
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် မီးလောင်ထားသည့် ရုပ်အလောင်း အချို့ကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပျောက်ဆုံးသွားသူတို့၏ ကံကြမ္မာကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ရွာသား ၅ ဦးသည် ယခုလ ၁၉ ရက်နေ့ကတည်းက သီးခြားစီ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား နောက်ဆုံးတွေ့ရှိခဲ့သည့် မြောက်ဦးမြို့နယ် ရန်အောင်ပြင်ရွာအနီးတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း ၃ ခုကို ဖေဖော်ဝါရီ ၂၀ တွင် ရှာဖွေတွေ့ရှိခဲ့သည်။
မည်သူမည်ဝါမှန်း မခန့်မှန်းနိုင်လောက်အောင် ပုံပျက်နေသည့် ရုပ်အလောင်းများသည် ပျောက်ဆုံးသွားသူတို့၏ ရုပ်အလောင်း ဟုတ်မဟုတ် အတည်မပြုနိုင်သေးသော်လည်း ၎င်းတို့အထဲမှ တချို့ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။
ပျောက်ဆုံးသွားသူများထဲတွင် ရန်အောင်ပြင်ကျေးရွာမှ ၁ ဦး နှင့် ကျားနင်းကန်ရွာမှ ၄ ဦးတို့ ပါဝင်ကြောင်း ဒေသခံတို့ကပြောသည်။
ပျောက်ဆုံးနေသူ ၅ ဦးအနက်မှ တစ်ဦးဖြစ်သည့် အသက် ၆၅ နှစ်အရွယ် ဦးထွန်းလှရွှေ သည် ဖေဖော်ဝါရီ ၁၉ နံနက်ပိုင်းတွင် ရွာမှ စိုက်ခင်းသို့ ထွက်ခွာသွားကြောင်း၊ ထွက်ခွာသွားပြီး မရှေးမနှောင်းတွင် သေနတ်သံများကြားရကြောင်း သူ၏ သား ကိုစံလွင်က ပြောသည်။
နောက်တစ်ရက်အကြာတွင် တွေ့ရှိသည့် ရုပ်အလောင်းများအနီးတွင် ဖခင်၏ အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းအချို့တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။
ဦးထွန်းလှရွှေ ပျောက်ဆုံးသွားသည့် တစ်ရက်ထဲတွင် ကျားနင်းကန်ရွာတွင်လည်း ပျောက်ဆုံးမှု ရှိသည်ဟု သိရသည်။
ရွာသား ၄ ဦး ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက သတင်းပို့ခဲ့သည်ဟု ရန်အောင်ပြင်ရွာအနီးရှိ ကျားနင်းကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်ယဉ်က ပြောသည်။
ဒေသခံ ၅ ဦးပျောက်ဆုံးနေခြင်းသည် တပ်မတော်၏ လက်ချက်ဖြစ်ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရ အရာရှိ ခိုင်သုခက စွပ်စွဲခဲ့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယင်းစွပ်စွဲချက်ကို ပယ်ချခဲ့သည်။
“အဲဒီမှာ ဖမ်းဆီးတာတော့လုံးဝမရှိဘူးဗျ။ အဲဒါတော့ ကျွန်တော်ပြောနိုင်တယ် ” ဟု ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက Myanmar Now ကို ပြောသည်။
အခင်းဖြစ်ပွားရာ ဒေသသို့ လွှတ်တော်ကိုယ်စားလှယ်များ လာမည့်ရက်ပိုင်းအတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး ရွာသားများ ပျောက်ဆုံးနေရသည့် အမှုမှန်ပေါ်အောင် ကူညီရန် ပြင်ဆင်နေကြောင်း မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထွန်းသာစိန်က ပြောသည်။