သတင်း

PDF ထောက်ခံသည့်ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားရန် ပျူစောထီးဘုန်းကြီးကြုံးဝါး

“ရွာတွေရပ်တွေမှာလည်း PDF ကို ထောက်ပံ့တာတွေရှိတယ်။…နယ်မြေခံတွေဆိုတော့ ကောင်းကောင်းသိတာပေါ့။ ထောက်ပံ့တာမှန်ခဲ့ရင် အဲဒီရွာတွေကိုလည်း သင်ခန်းစာပေးသင့်ပါတယ်။ မြန်မာပြည်မြေပုံက ဖျောက်သင့်ပါတယ်။ ဒါ အမြစ်ဖြတ်ဖို့တစ်ခုပေါ့” ဟု မာန်ပါပါပြောနေသူမှာ အဝါရောင်သင်္ကန်းဝတ် လူလတ်ပိုင်းအရွယ် ဘုန်းကြီးတစ်ပါးဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွာတစ်ရွာမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးဝါသဝက စစ်တပ်ထောက်ခံအားပေးသည့် မီဒီယာတစ်ခုကို အင်တာဗျူးဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်နေသော မြန်မာနိုင်ငံအနောက်မြောက်ဘက် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကို ထောက်ခံသည့်ဘက်က လှုပ်ရှားနေသူလည်းဖြစ်သည်။

စစ်ကောင်စီကို လက်နက်ကိုင် ခုခံနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို တန်ပြန်တိုက်ခိုက်ရန် ထိုဘုန်းကြီး၏ ဟောပြောချက်ရုပ်သံများကို ယခုရက်ပိုင်းအတွင်း စစ်တပ်အားပေးမီဒီယာတစ်ခုက လူမှုကွန်ရက်တွင် ဆက်တိုက်တင်ပေးလျက်ရှိသည်။​

ရုပ်သံဖိုင်တစ်ခုတွင် ထိုသင်္ကန်းဝတ်ဘုန်းကြီးက အင်အား ၅၀ ကျော်ခန့်ရှိ သေနတ်ကိုင်လူတစ်စုကို အသံမာမာဖြင့် စစ်ထွက်မိန့်ခွန်းဆန်ဆန် ပြောဆိုနေသည်။ 

“ဒီစစ်ရေးစစ်ရာနဲ့ ပတ်သက်လို့၊ ပြည်သူ့စစ်နဲ့ ပတ်သက်လို့၊ လက်နက်ကိစ္စနဲ့ ပတ်သက်လို့ ဒီဘက်မှာ ဆရာတော်တို့ လက်နက်တွေ အကုန်ထုတ်ပေးထားတယ်။ ကျည်ဆန်တွေရော” ဟု ထိုဘုန်းကြီးပြောစဉ် ယူနီဖောင်းဝတ်ပုဂ္ဂိုလ်များက ငြိမ်သက်နားထောင်လျက်ရှိသည်။​

စစ်ယူနီဖောင်းဝတ် ထိုလက်နက်ကိုင်များမှာ စစ်ကိုင်းတိုင်းအတွင်း PDF များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီအစီအမံဖြင့် တိုးချဲ့ဖွဲ့စည်းနေသော ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်။ အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ပြည်သူ့စစ်ဟု ရည်ညွှန်းသည်။

တန်းစီရပ်နေသော လက်နက်ကိုင်များကို မှာတမ်းခြွေရာ၌ PDF များကို တန်ပြန်တိုက်ခိုက်ရန် စစ်တပ်အကူအညီဖြင့် ၎င်းကိုယ်တိုင်ဦးစီး၍ ပြည်သူ့စစ်များကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ လက်နက်တပ်ဆင်ပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။ 

ပျူစောထီးအဖွဲ့ကို စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အစွန်းရောက် ဘာသာရေးသမားဖြစ်သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သူများဖြင့် ဦးဆောင်ဖွဲ့စည်းလေ့ရှိသည်။ 

PDF များကို ရိက္ခာဖြတ်တောက်နိုင်ရန် လမ်းကြောင်းများ ပိတ်ဆို့ခြင်းအပြင် သဖန်းဆိပ်ဆည်၊ ကင်းတပ်ဆည်နှင့် မူးမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေကျင်စက်များ၊ ရေနံမှော်များကိုလည်း ဖျက်ဆီးရှင်းလင်းသင့်သည်ဟုလည်း စစ်တပ်အားပေးမီဒီယာနှင့် အင်တာဗျူးတွင် ဦးဝါသဝက ဆိုသည်။​

