့် ၈၃ ယာဉ်လိုင်းများမှ လောင်စာဓာတ်ငွေ့ဖြည့် ဝန်ထမ်းများက ပြောသည်။

ရန်ကုန်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်ထုတ်ခံအလုပ်သမားများဘက်က သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဝန်ထမ်း ၁၇ ဦး အလုပ်ထုတ် ခံခဲ့ရသည်ဟု ထို ရှင်းလင်းပွဲတွင် ပြောသည်။

၎င်းတို့သည် ညနေ ၅ နာရီမှ မနက် ၇ နာရီထိ အလုပ်လုပ်ရပြီး ယာဉ်အစီးရေ ၁ဝဝ ကျော်ကို ဝန်ထမ်း ၃၆ ဦးက ညပိုင်း ကားသိမ်းချိန်တွင် ဓာတ်ငွေ့ဆိုင်သို့ မောင်းသွားကာ ဓာတ်ငွေ့ပြန်ဖြည့်ပေးရကြောင်း၊ လစာမှာ ကျပ်သုံးသိန်း ဖြစ်ကြောင်း၊ အလုပ်ထုတ်ပြီး နစ်နာကြေးအဖြစ် တစ်လစာ ပေးရမည့်အစား ကျပ် ၁၂ဝ,ဝဝဝ သာ ကရုဏာကြေးအဖြစ် ရရှိကြောင်း၊ အချိန်ပိုဆင်းခဲ့သည့် နာရီများအတွက် အချိန်ပိုကြေး မပေးဘဲ တိုင်ချင်ရာ တိုင်နိုင်သည်ဟု ပြောကြောင်း အဆိုပါ အလုပ်ထုတ်ခံအလုပ်သမားများက ဆိုသည်။

“အလုပ်ချိန် သတ်မှတ်ခိုင်းတာရယ်၊ သမဂ္ဂဖွဲ့ဖို့ ဦးဆောင်ပြီးလုပ်တာရယ်ကြောင့် အလုပ်ထုတ်တာပါ။ ဒါပေမဲ့ အပြစ်ရှာတော့ အခြားအကြောင်းတွေနဲ့ ရှာပြီး ထုတ်တယ်။ ပြန်မေးခွန်းထုတ်တော့ မဖြေကြဘူး”ဟု အဆိုပါကုမ္ပဏီမှ အလုပ်ထုတ်ခံခဲ့ရသည့် ဓာတ်ငွေ့ဖြည့်ဝန်ထမ်း ဦးစိုးသိန်းက ပြောသည်။

၎င်းတို့သည် အခြားသောဝန်ထမ်းများနဲ့ လိုက်လျောညီထွေ မရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြိုးစားအားထုတ်မှု မရှိခြင်း၊ ကုမ္ပဏီစည်းမျဉ်းစည်းကမ်းများ လိုက်နာမှု မရှိခြင်းတို႔ကြောင့် အလုပ်မှထုတ်ကြောင်း ကုမ္ပဏီဘက်က အကြောင်းပြသည်ဟု ဦးစိုးသိန်းက ပြောသည်။ တိတိကျကျ သိရရန် ပြန်မေးသော်လည်း ကုမ္ပဏီဘက်က ပြန်မဖြေဟု ၎င်းက ဆိုသည်။

တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီထက်ပိုသော နာရီများအတွက် အချိန်ပိုကြေးနှင့် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်သည့်အတွက် လုပ်ခလစာ တစ်လစာ နစ်နာကြေးများ အလိုရှိသည်ဟု ဓာတ်ငွေ့ဖြည့်ဝန်ထမ်း ကိုငြိမ်းချမ်းဇော်က ပြောသည်။

ယင်းသို့ အလုပ်ထုတ်ခံရပြီးနောက် အလုပ်သမား ၁၇ ဦးမှာ မိမိတို့ရပိုင်ခွင့်ရှိသော အချိန်ပိုကြေးနှင့် လုပ်သက်ခွင့်အတွက် ငွေကြေးခံစားခွင့်များကို ဥပဒေနှင့်အညီ တောင်းဆိုခဲ့ရာ အမြန်ဆုံးထုတ်ပေးရန် သုံးကြိမ်တိုင်တိုင် အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ကုမ္ပဏီကို အကြောင်းကြားသော်လည်း ကုမ္ပဏီက မလိုက်နာသဖြင့် သတင်းစာရှင်းလင်းပွဲ လုပ်ရသည်ဟု ပြောသည်။

