သတင်း

စစ်ကိုင်းတွင် သတင်းထောက်ဟောင်းတစ်ဦး အဖမ်းခံရ

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၆ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသည့်အတွက် စိုးရိမ်နေကြရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

 ဇွန် ၁၁ နေ့လယ်တွင် စစ်ကောင်စီတပ်သား အများအပြားက သူ့ကို ဖမ်းသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဖမ်းသွားတာပဲ သိရတယ်။ နေအိမ်ကို လာဖမ်းတာ။ ဘာ့ကြောင့်လဲ မသိရဘူး။ အဆက်အသွယ်လည်း မရကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

“ကိုကိုရွှေမင်းဝံ” ကလောင်အမည်ဖြင့် ပုဂ္ဂလိကသတင်းစာတိုက်များအတွက် လုပ်ကိုင်ခဲ့ဖူးသည့် ၄၂ နှစ်အရွယ် ကိုရဲနိုင်ဆွေသည် အာဏာသိမ်းမှုမတိုင်မီကတည်းက ကျောက်လုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သူက သတင်းထောက်မလုပ်တော့တာလည်း နှစ်တွေကြာပြီ။ အဲဒီနောက် ကျောက်ပုတီးလုပ်ငန်း လုပ်နေတာ။ ဘာဖြစ်လို့ဖမ်းတယ်ကို မသိရဘူး” ဟု ၎င်းက ဆိုသည်။

ကိုရဲနိုင်ဆွေသည် စစ်ကောင်စီက အလိုရှိနေသူ ဇေယျာတိုင်းမ်သတင်းဌာန၏အယ်ဒီတာချုပ် ကိုစောရန်ပိုင်၏ အစ်ကိုတော်စပ်သူဖြစ်သည့်အတွက် ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။

ပတ်ဝန်းကျင်မြင်ကွင်းကို Facebook တွင် ရေးလျှင်ပင် ထောင်ကျနိုင်သည့် အခြေအနေဖြစ်နေသည်ဟု ဟု စစ်ကိုင်းမြို့ခံနောက်တစ်ဦးက ဆိုသည်။

“Facebook ကနေ သူတို့ တပ်တည်၊ တပ်လှုပ်ရှားမှု ရေးတင်တောင် PDF သတင်းပေးပါတယ် စွပ်စွဲဖမ်းနေတဲ့ စစ်ကိုင်း။ သတင်းသမားကတော့ သတင်းအလုပ် လုပ်လုပ်မလုပ်လုပ် ဆွဲဖမ်းထိန်းနေတာ” ဟု သူက ပြောသည်။ 

“သာမာန်ပြည်သူတောင် ဖမ်းခံနေရတယ်။ သူတို့ မိုင်းခဏခဏဆွဲခံရပြီး အထိနာနေလို့ လုပ်တယ်ပဲ ထင်ပါတယ်”  

ကိုရဲနိုင်ဆွေ၏ညီဖြစ်သူ ဇေယျာတိုင်းမ်အယ်ဒီတာချုပ်ကလည်း သူ၏ အစ်ကို ဖမ်းဆီးခံရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးဟု ပြောသည်။

“ကျွန်တော်က မိသားစုနဲ့လည်း အဆက်အသွယ်မရတာ တစ်နှစ်ကျော်ကြာပြီ။ အစ်ကိုဖမ်းခံရတာကိုလည်း တစ်နေ့ကမှ မိတ်ဆွေတစ်ယောက် လာပြောလို့ သိရတာ” ဟု ကိုစောရန်ပိုင်က ဆိုသည်။

“ကျွန်တော့်ကို မမိလို့ ဓားစာခံလုပ်ဖမ်းတာပဲ ဖြစ်နိုင်တယ်။ အစ်ကိုက သူတို့နဲ့ ဘာမှ ငြိစွန်းတာမရှိဘူး” 

ဇန်နဝါရီ ၆ တွင်လည်း ဇေယျာတိုင်းမ်သတင်းဌာန၏ ဒုအယ်ဒီတာဟောင်း ကိုပြည့်ဖြိုးအောင်၊ သတင်းထောက်ဟောင်း ကိုမြင့်မြတ်အောင် (ခေါ်) ကိုဒီမြတ်ငြိမ်းတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ဖမ်းပြီး ၆ လအကြာတွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် ထိုသို့ ထောင်ချခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါသတင်းဌာနမှ ကိုငြိမ်းဇော်လင်း၊ သတင်းထောက် ကိုဝဏ္ဏအောင်၊ အယ်ဒီတာချုပ် ကိုစောရန်ပိုင်တို့ကိုလည်း ပုဒ်မ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခဲ့သည်။

ဇေယျာတိုင်းမ်သတင်းဌာနသည် အာဏာသိမ်းစစ်ကောင်စီဟု သုံးနှုန်းသည်၊ CRPH, NUG တို့၏ သတင်းများကို ဖော်ပြသည်ဟု Myanmar Now က ဖတ်ရှုခွင့်ရသော တိုင်ချက်တွင် ဖော်ပြထားပြီး စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ ဒုရဲမှူး ဝင်းဇော်မိုးဆိုသူက တရားလိုပြုလုပ် တိုင်ကြားထားသည်ကို တွေ့ရသည်။

ဇေယျာတိုင်းမ်သည် စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်ကတည်းက သတင်းလုပ်ငန်းများ ရပ်နားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကိုင်းမြို့မှ သတင်းစာဆရာဟောင်းတစ်ဦးဖြစ်သူ အသက် ၇၀ ကျော်အရွယ် ဦးကြည်အောင်ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။

ကိုရဲနိုင်ဆွေ အပါအဝင် သတင်းသမားဟောင်းများကိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရေးအတွက် Myanmar Now က စစ်ကိုင်းမြို့မရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီ၏ပြောခွင့်ရသူကမူ သတင်းလုပ်ငန်းလုပ်ကိုင်သဖြင့် ဖမ်းထားသူ မရှိကြောင်း၊ ဥပဒေချိုးဖောက်သူကို အရေးယူကြောင်း တုံ့ပြန်လေ့ရှိသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် သတင်းသမားအများအပြား ဖမ်းဆီးနှိပ်စက်ခံနေရပြီး အများစုမှာ တိမ်းရှောင်နေကြရသည်။ 

ပိတ်ပင်ကန့်သတ်ချက်များအောက်တွင် စစ်ကောင်စီ ငြိုငြင်မှုမရှိစေရန် တင်ဆက်နိုင်သည့် သတင်းသမားသာ သတင်းလုပ်ငန်းကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နိုင်သည်ဟု တိမ်းရှောင်နေရသည့် အထက်မြန်မာပြည်သတင်းထောက်တစ်ဦးက ဆိုသည်။

“သတင်းလွပ်လပ်ခွင့်က မြင်တဲ့အတိုင်းပဲ။ သူတို့ အာဏာလုယူပြီးကတည်းက တိုင်းပြည်လည်း ဆုတ်ယုတ်လို့ အောက်ဆုံးအခြေအနေပါပဲ” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button