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ မှော်တောရွာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးဝါသဝသည် ဒေဒေသခံများအကြား မဘသဆရာတော်တစ်ပါးအဖြစ် လူသိများသည်။ လွန်ခဲ့သော ငါးနှစ်ဝန်းကျင်မှစ၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသူလည်း ဖြစ်သည်။ 

အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် အိမ် ၅၀ သာရှိသော ရွာတွင် ကျောင်းထိုင်ရာမှ “ငါးရာ့ငါးဆယ်” ဆရာတော်ဟု အမည်တွင်ခြင်းဖြစ်သည်ဟု ဇွန် ၁၃ ရက်က Myanmar Now နှင့် မေးမြန်းခန်းတွင် ဦးဝါသဝက သူ့အမည်အကြောင်း ရှင်းပြသည်။ 

PDF ထောက်ခံသော ရွာများကို မြန်မာပြည်မြေပုံမှ ဖယ်ရှားရမည်ဆိုသော ရုပ်သံဖိုင်ပါ ပြောဆိုချက်နှင့် ပတ်သက်၍မူ ဦးဝါသဝက လှီးလွှဲဖြေဆိုသည်။ ကောင်းစေချင်သော စေတနာဖြင့် ပြောဆိုမိခြင်းဖြစ်သည်ဟု အကြောင်းပြသည်။ 

“ဒေါသမေတ္တာပါ။ ဒါယကာ၊ ဒါယိကာမတွေကို ကောင်းစေချင်တာ၊ လိမ်လိမ်မာမာနဲ့ နေစေချင်တာ။ PDF တွေလည်း ကိုယ့်တိုင်းရင်းသားတွေပဲ” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးဝါသဝက တုံ့ပြန်သည်။ 

ထို့ပြင် ဒေသခံ PDF များက ရွာများကို မီးရှို့ကာ စစ်တပ်ကို လွှဲချခြင်းဖြစ်ကြောင်းလည်း ဦးဝါသဝက ပြောဆိုသည်။ 

ဒေသခံ ကာကွယ်ရေးအဖွဲ့များအနေဖြင့် ဦးဝါသဝစွပ်စွဲသလို စစ်ကောင်စီသတင်းပေးများ၊ ထောက်ခံသူများ၏ နေအိမ်များကို မီးရှို့ခြင်းမရှိသည့်နည်းတူ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းလည်း မရှိကြောင်း ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက တုံ့ပြန်သည်။

စစ်ကိုင်းတိုင်းရှိ ရွာများကို ပျူစောထီးများအပါအဝင် စစ်တပ်က ဦးဆောင်ကာ မြေလှန်မီးရှို့နေခြင်း ဖြစ်ကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုထားရာ ဦးဝါသဝ၏ မြန်မာပြည်မြေပုံပေါ်မှ ဖယ်ရှားပစ်ရမည်ဆိုသော အချက်နှင့် ကိုက်ညီနေသည်။ 

စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းအင်အားဖြင့် လပေါင်းများစွာ အပြင်းအထန် လိုက်လံတိုက်ခိုက်နေသော်လည်း ဒေသခံ PDF အဖွဲ့ များအားကောင်းရာ စစ်ကိုင်းတိုင်းကို ကောင်စွာထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ 

အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် ၁၈,၀၀၀ ကျော် ပျက်စီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ကာ အိမ်ခြေ ၁၃,၀၀၀ ကျော်ရှိကြောင်း ထိုအချက်အလက်များ စာရင်းပြုစုနေသော Data for Myanmar အဖွဲ့၏ ယခု လ ၇ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် စစ်ကိုင်းတိုင်းအတွင်း ထောင်နှင့်သောင်းနှင့်ချီသော ဒေသခံများ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ကို ဦးဝါသဝက အထူးတလည်မိန့်ဆိုခြင်း မရှိပေ။

သို့သော် တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနှင့် ခင်ဦးမြို့နယ်တို့တွင် PDF များရန်ကြောင့် ရပ်ရွာတွင် မနေရဲသူ ၅၉၅ ဦးကို ၎င်းကျောင်းထိုင်ရာ မှော်တောရွာတွင် လက်ခံထားသည်ဟု ဆိုသည်။ 

ဦးဝါသဝသည် ရပ်ရွာကာကွယ်ရေးဆိုကာ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ကျေးရွာများကို လိုက်လံဟောပြောလျက်ရှိသည်။ ဇွန် ၁၁ ရက်က လူမှုကွန်ရက်ပေါ် ရောက်လာသော ရုပ်သံဖိုင်တွင် ကန့်ဘလူမြို့နယ် အင်ဘတ်တောရွာ၌ ဦးဝါသဝက ပြည်သူ့စစ်ဖွဲ့ရန် ဟောပြောစည်းရုံးနေသည်။ 