ယခု နှစ်လတာအတွင်း YBS ၂၀ နှင့် ၈၃ ယာဉ်လိုင်းများလက်အောက်ရှိ အလုပ်ထုတ်ခံရသည့် အလုပ်သမား စုစုပေါင်း ၂၅ ဦး ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အားလုံးမှာ ကြီးလေးသည့်ပြစ်မှုများ တစ်ဦးမျှ ကျူးလွန်ခြင်း မရှိကြောင်း ၎င်းတို့ကို အကျိုးဆောင်ပေးနေသည့် ခုံသမာဓိ(အလုပ်သမားကိုယ်စားလှယ် ) ဦးမောင်မောင်ဟန်က ပြောသည်။

“ဥပဒေပါအခွင့်အရေးအရ ဆိုရင် နို့တစ်ကြေး တစ်လစာပေးရမယ့်နေရာမှာ ကရုဏာကြေးဆိုပြီး ခေါင်းစဉ်တပ်ပြီး သုံးချိုးတစ်ချိုးပဲ ပေးတယ်။ အမှန်တကယ်ကို အလုပ်သမားတွေဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

Omni Focus (ဘက်စုံမြင်ကွင်း) ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးကမူ ၎င်းဝန်ထမ်းများသည် စည်းကမ်း မလိုက်နာသဖြင့် အလုပ်ထုတ်ရခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ယာဉ်လိုင်များတွင် အချိန်ပိုကြေး သတ်မှတ်ထားခြင်းမရှိကြောင်း Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ဆီမှာ OT (အချိန်ပို) ကြေးဆိုတာ အစကတည်းက မရှိခဲ့ပါဘူး။ အခုလက်ရှိ လုပ်နေကြတဲ့ ယာဉ်မောင်းတွေမှာလည်း OT ကြေးဆိုတာ မရှိပါဘူး။ သူတို့ဟာ သူတို့ ဘယ်လိုလျှောက်ပြောနေတာလဲ ကျွန်တော်တို့ နားမလည် ပါဘူး” ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်က ပြောသည်။

ထိုဝန်ထမ်းများသည် ညဆိုင်းဆင်းသည့် ဝန်ထမ်းများ ဖြစ်ကြောင်း၊ ဓာတ်ငွေ့ဆိုင်တွင် ကားတန်းစီနေချိန်တွင် ကားအဲကွန်းဖွင့်ကာ အိပ်စက်ခြင်း၊ မိမိယာဉ် အလှည့်ကျချိန်တွင် ဓာတ်ငွေ့မဖြည့်ဘဲ နောက်ယာဉ်ကို အလှည့်ပေးပြီး အနားအယူခြင်း စသည်တို့ကို ကျူးလွန်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ထုတ်ထားတဲ့ ကုမ္ပဏီစည်းကမ်းတွေကို လိုက်နာခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာ နစ်နာကြေး ပေးပြီး ထုတ်ခဲ့တာပါ” ဟု ၎င်းက ဆက်ပြောသည်။

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ခရိုင်စစ်ဆေးရေးမှူး ဦးချစ်ပေါ ကိုယ်တိုင် သုံးကြိမ်တိုင်တိုင် လာရောက် ညှိနှိုင်းခဲ့ခြင်းမှာ ညှိနှိုင်းခြင်းနှင့်မတူဘဲ “အလုပ်သမားဘက်က ရပ်တည်ပြီး ပေးလိုက် ပေးလိုက် ဆိုပြီး အာဏာရှင်ဆန်ဆန် ပေးခိုင်းတာ။ ကျွန်တော်တို့ဘက်ကလည်း မပေးနိုင်ကြောင်း ရှင်းပြတယ်။ ဒါကို အလုပ်သမားအခွင့်အရေး ချိုးဖောက်တယ် ဆိုလည်း အဆုံးထိ ရင်ဆိုင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ဘက်စုံမြင်ကွင်း Omni Focusကုမ္ပဏီသည် ဦးနေဝင်း၏ မြေးများဖြစ်သည့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး YBS ၂၀၊ ၅၆၊ ၈၃၊ ၉၈၊ ၉၉ နှင့် လေဆိပ်ကြိုပို့ယာဉ် (airport shuttle) ယာဉ်လိုင်းများ ကို တာဝန်ယူ ပြေးဆွဲပေးနေသည်။

Show More

Related Articles

Back to top button