“ပြည်သူ့စစ် သင်တန်းတက်ပါ၊ စာရင်းပေး… ခင်ဗျားတို့ မတက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မတက်ရင် ခင်ဗျားတို့ အကြမ်းဖက်ဘက်က နေချင်တာပဲ” ဟု အမျိုးသား၊ အမျိုးသမီး ၁၀၀ နီးပါးကို ဦးဝါသဝက အားပါပါ ဟောပြေနေသည်။ လုံခြုံရေးယူပေးထားသူများတွင် လက်နက်ကိုင်စစ်သားများ ပါဝင်သည်ကို တွေ့ရသည်။ 

“ခင်ဗျားတို့ (ကျောင်းတွေ) ဖွင့်ကြ။ ပြည်သူ့စစ်လည်း တက်ရမယ်။ သင်တန်းတက်၊ လက်နက်ကို တရားဝင်တပ်ဆင်ပေးမယ်။ ဥပဒေဘောင်ထဲက။ သူများကို သွားမလုပ်နဲ့။ ကိုယ့်ရွာလေးကို ကာကွယ်” ဟု ဦးဝါသဝက အားတက်သရော ဟောပြောနေသည်။

ဦးဝါသဝ၏ ဟောပြောချက်ရုပ်သံမှတ်တမ်းများနှင့်အတူ ဇွန် ၁၂ ရက် လူမှုကွန်ရက်ပေါ် ရောက်လာသော ရုပ်သံတစ်ခုလည်း ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူ ၁၀၀ ခန့်ကို ပြည်သူ့စစ်သင်တန်းပေးနေသည်ကို တွေ့ရသည်။ လက်မောင်းတံဆိပ်အရ တင့်ကားတပ်ရင်းမှ ဗိုလ်အဆင့်ရှိသူတစ်ဦးက ဦးဆောင်သင်တန်းပေးနေခြင်းဖြစ်သည်။ 

တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်ကြား မူးမြစ်တစ်ဝိုက်ရှိ ကျွန်းလည်ရွာ၊ မူးတိမ်၊ မူးခွ၊ ဘေရင်း၊ မှော်တောရွာ၊ တောက္ကရှပ် စသည့်ရွာများ၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းရှိ သံဘို၊ ဘိုကုန်း၊ တကုန်း၊ ကုက္ကိုကုန်းတို့မှာ  ပျူစောထီးအားကောင်းရာ နေရာများဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် စသည့် မြို့နယ်သုံးခုတွင် ပြည်သူ့စစ်အင်အား ၄၀၀၀ ဝန်းကျင်ရှိကြောင်းလည်း ဦးဝါသဝကိုယ်တိုင်က Myanmar Now ကို ပြောသည်။ 

ကန့်ဘလူနှင့် ကျွန်းလှမြို့နယ် ပါဝင်သော ကန့်ဘလူခရိုင်အတွင်း တိုက်နယ် ၆ ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားကြောင်း ကန့်ဘလူ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“လက်နက်အပြည့်အစုံနဲ့ ပျူရွာက များတယ်ဗျ။ ဇီးကုန်းမှာ လက်နက်အပြည့်အစုံတပ်ပေးထားတယ်။ ထန်းကုန်းနဲ့ မှော်တောရောပေါ့။ လက်နက်တပ်ဆင်ပေးတာကတော့ တစ်ရွာနဲ့ တစ်ရွာ မတူဘူးပေါ့။ အကုန်လုံးတပ်ဆင်ပေးတာရှိသလို တချို့တစ်ဝက်တပ်ဆင်ပေးတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့် ရဲကို အထောက်အကူပြုနိုင်ရန် ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က အာဏာသိမ်းခေါင်းဆောင်ကို တင်ပြခဲ့သည့် အစည်းအဝေးမှတ်တမ်းတစ်ခု ဖေဖော်ဝါရီလအတွင်းက ပေါက်ကြားခဲ့သည်။​

စစ်ကောင်စီက ကျေးရွာများအလိုက် ပြည်သူ့စစ်ဖွဲ့စည်းနေခြင်းမှာ ပြည်သူအချင်းချင်း ရန်တိုက်ပေးသည့် လုပ်ရပ်သာဖြစ်ကြောင်း ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သုံးသပ် သည်။​

“အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတဲ့ သဘောမျိုးပဲဗျ။ ကျွန်တော်တို့က လူတစ်ဦးတစ်ယောက်ကို တော်လှန်တာလည်း မဟုတ်ဘူး။ အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ အာဏာရှင်စနစ်ကို အမြစ်ဆွဲအောင်၊ ရှည်ကြာအောင် သူတို့လက်ထဲရောက်အောင် ပြည်သူအချင်းချင်း လုပ်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button